ဘန်ကောက်ဗုံးဖောက်ခွဲမှုတွင် သံသယရှိသူများကို အိမ်အခန်းငှားပေးခဲ့သည့် ထိုင်းအမျိုးသမီး ဝနာဆုန်ဆန် ၏ နိုင်ငံကူးလက်မှတ်ကို ထိုင်းရဲတပ်ဖွဲ့က ပြန်လည်ရုတ်သိမ်းရန် ပြုလုပ်နေသည်။
သူမအနေဖြင့် ဤအရေးနှင့် ပတ်သက်၍ ထိုင်းအာဏာပိုင်များထံ ဆက်သွယ်၍ ထုချေ ရန်ပျက်ကွက် ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲ ဒုဗိုလ်ချုပ်ကြီး ပရာဝတ်သ် သဝုန်ဆရီ၏ ပြောဆို ချက်ကို ကိုးကား၍ Bangkok Post သတင်းတွင် ဖော်ပြထားသည်။
သူမ ခင်ပွန်းဖြစ်သူ တူရကီ လူမျိုး Emrah Davutogluသည် ဗုံးဖောက်ခွဲရာတွင် အသုံးပြုမည့် ငွေကြေးများကို ထိုင်းနိုင်ငံအတွင်းသို့ ပြည်ပမှ လွှဲပြောင်းရာတွင် လက်ခံရရှိခဲ့ပြီး၊ ဝနာဆုန်ဆန်မှာလည်း မင်ဘူရီအရပ်ရှိ Maimuna Garden အိမ်ရာတွင် အိမ်ခန်းငှားရမ်းကာ ဖောက်ခွဲရေးပစ္စည်းများကို လက်ခံထားရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။
ဝနာဆုန်ဆန်ကမူ ထိုင်းရဲတပ်ဖွဲ့၏ သူမအပေါ်စွပ်စွဲချက်နှင့် ပတ်သက်၍ အံသြရကြောင်း၊ သူမနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ပြောဆိုခဲ့သလိုထိုင်းနိုင်ငံ ဖန်ငခရိုင်တွင်နေထိုင်သည့် သူမ၏ မိသားစုကလည်း ထိုင်းရဲများအနေဖြင့် အမှုဆင်ဖမ်းတတ်သည့်အတွက် သူမကို တူရကီနိုင်ငံတွင်သာ ဆက်လက်နေထိုင် ရန်တိုက်တွန်းထားကြောင်းသိရသည်။
ထိုင်းအမျိုးသမီး ဝနာဆုန်ဆန်နှင့် သူ၏ ခင်ပွန်း Emrah Davutogluသည် ပြီးခဲ့သည့် ဇူလိုင်လ ၁ရက်နေ့ ဖူးခက်မြို့မှ တူရကီသို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး သူတို့ မည်သည်နေရာတွင် ရှိကြောင်းကို ယခုတိုင်ဆက်သွယ် ခြင်းမရှိဟု ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲ ဒုဗိုလ်ချုပ်ကြီး ပရာဝတ်သ်က ဆိုသည်။