အာရှအများဆုံး မူးယစ်ဆေးဝါးများ၏ သံသယတရားခံအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် ကုလားတန် မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေး ကုမ္ပဏီ ဒါရိုက်တာ မင်းဦးခိုင်၏ နေအိမ်တွင် စိတ်ကြွဆေးပြား ၄ သန်းနီးပါး ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၆ ရက် နေ့လည် ၂ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့နှင့် နယ်မြေခံရဲတပ်ဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) ရှိ မင်းဦးခိုင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ WY စိတ်ကြွဆေးပြား ၃၈၂၅၀၀၀ ပြား (ကာလတန်ဖိုး ကျပ်သိန်း ၁၉၁၂၅၀) ကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ် ဖမ်းဆီးတွေ့ရှိမှုသည် ယင်းမူးယစ်ဆေးမှုနှင့် ပတ်သက်၍ တတိယအကြိမ်မြောက်ဖြစ်သည်။
အဆိုပါ ပူးပေါင်းအဖွဲ့တွင်ပါဝင်သည့် ရဲအရာရှိတဦးက “မူးယစ်ဆေးဝါးတွေကို ရဲတပ်ဖွဲ့ရဲ့ ဆက်စပ် ဖော်ထုတ်ချက်အရ ထပ်တွေ့တာပါ။ သူ့အိမ်မှာ နေတဲ့သူတွေဘာတွေ အထိတော့ ပြောလို့မရသေးပါဘူး။ စစ်ဆေးနေတုန်း အခြေအနေပါ” ဟု ဧရာဝတီသို့ ပြောသည်။
ရှာဖွေဖမ်းဆီးရာတွင် နေအိမ် အပေါ်ထပ် ခေါင်းရင်းခန်းမှ WY စာတမ်းပါ စိတ်ကြွဆေးပြား ၁၉၉၅၀၀၀ ပြားနှင့် ခြေရင်းခန်း ကော်ဇောလိပ်များ အတွင်းမှ ၁၈၃၀၀၀၀ ပြား၊ စုစုပေါင်း ၃၈၂၅၀၀၀ ပြားကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် နေအိမ်အတွင်း ရခိုင်ပြည်နယ်၊ ပုဏ္ဍားကျွန်းမြို့နယ်၊ မိုးထိပြင်ကျေးရွာ ဒေသခံ သိန်းထွန်းအေးနှင့် အောင်တင်ဝင်း တို့ ၂ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးခံရသူ သိန်းထွန်းအေးက တလလျှင် ကျပ် ၄ သိန်းခွဲဖြင့် တာမွေမြို့နယ်နေသူထံမှ ငှားရမ်းနေထိုင်နေခြင်း ဖြစ်သည်ဟု ထွက်ဆိုထားကြောင်း သိရသည်။
ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တရားလိုပြုလုပ်ပြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့မ ရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)/၂၁ အရ အမှုဖွင့်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒဂုံမြို့သစ် မြောက်ပိုင်း နေအိမ်တွင် သြဂုတ် ၃ ရက်နေ့က ဆာလာအိတ် ၅ အိတ်ဖြင့် ထည့်ထားသော စိတ်ကြွဆေးပြား ၁ ဒသမ ၅ သန်း (တန်ဖိုးငွေ ၇ ဒသမ ၅ ဘီလီယံ) ကိုလည်းကောင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) ရှိ မင်းဦးခိုင်၏ နေအိမ်တွင်ပင် စက်တင်ဘာ ၂၁ ရက်နေ့က စိတ်ကြွ ဆေးပြား ၂ သန်းနီးပါး (၁၉၂၉၀၀၀) နှင့် ဖင်စီဒိုင်း ပုလင်း ၅၀၀ ကို လည်းကောင်း ဖမ်းဆီးရမိထားသည်။
ဆက်စပ်သတင်းများ
ဇေကမ္ဘာဝင်း မူးယစ်ဆေးဝါးများ အတွက် အလိုရှိနေသူကို ဖမ်းမိပြီ
စိတ်ကြွ ဆေးပြား ၂ သန်းနီးပါး ဖမ်းမိ