လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲမသမာမှု ကင်းစင်ရေးနှင့် ဆန္ဒမဲများ ကိုယ်စားလှယ်လောင်းထံ အမှန်ရောက်ရှိရေးအတွက် ကြိုတင်မဲ စစ်တမ်းကောက်ယူရေး လုပ်ငန်း (ကိုရီးယား) အဖွဲ့က ကိုရီးယားရောက် မြန်မာနိုင်ငံသားများထံမှ ကြိုတင်မဲစစ်တမ်း ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာသံရုံး၌ ကြိုတင်မဲ လာပေးမည့်သူများအား စစ်တမ်းကောက်ခြင်းနှင့် အင်တာနက်မှတဆင့် စစ်တမ်းကောက်ယူမှုကို ပြုလုပ်သွားမည်ဟု ကြိုတင်မဲစစ်တမ်း ကောက်ယူရေးလုပ်ငန်း (ကိုရီးယား) အဖွဲ့ တာဝန်ခံတဦးဖြစ်သူ ဦးဝင်းလှိုင်က ဧရာဝတီကို ပြောသည်။
“မဲပေးခွင့် မရလိုက်တဲ့သူတွေကိုလည်း ကောက်ယူမယ်။ ရလာတဲ့ အချက်အလက်တွေကို အသံလွှင့် ဌာနတွေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့တွေကို ပေးပို့မှာပါ” ဟု ဦးဝင်းလှိုင်က ပြောသည်။
ကိုရီးယားရောက် မြန်မာများသည် အောက်တိုဘာလ ၁၅ ရက်မှ ၁၈ ရက်အထိ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲ ပေးရမည်ဖြစ်ကြောင်း ဦးဝင်းလှိုင်က ဆက်ပြောသည်။
ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ သြဂုတ်လ ၈ ရက်အထိ ကြိုတင်မဲပေးရန် လျှောက်ထားသူ ၅၅၄၅ ဦးသာ ရှိကြောင်းနှင့် လျှောက်လွှာများကို ဆက်လက် လက်ခံလျက်ရှိရာ အပြီးသတ် မဲပေးခွင့်ရှိသူ စာရင်းကို အောက်တိုဘာလ ပထမပတ်တွင် ကြေညာပေးမည်ဖြစ်ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။
ကိုရီးယားနိုင်ငံသို့ တရားဝင် သွားရောက်နေထိုင်သည့် မြန်မာနိုင်ငံသား စုစုပေါင်း ၂ သောင်းကျော် ရှိသော်လည်း ကြိုးတင်မဲပေးရန် လျှောက်ထားသူဦးရေမှာ လက်ရှိအချိန်အထိ ၆ ထောင်ကျော်သာရှိသေးကြောင်း ကြိုတင်မဲစစ်တမ်း ကောက်ယူရေးလုပ်ငန်း (ကိုရီးယား) အဖွဲ့က ပြောသည်။
ကြိုတင်မဲပေးရန် လျှောက်ထားသည့် လူဦးရေ အရေအတွက် နည်းပါးခြင်းမှာ မဲပေးကြမည့်သူများက ကြိုတင်မဲအပေါ် ယုံကြည်မှု နည်းပါခြင်း၊ သံရုံးများနှင့် ပြည်ပရောက် နိုင်ငံသားများအကြား ထိတွေ့မှု နည်းပါးခြင်းတို့ကြောင့် ဖြစ်ကြောင်း ဦးဝင်းလှိုင်က ပြောသည်။
ကိုရီးယားနိုင်ငံ ယုံအင်းမြို့တွင် ဒီဇိုင်းဘာသာရပ် တက်ရောက်သင်ကြားနေသူ မစုမြတ်မောင်က “မဲစာရင်းမှားလို့ နောက်တခါ ထပ်တင်ရသေးတယ်။ အခုအပြီးသတ်စာရင်းမှာ ပါ၊ မပါ စောင့်နေရတယ်။ ကျမ ပေးလိုက်တဲ့မဲက ကိုယ်စားလှယ်လောင်းဆီ မရောက်ဘဲ သူတို့တမျိုး လုပ်ပစ်လိုက်မှာတော့ စိုးရိမ်တယ်” ဟု ဧရာဝတီကို ပြောသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ ကြိုတင်မဲစာရင်းများ စစ်တမ်းကောက်ယူခြင်းကို တခြားသော နိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများနှင့်လည်း ချိတ်ဆက် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းနေကြောင်း ကြိုတင်မဲစစ်တမ်း ကောက်ယူရေးလုပ်ငန်း (ကိုရီးယား) အဖွဲ့က ပြောဆိုသည်။
ရွေးကောက်ပွဲတွင် မဲမသမာမှု မဖြစ်စေရေးအတွက် ကောက်ယူထားသည့် ကြိုတင်မဲ စစ်တမ်းများကို လွှတ်တော် ကိုယ်စားလှယ်လောင်းများ အနေဖြင့် တန်ဖိုးထား စောင့်ကြည့်ပေးရန် ၎င်းတို့အဖွဲ့က တိုက်တွန်းထားသည်။