လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံပေါင်း ၄၅၁၀ ရှိမည့် မန္တလေးတိုင်း ဒေသကြီးအတွင်း မဲရုံဝန်ထမ်း ရှစ်သောင်းကျော် ထားရှိမည်ဖြစ်သည်။
“မူလတန်းနဲ့ အလယ်တန်းပြ ပညာရေး ဝန်ထမ်းတွေပဲ ထားမှာပါ၊ အထက်တန်းကျ သူတို့အလုပ်တာဝန်တွေနဲ့ မနိုင်နင်းမှာစိုးလို့ပါ” ဟု မန္တလေးတိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအောင်ထွဋ်က ပြောသည်။
မဲရုံဝန်ထမ်းအဖြစ် ခန့်အပ်တာဝန်ပေးမည့်သူ အများစုသည် ပညာရေးဝန်ကြီးဌာနမှ မူလတန်းနှင့် အလယ်တန်းအဆင့် သင်ကြားနေသည့် ဆရာ၊ဆရာမများ ဖြစ်ကြပြီး ရွေးကောက်ပွဲ ကာလနီးလျှင် ၎င်းတို့အား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများ ပို့ချသွားမည်ဟု သိရသည်။
မန္တလေးတိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ စက်တင်ဘာ ပထမပတ်က ပြုစုပြီးသည့် မဲစာရင်းအရ မန္တလေးတိုင်းတွင် လူဦးရေ ၆,၁၆၅,၇၂၃ ရှိရာ မဲပေးပိုင်ခွင့်ရှိသူဦးရေ ၄၁ သိန်းကျော်ခန့်ရှိပြီး မဲရုံပေါင်း ၄၅၁၀ ခန့် ထားရှိသွားမည်ဟု သိရသည်။ ထို့အပြင် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အပါအဝင် နိုင်ငံရေး ပါတီပေါင်း ၂၁ ခုမှ ကိုယ်စားလှယ်လောင်း ၃၉၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။