ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးရေး၊ မထိုးရေး အဆုံး အဖြတ်ပေးမည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး (EAOs) ကို ယနေ့ စတင် ဆွေးနွေးနေကြပြီ ဖြစ်သည်။
ယင်းထိပ်သီးညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (Senior Delegation-SD) အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင်များ တက်ရောက်ခဲ့ ကြသည်ကို တွေ့ရသည်။
ထို့အပြင် SD အဖွဲ့ဝင်များမဟုတ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း(RCSS/ SSA)နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု (NDAA) မိုင်းလား အဖွဲ့တို့လည်း တက်ရောက်ခဲ့ကြသည်ကို တွေ့မြင်ရသော်လည်း အင်အားကြီးလက်နက်ကိုင် အဖွဲ့တခုဖြစ်သော ‘ဝ’ ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) ခေါင်းဆောင်များ တက်ရောက် ခြင်း မရှိပေ။
SD ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန် က“ဒီတခေါက်က အရေးကြီးတဲ့အစည်းအဝေး တခုဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ အစည်း အဝေးက ကျမတို့သွားနေတဲ့ တော်လှန်ရေးရဲ့ရည်မှန်းချက်၊ နိုင်ငံရေးရဲ့ရည်မှန်းချက်ကို ဆုံးဖြတ်ရမယ့် အစည်းအဝေးတခုဖြစ် တယ်”ဟု သတင်းထောက်များကို ပြောသည်။
ယခုထိပ်သီးအစည်းအဝေးကို ယနေ့မှစ၍ ၃၀ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ပထမနေ့၏ သဘာပတိအဖြစ် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး အင်ဘန်လ ကတာဝန်ယူပြီး ဒုတိယနေ့တွင် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) ဒု ဗိုလ်ချုပ်ကြီး ဆေထင်နှင့် တတိယနေ့ သဘာပတိအဖြစ် ကရင်အမျိုးသား အစည်းအရုံး (KNU) ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး တို့ကို တာဝန် အပ်နှင်းကြောင်း သိရသည်။
သို့သော်လည်း KNU အနေဖြင့် အစည်းအဝေး အစပိုင်းတွင်ပင် KNU ခေါင်းဆောင်တဦး ဖြစ်သည့် စောရော်ဂျာခင် က ရုတ်တရက် စာတမ်းတခု တင်ပြလာသည်။
ထိုစာတမ်းတွင် NCA လက်မှတ်ထိုးရန် ထိုးမထိုး ပြတ်ပြတ်သားသားဖြစ်ရန် အဓိကလိုအပ်ချက်ဖြစ်ကြောင်း၊ NCA လက်မှတ်ထိုးမည့် အဖွဲ့များနှင့် မထိုးမည့်အဖွဲ့များ အကြား အချိတ်အဆက်ပြုလုပ်ရန်လိုအပ်ကြောင်း၊ NCA ထိုးမည့်အဖွဲ့များအကြား ကြိုတင်တိုင်ပင်၊ ပြင်ဆင်ရန် အစောတလျှင် လိုအပ်သကဲ့သို့ မထိုးမည့်အဖွဲ့များနှင့်လည်း စုပေါင်းပြင်ဆင်ရန်လိုအပ်သည်ဟု ဆိုသည်။
ထို့အပြင် NCA နှင့်ပတ်သက်သည့် ထိပ်သီးအစည်းအဝေးသည် ယခုတကြိမ်နောက်ဆုံးဖြစ်သည်ဟု ယူဆကြောင်း၊ လိုအပ် လာ သည့် အချိန်တွင် NCA လက်မှတ်ထိုးမည့်အဖွဲ့နှင့် မထိုးမည့်အဖွဲ့များစုပေါင်းပြီး ထိပ်သီးအစည်းအဝေး ပြုလုပ်ရန် လိုအပ်ကြောင်း နှင့် ၎င်းတို့အနေဖြင့် အစည်းအဝေးများစွာ၌ သဘာပတိနေရာတွင် အကြိမ်ကြိမ် တာဝန်ယူခဲ့သဖြင့် ယခုအကြိမ်၌ တခြားသော အဖွဲ့တခု သို့ လွှဲပြောင်းပေးစေလိုကြောင်းလည်း ပါဝင်သည်။
KNU ဒုဥက္ကဋ္ဌလည်းဖြစ် SD အဖွဲ့ခေါင်းဆောင်လည်းဖြစ်သည့် ပဒို နော်စီဖိုးရာစိန်က ယခုဆွေးနွေးပွဲသည် အရေးကြီးသည့် ဆွေးနွေးပွဲဖြစ်သည်နှင့်အညီ အဆုံးအဖြတ်ပေးနိုင်မည့် ထိပ်သီးအဖွဲ့ခေါင်းဆောင်များကို ရွေးချယ်ရခြင်းဖြစ်ကြောင်း သဘာပတိများ ရွေးချယ် ရခြင်းနှင့် ပတ်သက်ပြီး ရှင်းပြသည်။
သို့သော်လည်း ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး က“ကျနော်က ဆုံးဖြတ်ထားပြီးပြီ။ နောက်ထပ် ဘယ်အစည်းအဝေးမှာဘဲ ဖြစ်ဖြစ် သဘာပတိ အဖြစ်နဲ့ ကျနော် မပါဝင်နိုင်တော့ဘူး။ ဒါကြောင့်မို့ EAO ကို ကျနော်တင်ပြရခြင်းဖြစ်တယ်။ အဲဒီတော့ အခု ကျနော့်ရဲ့ တင်ပြချက်ကို ဘယ်လိုစဉ်းစားကြမလဲ။ လက်ခံနိုင်မလား၊ လက်မခံနိုင်ဘူးလား။ ကျနော့်ရဲ့ဆုံးဖြတ်ချက်ကတော့ ဒီအစည်းအဝေးမှာ သုံးရက်နေ့မှာ ကျနော့်ကို သဘာပတိအဖြစ်နဲ့ တာဝန်ပေးတာကို ကျနော်လုံးဝ မယူနိုင်ပါဘူး။ အဲဒါကြောင့်မို့ ခုနစာတမ်းကို ကျနော် တို့ တင်ရခြင်းဖြစ်ပါတယ်”ဟု အစည်းအဝေး၌ ထ၍ ရှင်းပြသည်။
ရုတ်တရက် တင်လာသည့် ကရင်အဖွဲ့၏ သဘောထားကြောင့် တက်ရောက်လာသည့် ထိပ်သီးခေါင်းဆောင်များ အနေဖြင့် နောက် ဆုံး နေ့ သဘာပတိနေရာအတွက် ထပ်မံဆွေးနွေးကြရမည်ဖြစ်သကဲ့သို့ ယင်းအခြေအနေကြောင့် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများအကြား သဘောထား မညီညွှတ်မှုကို ထင်ရှားလာစေပြီး အားလုံးအတူတကွ ပါဝင်လက်မှတ် ထိုးရေးမူ အပေါ်တွင် လည်း စိုးရိမ်မှုများ ရှိနေကြသည်။
ထိပ်သီး အစည်းအဝေး အစီအစဉ်တွင်“NCA လက်မှတ်ရေးထိုးခြင်း၊ မထိုးခြင်းနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချမှတ်ခြင်း”ဆိုသည့် အဓိက ခေါင်းစဉ်တခုပါဝင်သည်။
ထို့ကြောင့် ယခုအစည်းအဝေးတွင် အစိုးရနှင့်လက်မှတ်ထိုးကြမည့် အဖွဲ့များ၊ မထိုးမည့်အဖွဲ့များအနေဖြင့် ၎င်းတို့၏ သဘောထားများကို တင်ပြကြရမည်ဖြစ်ကြောင်း သိရသည်။
လက်နက်ကိုင် အဖွဲ့တချို့က လက်နက်ကိုင် တိုင်းရင်းသားအားလုံး တပြိုင်တည်း ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး သို့မဟုတ် တပြိုင် တည်း မပါဝင်နိုင်သေးသည့် အဖွဲ့များအပေါ် စစ်ရေး၊ နိုင်ငံရေးနှင့် လူမှုရေး အာမခံချက်များရရှိမှ လက်မှတ်ထိုးမည်ဟု ဆုံးဖြတ်ထားကြသည့် အဖွဲ့များလည်း ရှိနေသည်။
တချို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အားလုံးပါဝင်ရေးမူကို အစိုးရက လက်မခံသော်လည်း တဖွဲ့ချင်း အနေဖြင့် သီးခြားစီ ခွဲထိုးရန် သဘောထားရှိနေကြသည်ဟု အစည်းအဝေး တက်ရောက်နေကြသည့် တိုင်းရင်းသားခေါင်းဆောင် တချို့က ပြောသည်။
ယခု ထိပ်သီးအစည်းအဝေးတွင် အစိုးရက စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး အာမခံချက်မပေးဘဲ ချန်ထားခဲ့လိုသော မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်မတော် (AA) အရေးကိုလည်း အရေးကြီး အကြောင်းအရာတခုအဖြစ် ဆွေးနွေးသွားကြရန်ရှိကြောင်း သိရ သည်။
“အစိုးရဘက်က ကျန်တဲ့ အဖွဲ့တချို့ကို လက်မခံဘူး။ ချန်ထားတဲ့ အဖွဲ့တွေကို မတိုက်ဘူးဆိုတဲ့ အာမခံချက်မရသေးတော့ ကျနော် တို့ကလည်း ညီအစ်ကိုတွေလိုဖြစ်နေတဲ့ ဘဝတူတိုင်းရင်းသားတွေပေါ့ဗျာ။ ကျန်နေတဲ့ အဖွဲ့တွေကို တိုက်နေမယ် ဆိုရင်တော့ ကျနော်တို့လည်း ဒီအတိုင်းပဲရပ်ကြည့်နေလို့ မသင့်ဘူးလေ”ဟု SD အဖွဲ့ဝင်တဦးလည်းဖြစ် မွန်ပြည်သစ်ပါတီ (NMSP) ဒုဥက္ကဋ္ဌ လည်းဖြစ်သည့် နိုင်ဟံသာ က သတင်းထောက်များကို ပြောသည်။
သမ္မတ ဦးသိန်းစိန် အစိုးရကတော့ NCA စာချုပ် ချုပ်ဆိုရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ကို ချန်ရစ်ခဲ့ပြီး ၎င်းတို့နှင့် ပဏာမ တွေ့ဆုံဆွေးနွေးထားသည့် အဖွဲ့ ၁၅ ဖွဲ့နှင့် အောက်တိုဘာ လလယ်ပိုင်းမတိုင်မီ လက်မှတ်ရေးထိုးရန် ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောဆိုထားပြီး ဖြစ်သည်။