ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တဦးကို အဓမ္မပြုကျင့်မှုသည့် တပ်မတော်သားတဦး ကို စစ်တွေမြို့နယ် အမှတ် ၁ ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားခဲ့ရာမှ စက်တင်ဘာလ ၂၅ ရက်နေ့တွင် သက်ဆိုင်ရာ တပ်ရင်း ၏ လက်ထဲသို့ လွှဲပြောင်းပေးအပ်လိုက်ရကြောင်း သတင်းရရှိသည်။
စစ်တွေအခြေစိုက် အမှတ် ၃၅၄ ခြေမြန်တပ်ရင်းမှ တပ်သား နေဝင်းအောင်သည် အမ်းမြို့နယ်တွင် အားကစား တာဝန်ဖြင့် သွားရောက်နေရာမှ ခွင့်ဖြင့် စစ်တွေမြို့သို့ ပြန်လည် ရောက်ရှိလာကြောင်း၊ စစ်တွေမြို့ ဓညဝတီ (က) ရပ်ကွက်ရှိ သူငယ် ချင်း မိသားစုအိမ်တွင် ခေတ္တတည်းခိုနေထိုင်စဉ် သူငယ်ချင်းဖြစ်သူ၏ ၈ နှစ်အရွယ် သမီးကို စက်တင်ဘာ ၂၂ ရက် ညပိုင်း မိန်းကလေးငယ် အိပ်ပျော်နေစဉ် အဓမ္မပြုကျင့်ခဲ့ကြောင်း၊ မုဒိမ်းကျင့်မှုကို စစ်တွေမြို့ အမှတ် ၁ ရဲစခန်းက ဖမ်းဆီး အရေးယူခဲ့သော်လည်း စက်တင်ဘာလ ၂၅ ရက်နေ့တွင် သက်ဆိုင်ရာ တပ်ရင်းသို့ ပြန်လည် လွှဲပြောင်းလိုက်ရ ကြောင်း၊ သက်ဆိုင်ရာ တပ်ရင်း၏ အဆိုအရ စစ်ဥပဒေဖြင့် အရေးယူရန် လွှဲပြောင်းခြင်းဖြစ်ကြောင်း သိရှိရသည်။
မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်သည် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှုခံယူနေရပြီး ကျန်းမာ ရေးအခြေအနေအရ မသက်ဆိုင်သူများနှင့် တွေ့ခွင့်မပေးဘဲ သီးသန့်အခန်းတွင် ထားရှိထားကြောင်း သိရှိရသည်။
စစ်တွေမြို့ ဒေသခံများကမူ မုဒိမ်းကျင့်သည့် တပ်မတော်သားကို သက်ဆိုင်ရာ တပ်ရင်းက ပြန်လည် လွှဲပြောင်းရယူသွား သည့်အတွက် အမှု မှန်မပေါ်ဘဲ တရားခံ လွတ်မြောက်သွားမည်ကို စိုးရိမ်နေကြကြောင်း၊ အခြေအနေကို စောင့်ကြည့်နေပြီး လိုအပ်လာလာလျှင် ဆန္ဒပြပွဲ များပြုလုပ်သွားမည်ဟု ပြောဆိုကြသည်။
“တပ်မတော်သား ဖြစ်တဲ့အတွက် သူ့ကို စစ်ဥပဒေနဲ့ ပထမအရေးယူမယ်။ ပြီးမှ အရပ်ဘက် ဥပဒေနဲ့ အရေးယူဖို့ ပြန်လွှဲပေး မယ်ပေါ့။ အမှုပိတ်သိမ်းမယ်။ တပ်ကဖိအားပေးတယ် ဆိုတာကတော့ မဟုတ်ပါဘူး ။ တပ်က ကျနော်တို့ စခန်းကို လာ တယ် ဆိုတာ ကလည်း သူတို့ စစ်ဥပဒေနဲ့ အရေးယူလို့ ရအောင် အဖြစ်မှန်ကို လာစစ်ဆေးတာပါ ။လူသက်သေ ။ ပတ်ဝန်း ကျင် သက်သေ အရ ဆိုရင် အမှန်တရားအတိုင်း ဖြစ်မှာပါ ” ဟု စစ်တွေမြို့ အမှတ် ၁ ရဲစခန်းမှရဲအုပ် အောင်မြင့်ဦး က ပြောသည်။
မုဒိမ်းကျင့်သည့် တပ်မတော်သား နေဝင်းအောင်ကို စစ်တွေမြို့ အမှတ် ၁ ရဲစခန်းက ပြစ်မှုအမှတ် (ပ) ၂၀၃ / ၂၀၁၅ ပြစ်မှုဆိုင်ရာပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။