မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ၊ ဝါရင့်အားကစား ကလောင်ရှင် တဦးဖြစ်သူ ဦးခင်မောင်ထွေး (ခင်မောင်ထွေး – ပျဉ်းမနား) သည် စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက SSC ဆေးရုံတွင် ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။
လူကြီးရောဂါဖြင့် ရုတ်တရက် ကျန်းမားရေး အခြေအနေကြောင့် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဆေးရုံတက်ရောက် ကုသရင်း မွန်းလွဲ ၃ နာရီခွဲတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက် ၈၅ နှစ်ရှိပြီဖြစ်ကြောင်း၊ ဇနီးဖြစ်သူ ဒေါ်ခင်မြရင်နှင့် သား ၄ ဦး၊သမီး ၂ ဦးတို့ ကျန်ရစ်ခဲ့ကြောင်း သိရသည်။
ဦးခင်မောင်ထွေးသည် မြန်မာ့ကားကစားလောက တိုးတက် မြင့်မားရေးအတွက် ပညာပေး စာပေများ ရေးသားခဲ့ သည့်အပြင် မြန်မာ့ ဘောလုံးလောကနှင့် ပတ်သက်၍ အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်း ပြောဆိုထောက်ပြ ဝေဖန်မှုများ ပြုလုပ်ခဲ့သူတဦးလည်း ဖြစ်သည်။
၎င်းကို မန္တလေးတိုင်းဒေသကြီး (လက်ရှိ နေပြည်တော်ကောင်စီ နယ်မြေအတွင်း) ပျဉ်းမနားမြို့၊ မင်္ဂလာရပ်၊ ဗိုလ်တောက်ထိန် လမ်းတွင် ၁၉၃၁ ခုနှစ်က မွေးဖွားခဲ့ပြီး ပျဉ်းမနားမြို့ ABM ကျောင်းတွင် ပညာသင်ကြားခဲ့သည်။
၁၉၅၂ ခုနှစ်တွင် ဒေါ်ခင်မြရင်နှင့် လက်ထပ်ခဲ့ပြီး သား ၅ ဦးနှင့် သမီး ၂ ဦးတို့ ရရှိခဲ့ကာ လက်ရှိတွင် သားတဦးမှာ ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။
အိမ်ထောင်ကျပြီးနောက် ၁၉၆၄ ခုနှစ်ဝန်းကျင်တွင် ရန်ကုန်မြို့သို့ မိသားစုဖြင့် စတင်ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ရန်ကုန် ပညာရေးတက္ကသိုလ်တွင် အားကစားမှူး အဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။
ယင်းသို့ တာဝန်ထမ်းဆောင်ခဲ့စဉ် အားကစားနှင့် ပတ်သက်သည့် ဆောင်းပါတချို့ကို စတင်ရေးသားခဲ့ပြီး “အားကစားအစ ဘေဘီလုံက” အမည်ရှိ ဆောင်းပါးဖြင့် အားကစား စာပေလောကထဲသို့ ဝင်ရောက်လာခဲ့သူ ဖြစ်သည်။
ထို့အပြင် အားကစား ဆောင်းပါရှင်တဦးအဖြစ် ရေးသားကာ ဂျာနယ်၊ မဂ္ဂဇင်းများသို့ ပေးပို့နေရာမှတဆင့် ဗိုလ်တထောင် သတင်းစာတိုက်တွင် အားကစား သတင်းထောက်တဦးအဖြစ် စတင်ဝင်ရောက်၍ အယ်ဒီတာ တဦးဖြစ်သည်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
အယ်ဒီတာအဖြစ် ဆောင်ရွက်ရင်း အားကစားဝတ္ထုများလည်း ရေးသားခဲ့ပြီး မြဝတီတွင် ခင်မောင်ထွေး (ပျဉ်းမနား) ရေးသားခဲ့သည့် “မိုးတိမ်သို့နှယ်” ဝတ္ထုကို ဇာတ်ညွန်းအဖြစ် ပြန်လည်ရေးသားပြီး အသံလွှင့်ဇာတ်လမ်းအဖြစ် လွှင့်ခဲ့ကြောင်းလည်း ဇာတ်ညွန်းရေးသားပေးခဲ့သူ ဦးဝင်းအောင်ကြီး (မောင်အောင်မွန်) က ၎င်း၏ Facebook စာမျက်တွင် ရေးသားထားသည်။
ထို့အပြင် ၎င်းတို့ နှစ်ဦးတွဲ၍ “အားကစားသမားမှာလည်း နှလုံးသားနှင့်” အမည်ရှိ စာအုပ် ထုတ်ဝေခဲ့ဖူးကြောင်း လုပ်ဖော်ကိုင်ဘက် တဦးလည်းဖြစ်ခဲ့သူ ဦးဝင်းအောင်ကြီးက ရေးသားထားသည်။
ဗိုလ်တထောင် သတင်းစာတိုက်တွင် အယ်ဒီတာတာဝန် ဆက်လက် ထမ်းဆောင်ရင်းပင် ၁၉၇၇ ခုနှစ်ဝန်းကျင်တွင် သတင်းစာတိုက်မှ ထုတ်ပယ်ခြင်းခံခဲ့ရကြောင်း သိရသည်။
ယင်းနောက်ပိုင်းတွင် အားကစားနှင့် ပတ်သက်သည့် ဆောင်းပါးများကို အား/ကာ စာစောင်၊ ဇွဲသတ္တိဂျာနယ်၊ ခွန်အားဂျာနယ်၊ အင်အားဂျာနယ်၊ တက်လမ်းဂျာနယ်၊ First Eleven ဂျာနယ် အစရှိသည့် အားကစားဂျာနယ်များတွင် အားကစားကလောင်ရှင်အဖြစ် ရေးသားခဲ့သည်။
၎င်းအနေဖြင့် အားကစားအကြောင်းအရာ တခုတည်းသာမက နိုင်ငံရေး အတွေးအမြင် ဆောင်းပါးများကိုလည်း ဂျာနယ်၊ မဂ္ဂဇင်းတချို့တွင် ရေးသားခဲ့သည်။
ယင်းနောက် ၂၀၀၉ ခုနှစ်တွင် ပရော်ဖက်ရှင်နယ် စနစ်ကို ကူးပြောင်း ကျင်းပခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ဘောလုံး ပြိုင်ပွဲတွင် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌအဖြစ် ကွယ်လွန်ချိန်အထိ တာဝန်ယူဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံ အားကစား ကလောင်ရှင်များ အဖွ့ဲချုပ်တွင်လည်း နာယကတဦး အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ၎င်းကွယ်လွန်သည်အထိ အားကစားလောက တိုးတက်ရေးအတွက် ဝေဖန်သုံးသပ်ချက် ဆောင်းပါးများကို တလျှောက်လုံး ရေးသားခဲ့သူဖြစ်သည်။
၎င်း၏ နောက်ဆုံးရေးသားခဲ့သည့် ဆောင်းပါးမှာ အားကစားမြင်ကွင်း ဂျာနယ်တွင် ဖော်ပြခဲ့သည့် “ မြန်မာ အမျိုးသမီး ဘောလုံး အဆင့်အတန်း တိုးတက်ရေး” အမည်ဖြင့် ဆောင်းပါးဖြစ်ပြီး လတ်တလော ဖြစ်ပျက်နေသည့် မြန်မာ့ အမျိုးသမီး ဘောလုံးလောကကို ထောက်ပြ ဝေဖန် ရေးသားခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီသတင်းဌာန၏ ဂျာနယ်၊ မဂ္ဂဇင်းတို့တွင်လည်း အားကစားကဏ္ဍ ဝေဖန်သုံးသပ်ရေး ဆောင်ပါးများကို ၂၀၁၁ ခုနှစ်ခန့်က စတင်ကာရေးသားခဲ့ပြီး ဧရာဝတီဂျာနယ်တွင် ၎င်းမကွယ်လွန်မီ “မြန်မာ့ အားကစား ပြန်ခေါင်းထောင်ပါဦးမလား” ဆောင်းပါးကို ရေးသားခဲ့သည်။
ဦးခင်မောင်ထွေး၏ ဈာပနကို စက်တင်ဘာ ၂၉ ရက်နေ့နံနက် ၉ နာရီတွင် ရေဝေးသုဿန်သို့ ပို့ဆောင် မီးသဂြ ႋႋုဟ်မည် ဖြစ်ပြီး အောက်တိုဘာလ ၃ ရက်နေ့ (စနေနေ့) တွင် ရန်ကင်းမြို့နယ်ရှိ ၎င်းနေအိမ်၌ ရက်လည်ဆွမ်းသွတ် တရားနာ အခမ်းအနား ပြုလုပ်မည် ဖြစ်သည်။