အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော်(KIA)တို့ကြား တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မိုင်းခေါင်ကျေးရွာတွင် စစ်ရှောင် ဒုက္ခသည် ၁၄၀ ကျော် ထပ်မံတိုးလာပြီး စားနပ်ရိက္ခာ အခက်အခဲလည်း ရှိကြောင်း သတင်း ရရှိသည်။
ယခုရက်ပိုင်း အတွင်း ထပ်တိုးလာသည့် ထိုဒုက္ခသည် ၁၄၀ ကျော်သည် မိုင်းခေါင်ကျေးရွာအုပ်စု အတွင်းရှိ ခါနမ်ရပ်ကွက်မှ ဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားချိန် တွင် တပ်မတော် စစ်ကြောင်းများက ခါနမ်ရပ်ကွက်အနီး တပ်နေရာများ ချထားသဖြင့် ဒေသခံများ ကြောက် လန့်၍ ထွက်ပြေး တိမ်းရှောင်နေရခြင်း ဖြစ်သည်ဟု မိုင်းခေါင် စစ်ရှောင်စခန်းမှ တာဝန်ခံ ဦးနော်မိုင်က ဧရာဝတီသို့ ပြောသည်။
ဦးနော်မိုင်က“ခါနမ်မှာ ပစ်ခတ်တာ မရှိသေးပေမယ့် ပြင်နေတဲ့ အနေအထားရှိတယ်။ ကျနော်တို့က တပ်မတော်ဘက်ကို ဒေသခံ တွေကို ပြန်နေမယ်ပြောတော့ သူတို့က လုံခြုံရေး တာဝန်မယူဘူး ပြောတယ်။ ညှိမရဘူး။ ခါနမ်က လူတွေက အခုနေစရာ နေရာ မရှိ ဘူး။ ကျနော်တို့ စခန်းမှာလည်း ခေါ်မထားနိုင်သေးဘူး”ဟု ပြောပြသည်။
လက်ရှိတွင် ထပ်တိုးလာသည့် ဒုက္ခသည် ၁၄၀ကျော်အတွက် နေထိုင်စရာ နေရာမရှိသေးသဖြင့် ဆွေမျိုးရှိသူများက ဆွေမျိုးအိမ်များတွင် နေထိုင်နေကြပြီး တချို့က လမ်းမဘေးများတွင် ယာယီတဲများ ဆောက်လုပ်၍ နေထိုင်နေကြသည်ဟု သိရသည်။
အဆိုပါ ဒုက္ခသည်များသည် မိုင်းခေါင် စစ်ရှောင်စခန်းတွင် ၎င်းတို့ကို နေထိုင်ခွင့်ပြုရန် စခန်းတာဝန်ခံများကို လာရောက် ပြောဆို နေသော်လည်း စခန်းတွင် စားနပ်ရိက္ခာ မလုံလောက်တော့သဖြင့် ခေါ်ထားရန် အခက်အခဲ ဖြစ်နေသည်ဟု ဦးနော်မိုင်က ပြောသည်။
“နေဖို့လည်း နေရာ အခက်အခဲ ရှိနေတယ်။ အခု ရှိနေတဲ့ ဒုက္ခသည်အားလုံးအတွက် ကျနော်တို့မှာ နောက်လဝက်အထိပဲ ရိက္ခာ ရှိတော့မယ်၊ ခါနမ်ကလူတွေ ရောက်လာရင် သူတို့အတွက်ရှိမှာ မဟုတ်ဘူး”ဟုလည်း ဦးနော်မိုင်က ပြောဆိုသည်။
မိုင်းခေါင် စစ်ရှောင်စခန်းသည် နှစ်ခြင်းဘုရားကျောင်းဝင်းတခုတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်ကတည်းက စစ်ရှောင် ဒုက္ခသည် ၁၁၀၀ ကျော်ကို ခိုလှုံခွင့်ပေးထားသည့်အပြင် စက်တင်ဘာလ ၂၀ ရက်တွင် စစ်ရှောင်ဒုက္ခသည် ၂၀၀ ကျော် ထပ်မံ ရောက် ရှိ လာသဖြင့် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာ မလုံမလောက် ဖြစ်နေရသည်ဟု ဆိုသည်။
မိုင်းခေါင် စစ်ရှောင်စခန်းမှ စားနပ်ရိက္ခာများကို ကုလသမဂ္ဂအဖွဲ့(UN)၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ရယူကာ ဗန်းမော်၊ ကချင် နှစ်ခြင်း အသင်းတော်နှင့် ဇင်လွန်း(Zinlum) ကချင် လူမှုကယ်ဆယ်ရေးအဖွဲ့တို့က တဆင့် အဓိက ထောက်ပံပေးနေခြင်း ဖြစ်သည် ဟု သိရသည်။
ဇင်လွန်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးနန်းဇိမ်လဂျာ ကလည်း“ကျနော်တို့ အကူအညီတွေ လိုက်တောင်းနေပါတယ်။ အခု ရောက် လာမယ့် စစ်ရှောင်တွေအတွက် နေစရာ မရှိဘူး။ စားစရာ မရှိဘူး။ လောလောဆယ် စိုးရိမ်နေရတာအပြင် ကျနော်တို့ ဘာ အစီ အစဉ်မှ မလုပ် ရသေးပါဘူး။ စားနပ်ရိက္ခာအတွက် ချက်ချင်းလိုတယ်ဆို ချက်ချင်းမရဘူး။ စိစစ်တာတွေ ရှိတယ်။ အချက်အလက် တွေ တင်ပြရ တယ်။ ဒီတော့ လုပ်ငန်းအဆင့်ဆင့်အရ ရမယ်ဆိုတောင် တလကျော်မှ ရမှာပါ”ဟု ပြောဆိုသည်။
ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်မှ စ၍ တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ရှောင် ဒုက္ခသည် တသိန်းခွဲ ခန့် ရှိကြောင်း သိရသည်။