၂၀၁၅ ရွေးကောက်ပွဲတွင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (Democratic Party For A New Society – DPNS) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၂၁ ဦးတွင် မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီး ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ချိုလည်း အပါအဝင် ဖြစ်သည်။
ဒေါ်တင်တင်ချို ဝင်ရောက်ယှဉ်ပြိုင်မည့် မြင်းခြံမြို့နယ်တွင် အင်အားကြီး နိုင်ငံရေးပါတီ ၂ ခုနှင့် အခြားပါတီများမှ အမျိုးသား ကိုယ်စားလှယ်လောင်းများလည်း ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ဒေါ်တင်တင်ချိုသည် မြန်မာ့နိုင်ငံတွင် ၁၉၈၈ ခုနှစ်ကတည်းက တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သူဖြစ်ပြီး ၁၉၈၉ ခုနှစ်၌စတင် တည်ထောင် ခဲ့သည့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီတွင် ဗဟိုစည်းရုံးရေး ကော်မတီဝင်တဦးအဖြစ် ဆောင်ရွက်နေသူလည်း ဖြစ် သည်။
ဒေါ်တင်တင်ချိုသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားခဲ့မှုကြောင့် ထောင် ၄ နှစ် ကျခံခဲ့ရသည်။ ၂၀၁၅ ရွေးကောက်ပွဲသည် ဒေါ်တင်တင်ချို အတွက်သာမက လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အတွက်လည်း ပထမဆုံး ရွေးကောက်ပွဲ အတွေ့ အကြုံ ဖြစ်သည်။
လက်ရှိ မဲဆွယ်စည်းရုံး လှုပ်ရှားမှုများ၊ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးအနေဖြင့် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ၊ လွှတ်တော်နိုင်ငံရေး ရည်မှန်းချက်များနှင့် ပတ်သက်ပြီး ဒေါ်တင်တင်ချို ကို ဧရာဝတီ သတင်းဌာနမှ သတင်းထောက် တင်ထက်ပိုင် က တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ စနေပြီဆိုတော့ ဘာတွေပြင်ဆင်နေပါပြီလဲ။
ဖြေ။ ။ ကျမသွားရမယ့်ရွာက ရွာပေါင်း ၁၈၀ ရှိတယ်။ အဲဒီရွာပေါင်း ၁၈၀ ကို သွားဖို့ဆိုရင် တော်တော်ခက်ခဲတယ်။ ခက်ခဲတယ် ဆိုတာက ရတာကရက်ပေါင်း ၆၀၊ ရက်ပေါင်း ၆၀ မှာ ဒီရွာ ၁၈၀ ကို ရောက်အောင်သွားဖို့ဆိုတာ တော်တော်မလွယ်ဘူး။ ဒါပေမယ့် အခုတနေ့ကို ၄ ရွာ လောက်ရောက်အောင် သွားပါတယ်။ အခု ပါတီက ရွာတွေမှာ ပြန်မိတ်ဆက်ရတာလေ။ အဲဒီတော့ အလုပ်တော် တော် များတယ်။ ကော်မရှင်ကလည်း မဲစာရင်း မှားတာတွေ မဲပေးပုံတွေကိုလည်း အဲဒီက ပြည်သူလူထုက မသိဘူး။
မသိတဲ့အခါကျတော့ ကျမတို့က ကမ်ပိန်းတင် မဟုတ်ဘဲ မဲပေးပုံတွေ အဲဒီ Voter Education ကိုပါ လုပ်ပေးရတယ်။ အဲဒါတော့ မြန်မာပြည်မှာ တော်တော်ဆိုးတယ်။ အဲဒီတော့ ကျမတို့အတွက် ပထမဦးဆုံးဝင်တဲ့ ရွေးကောက်ပွဲဖြစ်တော့ အတွေ့အကြုံကလည်း ပထမဦးဆုံး အတွေ့အကြုံ၊ အဲဒီအတွေ့အကြုံမှာမှ ဒီလိုစိန်ခေါ်မှုတွေ အရမ်းများတဲ့အခါ လိုတာထက်ပိုပြီး တော်တော်ပင်ပန်းတယ်။ အခုရွာတွေမှာ သေချာသူတို့နဲ့ စကားဝိုင်း ထိုင်ပြောတယ်။ ပြောပြီးမှ သူတို့လိုအပ်ချက်ကို ကျမတို့က အရင်နားထောင်တယ်။ ပြီးမှကိုယ်လုပ်နိုင်တဲ့ဟာကို ပြောတယ်။ နောက်တခုက အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ အတွက်က စိန်ခေါ်မှု တော်တော်ကြီး တယ်။
မေး။ ။ အမျိုးသမီး ကိုယ်စားလှယ်လောင်း အတွက်က ဘယ်လိုနေရာမျိုးတွေမှာ စိန်ခေါ်မှုက ပိုရှိနေတာပါလဲ။
ဖြေ။ ။ တချက်က ကျမတို့တိုင်းပြည်မှာ အရင်တုန်းကတည်းက အမျိုးသမီးတွေက ခွဲခြားဆက်ဆံခံရတယ်။ အခုချိန်အထိလည်း ခွဲခြားဆက်ဆံ ခံနေရတုန်းပဲ။ အမျိုးသမီးဆိုရင် နေရာတခု မပေးချင်ကြဘူး။ အဲဒီတော့ အမျိုးသမီး ကိုယ်စားလှယ်လောင်းဆိုရင် သူ လုပ်နိုင်ပါ့မလား။ အမျိုးသားတွေလောက် လုပ်နိုင်ပါ့မလားဆိုတဲ့ အတွေးက လူတော်တော်များများမှာ ရှိနေတယ်။ ရှိနေတော့ အမျိုးသမီးတွေက နည်းနည်းတော့ အထင်သေး ခံရတယ်။ အဲဒီတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေး ရှိပါတယ် ဆိုတဲ့အကြောင်း အမျိုးသားတွေနဲ့ တန်းတူလုပ်နိုင်ပါတယ်ဆိုတဲ့ အကြောင်းကို တရွာဝင် တရွာထွက် လိုက်ပြီးရှင်းပြရတယ်။ အခုသွားရသလောက် ရွာ ၄၀၊ ၅၀ လောက် ရှိသွားပြီ။ အဲဒီမှာတော့ တော်တော်လေး လက်ခံကြတယ်။
မေး။ ။ အဲဒီလို အရိုးစွဲလာတဲ့ အတွေးအခေါ်တွေ ပျောက်သွားအောင် ဘယ်လိုသိမ်းသွင်း စည်းရုံးခဲ့ရပါလဲ။
ဖြေ။ ။ ဘယ်လိုလုပ်လဲဆိုတော့ ပထမဆုံး မဲပေးပုံလေးကို အရင်ပြောပြတယ်။ ကျမတို့ အမျိုးသမီးတွေဟာလည်း တန်းတူအခွင့် အရေး ရှိပါတယ်။ အတူတူ မဲပေးကြမယ်။ အမျိုးသားတွေက အမျိုးသမီးတွေကို ခေါ်သွားပေးပါ။ ကလေး ထိန်းရမယ်၊ ချီရမယ် ဆို လည်း တယောက်တလှည့် ချီပြီး သွားကြပါ။ ဒါမှလည်း တန်းတူအခွင့်အရေး အမျိုးသမီးတွေကို ပေးရာကျပါတယ်။ အဲဒီတော့ ကျမ တို့က အမျိုးသမီးတွေကို အိမ်ထဲမှာထားတဲ့ ခေတ်ကလည်း ကုန်သွားပြီ။ အမျိုးသမီးတွေကို နည်းနည်းပိုပြီး ဦးစားပေးကြရအောင်ဆိုပြီး ဆွေးနွေးပွဲလေးတွေကို အဲဒီလိုလေး အရင်စကြရတယ်။ အဲဒီလို စလိုက်တော့မှ ဆွေးနွေးပွဲမှာ နည်းနည်းပိုပြီး စိတ်ဝင်စားလာ တယ်။
အမျိုးသမီး အခွင့်အရေးကို နည်းနည်းပိုပြီး စိတ်ဝင်စားလာပြီဆိုမှ ကိုယ်ပြောမယ့်ဟာကို ပြောရတယ်။ တကယ်တော့ ဗိုင်းကောင် ကျောက်ဖိ နေရမယ်ဆိုတာ ကျမတို့ယဉ်ကျေးမှုမှာတော့ မှန်တယ်။ ဒါပေမယ့် အခုလို အချိန်မှာက အမျိုးသမီးနဲ့ အမျိုးသားနဲ့ တန်းတူ အခွင့်အရေး ရှိကိုရှိရမယ်။ အဲဒီခေတ်ကိုလည်း ရောက်နေပြီ။ အဲဒီတော့ ကျမတို့က အမျိုးသမီးတွေက သိပ်ကိုနူးညံ့ပါတယ်။ သိမ်မွေ့ပါတယ်။ ဒါပေမယ့် အဲဒီလို နူးညံ့သိမ်မွေ့တာနဲ့ ရှိတဲ့အရှက်တရား၊ အကြောက်တရားတွေကို နည်းနည်းလေး ပြန်ထိန်းထားပြီး အခုနိုင်ငံရေးမှာ ပါဝင်ဖို့ဆိုတာ အရှက်၊ အကြောက် ရှိစရာ မလိုပါဘူး။ ဒီဟာက ရှက်စရာလည်း မလိုဘူး။ ကြောက်စရာလည်း မလိုဘူး။ ကျမတို့နဲ့ အတူတူ လက်တွဲပြီးတော့ မပါဝင်ချင်ဘူးလားပေါ့။ အဲဒါမျိုးလေးတွေ မေးပြီးတော့မှ ကိုယ်လုပ်ချင်တဲ့ Voter Education ဆီကို သွားရတယ်။
မေး။ ။ အမျိုးသမီးတွေ အတူတူ အခွင့်အရေး ရလာတဲ့အခါကျရင်၊ အမတ်တွေ ဖြစ်လာတဲ့ အခါကျရင် မြန်မာပြည်က အမျိုးသမီး တွေ အတွက် ဘာထူးခြားသွားမှာလဲလို့ အဲဒီလိုမျိုး ပြန်မေးတာရော သွားခဲ့တဲ့ ရွာတွေမှာ ကြုံခဲ့ရလား။
ဖြေ။ ။ သူတို့ကလေ ဘာမေးခွန်းမှ ပြန်မမေးရဲကြဘူး။ ပြည်သူတွေ အရမ်းသနားဖို့ ကောင်းတယ်။ ကျမကို ဒီလိုလေးတော့ မေး သင့် တယ်မလားလို့ ကျမက ပြောတဲ့အခါကျမှ ဟုတ်တယ်၊ ဟုတ်တယ် ပြောကြတယ်။
ကျမတို့ အမျိုးသမီးတွေဟာ အရင်တုန်းကလိုမျိုး ရှက်တာတွေ ကြောက်တာတွေကို ထားခဲ့ပြီးတော့ နိုင်ငံရေးကို ပါဝင်ဖို့အတွက် ပထမ ဆုံး လုပ်ရမှာက ကျမတို့ မဲပေးရမယ်။ မဲပေးတာက အမျိုးသားသွားမှ အမျိုးသမီးက ကျန်ခဲ့ရမယ် ဆိုတာမျိုး မဟုတ်ပါဘူး။ အတူတူသွားပြီး မဲပေးမှ ကျမတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို အမျိုးသားတွေနဲ့ တန်းတူလုပ်လိုက်တာပါ။ ဒါက ဥပမာပေါ့။ ကျမ တို့က ရွေးချယ်ခံတယ်ဆိုတာ အရှင်သခင်ရွေးတာ မဟုတ်ဘူး။ ခိုင်းရမယ့် ကိုယ်စားလှယ်ကို ရွေးတာပါ။ ကျမနဲ့ပဲ ဥပမာ ပေးချင် ပါတယ်။
ကျမက ဒီမြင်းခြံနယ်မှာ ပြည်သူ့လွှတ်တော်ကနေ ကျမကိုခိုင်းချင်တယ်ဆိုပြီး ကျမကို ပေးလိုက်တဲ့ မဲတပြားဟာ ကျမကိုခိုင်းဖို့ ကိုယ်စားလှယ် ခန့်တာပါ။ အဲဒီ ကိုယ်စားလှယ်ဆိုတာ တကယ်တော့ ရှင်းရှင်းပြောရရင် ကျမကို အစေခံသဘော ပေးလိုက်တာ ဖြစ် တယ်။ ဒါကြောင့်မို့လို့ ငါတော့ သူ့ကို ၅ နှစ် ခိုင်းမယ်ဆိုပြီး ကိုယ်ကိုယ်တိုင်ကနေ ရွေးချယ်ပေးလိုက်တာ ဖြစ်တယ်။ အဲဒီ ကောင် မလေး ကို ငါခိုင်းမယ်ဆိုပြီး ရွေးလိုက်တာ အဲဒီခိုင်းခွင့်ကို ကိုယ်ကိုယ်တိုင် ယူရမှာ။ အဲဒီအခွင့်အရေးဟာ ကိုယ့်လက်ထဲမှာပဲ ရှိတယ်။
ကျမကိုသာ ခိုင်းခွင့်ရမယ်ဆိုရင် ကျမကို ဘာတွေ ခိုင်းလို့ရမလဲဆိုတော့ သူတို့က တဲ့ပြောမှ ရတယ်။ ကျမတို့ အမျိုးသမီးတွေ မီးဖွားတဲ့ အခါ ကျမ အခု ကြားခဲ့ရတာက ပိုက်ဆံလေး ၂ သောင်း မရှိတာနဲ့ ပိုက်ဆံလေး ၂ သောင်းကို အမျိုးသားက သွားရှာနေရင်းနဲ့ မြင်းခြံဆေးရုံက ပစ်ထားလိုက်လို့ အမျိုးသမီးရော ကလေးရော အသက်ဆုံးရှုံးသွားတယ်။ ဒါဘယ်လိုမှ မကြားဝံ့မနာသာ ကိစ္စ၊ အဲဒီ ပိုက်ဆံလေးနဲ့ ကျမတို့ အမျိုးသမီးနဲ့ ကလေးတယောက်ရဲ့ အသက်ကို ဆုံးရှုံးသွားရတယ် ဆိုတော့၊ အဲဒီလိုမျိုး ကိစ္စတွေကို ကျမကို ရွေးချယ်သည်ဖြစ်စေ မရွေးချယ်သည် ဖြစ်စေ၊ အဲဒီကိစ္စမျိုးတွေ မရှိအောင် လုပ်မှာ။ ဒါက အားလုံးရဲ့ ကိုယ်ပိုင်ဆန္ဒပဲ ဖြစ်တယ်။ ကျမက ကျမကို ရွေးရွေးမရွေးရွေး ၂၇ နှစ်လုံးလုံး ကျောင်းသားတွေ၊ လယ်သမားတွေ၊ အလုပ်သမားတွေရှေ့က ရပ်တည်လာခဲ့တာ ဖြစ်တယ်။ တကယ်လို့ လွှတ်တော်ထဲ ရောက်သွားရင်လည်း ကျမက အမျိုးသမီး၊ ကျောင်းသား၊ ကလေးသူငယ် အခွင့်အရေးတွေကို အဓိကထား လုပ်ချင်ပါတယ်ဆိုပြီး ပြောတယ်။
မေး။ ။ လွှတ်တော်တွေထဲကို အမျိုးသမီးအမတ်တွေ ရောက်သွားပြီးတဲ့နောက် ပထမဆုံး ရင်ဆိုင်ရမယ့် စိန်ခေါ်မှုက ဘာဖြစ်နိုင် မလဲ။
ဖြေ။ ။ အရင်ဆုံး ရင်ဆိုင်ရမှာက အမျိုးသားတွေက အထင်သေးမှာပဲ။ အခုချိန်အထိ အဲဒီအတွေးအခေါ်လေးတွေက ရှိနေပါသေး တယ်။ ဟာ ဟုတ်ရဲ့လား၊ သူတို့ လုပ်နိုင်ပါ့မလားဆိုတာတော့ အရင်ဆုံး ရင်ဆိုင်ရလိမ့်မယ်။ အမျိုးသားတွေဆီမှာလည်း အရင် ကတည်းက စွဲလာတဲ့ ငါတို့ဟာအမျိုးသားတွေ ဖြစ်တယ်။ အမျိုးသားတွေ ပြောလိုက်ရင် အမျိုးသမီးတွေ ငြိမ်သွားစေရမယ်ဆိုတဲ့ အတွေးအခေါ်မျိုး ရှိကောင်း ရှိနိုင်တယ်။ အဲဒီတော့ ဒီလိုမဟုတ်ဘူးဆိုတာ အမျိုးသမီးတွေက စုပေါင်းပြီးတော့ ခိုင်ခိုင်မာမာ ပြန် သက်သေပြရမယ်။ အဲဒီလိုနဲ့ လွှတ်တော်သက်တမ်း ကြာလာရင် အမျိုးသမီးတွေဟာ နဂိုထက် ပိုဆွေးနွေးနိုင်ပြီး နဂိုထက် ပိုရှေ့ရောက်လာတဲ့ အခါကျရင် အမျိုးသားတွေဟာ အလိုလိုနေရင်း အမျိုးသမီးတွေကို နေရာပေးသွားလိမ့်မယ်။ လေးစားသွားလိမ့်မယ်။ ကိုယ်တွေက အရင်လုပ်ပြဖို့ လိုတယ်။ အလုပ်ကနေပဲ သက်သေပြရမှာပဲ။
မေး။ ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်မှု နည်းနေရတဲ့ အဓိက အကြောင်းအရင်းက ဘာဖြစ်မလဲ။
ဖြေ။ ။ ဟိုးအရင် နှစ်ပေါင်း ၆၀ ရဲ့ အလွန်မှာကတည်းက ရှိတယ်မလား။ အမျိုးသမီးဆိုရင် ၄ တန်း အောင်ရင် တော်ပြီတို့၊ အဲဒီ ယဉ်ကျေးမှုကြီးက တကယ့်ကို အမှန်ကြီးလို ဖြစ်သွားတာလေ။ အဲဒီအတွက် အမျိုးသမီးတွေက နေရင်းထိုင်ရင်းနဲ့ကို မီးဖိုချောင်ကို ရောက်သွားရတယ်။ အဲဒီမီးဖိုချောင်ထဲက ဆွဲထုတ်ရဖို့ရာ တော်တော်ကြီးကို အချိန်လိုတယ်။ အဓိကကတော့ အဲဒါပဲ။ အခုအချိန် ထိတောင် ရှိနေသေးတယ်။ ဘာလုပ်မှာလဲ ကျောင်းမှာ အမှတ်မကောင်းလည်း ယောက်ျားကောင်းကောင်း ယူလိုက်မှာပေါ့။ အဲဒါတွေ က ကြားနေရသေးတယ်။
အဲဒီလိုဆိုတော့ ကျမတို့အချိန်တော်တော် ပြန်ယူရဦးမယ်လို့ တွေးမိတယ်။ အခုက အမျိုးသမီးတွေမှာက အရှက်တရား၊ အကြောက် တရားတွေ အရမ်းများနေပါတယ်။ အဲဒီအရှက်တရား အကြောက်တရားတွေကို ခဏလေး မှိန်ထားမေ့ထားပြီး ကျမတို့ လုပ်ရမယ့် ကိစ္စတွေ အများကြီးရှိတယ်။ အချိန်တွေလည်း အများကြီးလိုမှာ ဖြစ်တယ်။ အဲဒါကြောင့် ကိုယ့်အစွမ်းအစတွေ ထုတ်ပြကြ ရအောင် လို့ ကျမတို့အမျိုးသမီးတွေ မီးဖိုချောင်ထဲက ထွက်ခဲ့ကြပါလို့ ရောက်တဲ့နေရာတိုင်းမှာ အဲဒီလိုပြောတဲ့အခါ သူတို့တွေ သဘောကျတယ်။ ဟုတ်တယ် ငါတို့ထွက်ရမယ့်အချိန် ရောက်ပြီဆိုပြီး ပြောကြတယ်။
မေး။ ။ မြင်းခြံမဲဆန္ဒနယ်ကို ဘာကြောင့် ရွေးချယ်တာပါလဲ။
ဖြေ။ ။ မြင်းခြံမှာ ဝင်အရွေးခံရတဲ့ အကြောင်းပြချက် ၂ ခု ရှိတယ်။ တခုက ပါတီက တာဝန်ပေးချက်အရ၊ နောက်တခုက မြင်းခြံ ဒေသကို ကျမ အရမ်းသဘောကျတယ်။ နိုင်ငံရေး အရမ်းအားကောင်းတဲ့ နယ်မြေ ဖြစ်တယ်။ အရင်ကတည်းက မြင်းခြံမှာ ကျမ အသိ မိတ်ဆွေတွေ များတယ်။ တကယ်တော့ မြင်းခြံဟာ နိုင်ငံရေးနဲ့ ပတ်သက်ရင် အရမ်းကို စိန်ခေါ်မှုကြီးတဲ့ နယ်မြေဖြစ်တယ်။ တကယ် လို့များ မနိုင်ခဲ့ရင်တောင်မှ ကျမနောင်တ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြင်းခြံဒေသရဲ့ နိုင်ငံရေးရေချိန် ဘယ်လောက်ရှိတယ် ဆိုတာ ကိုယ်ကိုယ်တိုင် လက်တွေ့ သိရတယ်။ နောက်တခုက ကျမတို့ ပါတီရဲ့ ၂၇ နှစ်လုံးလုံး ဘယ်လို ရပ်တည်ခဲ့ရတယ် ဆိုတဲ့ အကြောင်း၊ ပြီးတော့ကိုယ့်အကြောင်း၊ ဘာလို့ ရွေးကောက်ပွဲ ဝင်ရတယ်ဆိုတဲ့အကြောင်း၊ နောက်ပြီးတော့ မဲပေးပုံ၊ မဲပေးနည်း ကို လုပ်ပေးရတယ် ဆိုတာက ကျမတို့အတွက် နိုင်ငံရေး အမြတ်လို့ ထင်ပါတယ်။
မေး။ ။ ဒီရွေးကောက်ပွဲ အပေါ်မှာရော ဘယ်လိုမြင်လဲ၊ တရားမျှတနိုင်မယ် ထင်လား။ ၉၀ ရွေးကောက်ပွဲတုန်းကလို ဖြစ်သွားနိုင် လား။ ဘယ်လို ထင်မြင်ချက်တွေ ရှိပါလဲ။
ဖြေ။ ။ ဖြစ်သွားနိုင်တယ်။ အများကြီး ဖြစ်သွားနိုင်တယ်။ ဒါကြောင့်မို့လို့ ကျမရဲ့သဘောထားက ရွေးကောက်ပွဲဟာ ကျမတို့ရဲ့ ပန်းတိုင်မဟုတ်ဘူး။ ၉၀ တုန်းကဆိုလည်း တောင်ပြိုကမ်းပြို နိုင်ခဲ့တာပဲ။ ကျမကိုယ်တိုင် NLD အောင်နိုင်ရေး အတွက်ကို အသံ လုံးဝ မထွက်တော့တဲ့အထိ လုပ်ပေးခဲ့တာပဲ။ ဒါပေမယ့် အဲဒီအချိန်မှာ အဲဒီလို လွှတ်တော်ထဲတောင် တက်ခွင့်မရတဲ့ အခါကျတော့ လူတွေက ရွေးကောက်ပွဲကို အယုံအကြည် မရှိတော့ဘူး။ တော်တော်လေးကို အယုံအကြည် မရှိတော့ဘူး။
မဲပေးဖို့တောင် သွားမပေးချင်ကြတော့ဘူး။ အဲဒီတော့ ကျမကတော့ရွေးကောက်ပွဲကို သိပ်ပြီးတရားမျှတနိုင်မယ် မထင်ဘူး။ ဘာဖြစ် လို့လဲဆိုတော့ မဲစာရင်းကိုပဲကြည့်၊ အကြိမ်ကြိမ် အခါခါ မှား၊ ဒီလောက် အကြိမ်ကြိမ်အခါခါ မှားနေတဲ့ မဲစာရင်းဟာ ၃၀ ရာခိုင်နှုန်း ပဲ မှန်နိုင်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြောတယ်ဆိုတော့ လူ ၁၀၀ မှာ ၃၀၊ ဘယ်လိုလုပ် တရားမျှတ နိုင်တော့မလဲ။ စာမေးပွဲ ဖြေရင်တောင် ၄၀ ရမှ အောင်တာ။ ၄၀ ရာခိုင်နှုန်း လောက်ဆိုရင်တော့ အောင်မှတ်ရသေးတာပေါ့။ တရားမျှတမယ်လို့လည်း လုံးဝ မယုံဘူး။
မေး။ ။ ရွေးကောက်ပွဲက တရားမျှတမယ်လို့လည်း မယုံကြည်ဘူး၊ ရွေးကောက်ပွဲနိုင်ဖို့ မနိုင်ဖို့ကိုလည်း မျှော်လင့်ချက် မထားဘဲ နဲ့ ရွေးကောက်ပွဲကို ဝင်ပြိုင်မယ်ဆိုတော့ အကြောင်းပြချက်က ဘာဖြစ်မလဲ။
ဖြေ။ ။ ပထမ (၁) ချက်ကတော့ မဖြစ်မနေ ဝင်ရမယ့် နေရာ ၃ နေရာရှိတယ်။ ဒါက ပါတီရပ်တည်ရေး အတွက်။ ပြီးတော့ အခု ၂၁ ယောက် ဝင်ဖြစ်သွားတယ် ဆိုတာက ရှုံးသည်နိုင်သည် အဓိက မဟုတ်ဘူး။ အနည်းဆုံးတော့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို တနိုင်ငံလုံးအနှံ့ ပြန်သိသွားမယ်။
မေး။ ။ ဆိုလိုတာက ရွေးကောက်ပွဲရဲ့ ကမ်ပိန်းကာလကို အသုံးချပြီး ပါတီရပ်တည်ချက်၊ ပါတီအကြောင်းကို ပြန်သိအောင် ကြိုးစားတဲ့သဘောပါလား။
ဖြေ။ ။ ဟုတ်ပါတယ်။
မေး။ ။ လွှတ်တော်ထဲ ရောက်ခဲ့သည်ရှိသော် အကျဉ်းထောင် ဥပဒေလိုမျိုး ဥပဒေတွေကို ပြုပြင်ဖို့ ကြိုးစားမယ်လို့ ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ တွေ့ရတယ်။ တခြား အဓိကထား ပြင်ချင်တဲ့ ဥပဒေတွေ ရှိဦးမလား။
ဖြေ။ ။ ပထမဦးဆုံးကတော့ အခြေခံဥပဒေ ပြင်ရမှာပဲ။ ပြီးတော့ အရင်ဆုံးပြင်သင့်တဲ့အထဲမှာ ပုဒ်မ ၁၈ လိုမျိုးဟာပေါ့။ ဘယ် လိုမှ မရှိသင့်တဲ့ ကိစ္စလေ။ ဒီမိုကရေစီ စနစ်ကို တကယ်သွားနေပြီဆိုရင် သွားနေပြီလို့လည်း တချိန်လုံး ပြောနေတာ။ မကြားချင် လောက်အောင် ပြောနေတာ။ အဲဒီတော့ ဒီမိုကရေစီကို တကယ်သွားနေပြီဆိုရင် ပုဒ်မ ၁၈ ဟာ လုံးဝကို မရှိသင့်တဲ့ဟာလေ။ လူထု က ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ဆန္ဒကို အချိန်မရွေး ဖော်ထုတ်ခွင့် ရှိရမယ်။ ဘာလို့ အဲဒီခွင့်ပြုမိန့်တွေ တောင်းနေရမှာလဲ။ ဘာလို့ ပုဒ်မ ၁၈ တွေနဲ့ အရေးယူခံရမှာလဲ။ အခြေခံဥပဒေထဲမှာကိုက မတရားတဲ့ဥပဒေတွေ အရမ်းများနေတယ်လေ။ လုပ်ရမှာတွေတော့ အများကြီးရှိတယ်။ တော်တော်များများကြီး ရှိတယ်။ အဓိကကတော့ အခြေခံ ဥပဒေပဲ။
မေး။ ။ ကြေညာစာတမ်းထဲမှာ ပြောထားတာတော့ တော်တော်စုံတယ်။ ဘယ်ကဏ္ဍကို အရင်ဆုံးနဲ့ အလုပ်ချင်ဆုံး ဖြစ်မလဲ။
ဖြေ။ ။ အလုပ်ချင်ဆုံးကတော့ အမျိုးသမီးနဲ့ ကလေးသူငယ်ကဏ္ဍပဲ။ အမျိုးသမီးတွေနဲ့ ကလေးတွေကလေ အရမ်းအားနည်း တယ်။ ကလေးသူငယ်နဲ့ ပတ်သက်ရင် သက်ငယ်မုဒိန်းမှုတွေ အများကြီး ကြားနေရတယ်။ ဘယ်လိုမှ ကြားလို့တောင် မကောင်း ဘူး။ ဒါပေမယ့် ရုံးတွေမှာ သွားမတိုင်တန်းရဲကြဘူး။ အဲဒီ အရှက်တရားတွေနဲ့ပဲ ဖုံးပြီးတော့ ဒီအမှုတွေဟာ အများကြီးပဲ မြန်မာပြည် မှာ မပေါ်ဘူး။ အဲဒါတွေအတွက် ကျမ သိပ်လုပ်ပေးချင်တယ်။ ပြီးတော့ ကလေးသူငယ်တွေက ရန်ကုန်နဲ့ နေရာ တော်တော်များများမှာ ကြည့်လိုက်၊ ကလေးစားပွဲထိုးတွေချည်းပဲ။ အဲဒါတွေက အများကြီး လုပ်ရဦးမှာ။ အဲဒီတော့ ကျမက လွှတ်တော်ထဲ ရောက်ခဲ့ရင် ကိုယ်နဲ့ ရည်ရွယ်ချက်တူတဲ့ ဒီမိုကရက်တစ် အင်အားစုတွေထဲက အမတ်တွေအားလုံး စုပေါင်းပြီးတော့ လုပ်မယ်ဆိုရင်တော့ အောင်မြင်နိုင်မယ်လို့ မျှော်လင့်တယ်။
မေး။ ။ ဘာများ ထပ်ဖြည့်စွက်ပြောချင်ပါသေးလဲ။
ဖြေ။ ။ ကျမတို့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီက ပါတီရဲ့ Goal ကတော့ ရွေးကောက်ပွဲ မဟုတ်ဘူး။ တကယ်လို့ မနိုင်ခဲ့ ရင် လည်း လွှတ်တော်ပြင်ပ နိုင်ငံရေးကို လုပ်နေဦးမှာပါ။ ဆက်လုပ်နေဦးမှာ ၂၇ နှစ်လုံးလည်း လုပ်ခဲ့ပြီးပြီ။ ပိုပြီးလွတ်လပ်တာက တော့ လွှတ်တော်ပြင်ပ နိုင်ငံရေးက ပိုပြီးတော့ လွတ်လပ်တယ်။ အခု လွှတ်တော်ထဲကို သွားချင်တယ် ဆိုတာကတော့ လွှတ်တော် အတွင်းနဲ့ လွှတ်တော်ပြင်ပ ၂ ခု ကျမတို့က အချိတ်အဆက်မိမိသွားရင် ပိုပြီးတော့ နိုင်ငံရေးမှာ ပိုပြီးတော့ ထိရောက်တယ်ထင်လို့၊ ပိုတွန်းနိုင်မယ် ၂ ခုလုံးကို တပြိုင်နက်တည်း လုပ်ကြမယ်လို့ ဝင်အရွေးခံတာ ဖြစ်တယ်။
အရွေးခံရသည် ဖြစ်စေ၊ မခံရသည် ဖြစ်စေ၊ ပြည်သူလူထုကို ပိုပြီးနီးနီးကပ်ကပ် ဆက်ဆံရတာရယ်၊ ပြည်သူလူထုရဲ့ လိုအပ်ချက် တွေ ကို ပြည်သူလူထုဆီက တိုက်ရိုက်ကြားပြီးတော့ အပြန်အလှန် ဆွေးနွေးငြင်းခုံရတာတွေဟာ ကျမတို့အတွက် အမြတ်ဖြစ်ပါတယ်။ ကိုယ့်ပါတီရဲ့ Brand ကလည်း ပြည်သူလူထုထဲကို ရောက်သွားပြီဆိုရင် ၂၀၂၀ အတွက် အဆင်သင့် ဖြစ်သွားမှာပါ။ အဲဒါက ကျမတို့အတွက် နိုင်ငံရေး အမြတ်ပါ။ ။