အခုလက်ရှိ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်က စပ်ကြား/ကပြားစနစ် ဖြစ်တယ်လို့ ပြောနိုင်မယ့် စရိုက်လက္ခဏာတွေ အများကြီးရှိပါတယ်။ အဲဒီလို စနစ်တွေမှာ ရွေးကောက်ပွဲတွေရှိပေမယ့် ရွေးကောက်ပွဲတွေက တရားမျှတမှုတော့ မရှိပါ။
နိုင်ငံရေးစနစ်တခုလုံးအပြင် ရွေးကောက်ပွဲစနစ်အတွင်းမှာပါ လိမ္မာပါးနပ်စွာ စီမံထည့်သွင်းထားတဲ့ အထူး အခွင့်အရေး တွေ အများကြီးကို အာဏာရနိုင်ငံရေးပါတီက ရယူထားပြီး နိုင်ငံရေးကို ကစားနေပါတယ်။ စပ်ကြား/ကပြားစနစ်မှာ ရွေးကောက်ပွဲတွေ ဘယ်လိုကျင်းပနေတယ်ဆိုတာကို ဘောလုံးပွဲနဲ့ တင်စား ဥပမာပေးချင်ပါတယ်။
သမာရိုးကျ ကျင်းပတဲ့ ဘောလုံးပွဲတခုမှာဆိုရင် ၂ သင်းလုံးစီမှာ ကစားသမား ၁၁ ယောက်စီရှိကြပါတယ်။ သမာသ မတ်ကျပြီး လုံး၀ ဘက်မလိုက်တဲ့ ဒိုင်လူကြီးတွေက စည်းမျဉ်းစည်းကမ်းတွေကို ပညာရှင်ဆန်ဆန် ကျင့်သုံးပြီး ပွဲကို ထိန်းပေးပါတယ်။
အခုပြောမယ့် ဘောလုံးပွဲကို အခုလို မြင်ကြည့်ပါ။ ဘောလုံးပွဲကျင်းပမယ့်နေရာက မတ်စောက်တဲ့ တောင်ကုန်းတခု ဖြစ်တယ်ဆိုပါစို့။ အာဏာရ ပါတီအသင်းက သူ့ရဲ့ဂိုးပေါက်ကို တောင်ကုန်းထိပ်မှာ ထားရှိပါတယ်။ အတိုက်အခံပါတီ အသင်းကတော့ သူ့ရဲ့ဂိုးပေါက်ကို တောင်ကုန်းအောက်မှာပဲ ထားခွင့်ရပါတယ်။ အဲဒီတော့ အာဏာရပါတီအသင်းက အထူးတလည် ကြိုးစားအားထုတ်နေစရာ မလိုတော့ဘဲ တောင်ကုန်းအတိုင်း အောက်ဘက်ကို ဘောလုံး ကန်ချလိုက် ရုံပါပဲ။ အတိုက်အခံပါတီအသင်းကတော့ အမြဲတမ်း တောင်ကုန်းပေါ်ကို ပြေးတက်နေရလို့ မောပန်းနေပါလိမ့်မယ်။ (ဥပမာ၊ မဲစာရင်းတွေကို ထပ်ကာတလဲလဲ စစ်ဆေးနေသလိုမျိုးပေါ့)
အာဏာရပါတီ အသင်းအတွက် ဖွင့်ပေးထားတဲ့ ဂိုးပေါက်အကျယ်အဝန်းက သာမန်ဂိုးပေါက်တွေထက် ၂ ဆလောက် တောင် ပိုပြီးကျဉ်းနေပါတယ်။ အတိုက်အခံပါတီအသင်းအတွက် ဂိုးပေါက်အကျယ်အဝန်းကတော့ ပုံမှန်ထက် ၂ ဆ လောက် ပိုကျယ်နေပါလိမ့်မယ်။ အာဏာရပါတီ အသင်းဘက်မှာ ကစားသမား ၁၅ ယောက်တောင် ပါဝင်ကစားနေပြီး အတိုက်အခံပါတီ အသင်းဘက် မှာတော့ ကစားသမား ၈ ယောက်လောက်ကိုပဲ ခွင့်ပြုထားပါလိမ့်မယ်။
ပွဲအတွက် အဓိက တာဝန်ရှိသူ ဒိုင်လူကြီးဆိုတာကလည်း အရင်တုန်းက အာဏာရပါတီအသင်းဘက်ကနေ ပါဝင် ကစားခဲ့ဖူးပါတယ်။ ပွဲစလို့ ၅ မိနစ်လောက်ရှိတယ်ဆိုရင်ပဲ အဆိုပါ ဒိုင်လူကြီးက အတိုက်အခံပါတီအသင်းကို ဒဏ် ခတ်ပြီး ပြစ်ဒဏ်ဘော ပေးလိုက်ပါတယ်။ ဒါကြောင့်မု့ိ ပွဲကစားပြီး ၅ မိနစ်အကြာမှာ အာဏာရပါတီအသင်းက အနိုင်ဂိုး ၁ လုံး သွင်းထားပြီး ဦးဆောင်နေပါတော့တယ်။
နောက်ထပ် ၅ မိနစ်အကြာမှာတော့ ဒိုင်လူကြီးက အတိုက်အခံ အသင်းကို အပြစ်မရှိ အပြစ်ရှာပြီး ပြစ်ဒဏ်ဘော တလုံးထပ်ပေးပါတယ်။ အာဏာရပါတီအသင်းက အတိုက်အခံ အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင် ကစားနေတယ် ဆိုပါတော့။ နောက် ၅ မိနစ်အကြာမှာ ပြစ်ဒဏ်ဘော တလုံးထပ်ပြီး ပေးလိုက်တာကြောင့် ပွဲရလဒ်က ၃ ဂိုး ဂိုးမရှိ ဖြစ် နေပါတော့တယ်။
ဒါပေမယ့် ပွဲကစားပြီး မိနစ် ၂၀ အကြာမှာ အတိုက်အခံ အသင်းဘက်က ဘောလုံးပါရမီနဲ့ ခြေစွမ်းရှိတဲ့ ကစားသမား လေးတယောက်က ချေပဂိုး ပြန်ရယူနိုင်လိုက်လို့ ပွဲက ၃ ဂိုး ၁ ဂိုး ဖြစ်နေပါတော့တယ်။ အဲဒီတော့ ပွဲနားချိန်မှာ အာဏာရပါတီ အသင်းမန်နေဂျာက အဆိုပါ အတိုက်အခံအသင်းဘက်က ခြေစွမ်းရှိ လူငယ်လေးကို သူတို့ အသင်း ဘက်ကို ကူးပြောင်းလာဖို့ ဒေါ်လာ ၁ သန်းပေးပြီး တိတ်တဆိတ် လာရောက်မြူဆွယ်မှာ သေချာနေပါပြီ။ ပြီးတော့ “အနိုင်ရမယ့် အသင်းဘက် ” မှာ လာရောက်ကစားတာက ကောင်လေးအနာဂတ်အတွက် ပိုမိုစိတ်ချရ မှာဖြစ်ပြီး “ရှုံးမှာ သေချာသူတွေ” နဲ့ ကစားလို့ အချိန်ကုန်တာမျိုး ဖြစ်တော့မှာ မဟုတ်ဘူးလို့လည်း ပြောမှာပါ။
စပ်ကြား/ကပြားနိုင်ငံတွေမှာ ကစားကြတဲ့ ပွဲဆိုတာ ဒီလိုမျိုးပါပဲ။ နောက်ဆုံးမှာ ပွဲကို ဘယ်သူနိုင်သွားမလဲဆိုတာ မေး ချင်စရာပါ။ အာဏာရပါတီ အသင်းက အနိုင်ရသွားမယ်ဆိုတာ ထင်ရှားနေသလိုပါပဲ။ ဘယ်သူက အကောင်းဆုံး ကစားသမားဖြစ်လို့ ဦးဆောင်ကစားသင့်တယ်၊ ဘယ်သူကပဲ အနိုင်ဂိုးတွေကို သွင်းယူသင့်တယ်လို့ အတိုက်အခံ အသင်းဘက်မှာ အမြဲတမ်း အငြင်းပွားနေကြမယ်ဆိုရင် အာဏာရပါတီ အသင်းကပဲ နိုင်သွားတော့မှာ ပိုပြီးသေချာ သွားပါတယ်။ ဒါလည်း အမှန်ပါပဲ။ စပ်ကြား/ကပြားနိုင်ငံတွေမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ အာဏာရပါတီတွေပဲ (အမြဲ တမ်းနီးပါး) နိုင်ကြတာ များပါတယ်။ အတိုက်အခံပါတီတွေ အမြဲတမ်း ရှုံးကြတာများပါတယ်။ (ရုရှား၊ ကမ္ဘောဒီးယားနဲ့ မလေးရှားနိုင်ငံတွေကို ကြည့်ပါ။)
ဒါပေမယ့် အံ့အားသင့်စရာတွေလည်း ဖြစ်လာနိုင်ပါသေးတယ်။ အာဏာရပါတီ အသင်းဘက်က သူ့ရဲ့ဂိုးပေါက်ကို တောင်ကုန်းထိပ်မှာ တည်ထားပြီး ကစားသမားကလည်း ၁၅ ယောက်တောင်ရှိကာ၊ ဒိုင်လူကြီးကလည်း သူတို့ဘက်မှာ ရှိနေတာ မှန်ပေမယ့် အတိုက်အခံအသင်းက ဘာစီလိုနာအသင်းဖြစ်တယ်ဆိုပါတော့။ ကစားသမား ၈ ယောက်ပဲ အတိုက်အခံတွေဘက်မှာ ရှိပေမယ့် သူတို့တွေက မက်စီ၊ နေမာ၊ ဆွာရက်စ်နဲ့ တခြား ကစားသမားကောင်းတွေ ဖြစ်ကြပြီး အသင်းလိုက် စုစည်းညီညွတ်မှုလည်း ရှိကာ၊ ကစားပုံကစားနည်း မဟာဗျူဟာ ကလည်း ကောင်းတယ် ဆိုပါတော့။ ဒါဆိုရင် ဘယ်သူနိုင်မလဲ မေးလာရပါတော့မယ်။ ဘာစီလိုနာအသင်း နိုင်သွားနိုင် ပါတယ်။
အခက်အခဲ အတားအဆီးတွေ အများကြီးရှိပေမယ့် မက်စီ၊ နေမာ၊ ဆွာရက်စ်တို့က ဂိုးတွေအများကြီး သွင်းသွားနိုင်ပါတယ်။ အဲဒီလိုသာ ကြံ့ကြံံ့ခိုင် ကစားနိုင်မယ်ဆိုရင် အတိုက်အခံတွေကို အားပေးတဲ့ ပရိသတ် ကိုယ်တိုင်လည်း အားတက်လာနိုင်ပါတယ်။ အကြောင်းကတော့ အသင်းနဲ့ ကစားသမားတွေကိုသာ သဘောကျရုံတင် မဟုတ်သေးဘဲ တရားမမျှတတဲ့ ကစားပွဲကို ပရိတ်သတ်ကိုယ်တိုင်ကလည်း မုန်းတီးနေပါတယ်။ ဒါကြောင့်မို့ မမျှတတဲ့ အခြေအနေ ကြားကနေ တဖက်စောင်းနင်းဖြစ်နေတဲ့ စည်းမျဉ်းစည်းကမ်းတွေ ကြားကနေ ကြိုးစားကန်တဲ့ အသင်းကို သူတို့က အနိုင်ရစေချင်နေပါတယ်။ ပရိတ်သတ်တွေက အော်ဟစ်အားပေး လာကြပါ လိမ့်မယ်။
အဲဒီလို အားပေးသံတွေကြောင့် မက်စီ၊ နေမာ၊ ဆွာရက်စ် တို့က အားတွေတက်လာပြီး နောက်ထပ်ဂိုးတွေ အဆက် မပြတ် သွင်းလာတာကြောင့် မိနစ် ၇၀ အတွင်းမှာ ၇ ဂိုး ၃ ဂိုးနဲ့ ဘာစီလိုနာအသင်းက ဦးဆောင် ကစားသွားတော့မှာပါ။ နောက်ထပ်ကျန်နေတဲ့ မိနစ်ပိုင်းအတွင်းမှာလည်း နောက်ထပ် အနိုင်ဂိုးတွေကို ဆက်ပြီး ကန်သွင်းတော့မှာ သေချာ နေပါတယ်။
စပ်ကြား/ကပြားနိုင်ငံရေးစနစ်မှာ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲတွေကို ကျင်းပပေးမယ်ဆိုရင် အာဏာရပါတီကပဲ အမြဲတမ်းနိုင်သွားပါလိမ့်မယ်။
ဒါပေမယ့် အတိုက်အခံ အသင်းဘက်မှာ အရမ်းကို ထူးချွန်တဲ့ ကစားသမားတွေရှိနေပြီး အသင်းလိုက် ကစားတာကလည်း စုစည်းညီညွတ်နေပြီး ပရိတ်သတ်တွေရဲ့ တခဲနက်အားပေးမှုကို ရနေတဲ့ ထူးထူး ခြားခြား ကစားပွဲဖြစ်တယ် ဆိုပါတော့။ အဲဒီလိုမျိုး ထူးခြားတဲ့ပွဲတွေမှာ အဟန့်အတားတွေ အမျိုးမျိုးနဲ့ အများကြီးရှိပေမယ့် အတိုက်အခံအသင်းက ကျော်ဖြတ် ပြီး နိုင်သွားတာလည်း ဖြစ်နိုင်ပါတယ်။
(အီဂေါ ဘလာဇဗစ် (Igor Blazevic) သည် ဒီမိုကရေစီနှင့်ယဉ်ကျေးမှု စင်တာ (Center for Democracy and Culture) မှ သုတေသီတဦး ဖြစ်သည်)