အင်းလေးကန် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒေသခံလူထု ပိုမိုပါဝင်လှုပ်ရှားလာရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရှမ်း ပြည်နယ်မှ အမျိုးသမီးကြီးများ အဖွဲ့က ပြောသည်။
စက်တင်ဘာ ၂၇ ရက်က ကျရောက်သည့် ကမ္ဘာ့မြစ်ချောင်း အင်းအိုင်နေ့ အထိမ်းအမှတ်ကို ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ရှမ်းပြည်နယ်မှ အမျိုးသမီးကြီးများ အဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့ကြရာ အင်းလေးကန် ရေရှည် တည်တံ့ ခိုင်မြဲရေးအတွက် လက်မှတ်ထိုး လှုပ်ရှားမှုကိုပါ ထည့်သွင်း ပြုလုပ်သည်။
ထိုလက်မှတ်ထိုး လှုပ်ရှားမှုကို ဇွန်လ ၁၅ ရက်မှ စတင်၍ စက်တင်ဘာ ၂၇ ရက်ထိ ကျင်းပခြင်း ဖြစ်ပြီး ရရှိလာသည့် လက်မှတ် ၁၀၀၀၀ ကျော်အား ရှမ်းပြည်နယ် အစိုးရနှင့် နိုင်ငံတော် သမ္မတထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်မှ အမျိုးသမီးကြီးများအဖွ့ဲမှ ဒေါ်စဝ်မြဝတီက“အန်တီတို့က ရှမ်းပြည်နယ်မှာရှိတဲ့ အမျိုးသမီးကြီးတွေနဲ့ ရွာတွေအထိ ဆင်းပြီး လေ့လာတယ်။ ဒေသခံတွေရဲ့ သဘောထား ဘယ်လိုရှိလဲ။ အမြင်တွေ ဘယ်လိုရှိလဲ ဆိုတာကို လေ့လာပြီးတော့ အင်းလေး ကန် ထိန်းသိမ်းရေး၊ တိုးတက်ရေး ဘယ်လိုရှိနေလဲ ဆိုတာကို တင်ပြတာပါ။ ရည်ရွယ်ချက်က တိုးတက်အောင်လုပ်တဲ့ နေရာမှာ ဒေသခံ ပြည်သူတွေရဲ့ အသံကို နားထောင်ပြီးမှ လုပ်မယ်ဆိုရင် အားလုံးထက် အကျိုးရှိပါမယ်”ဟု ဧရာဝတီကို ပြောသည်။
ရှမ်းပြည်နယ်မှ အမျိုးသမီးကြီးများ အဖွဲ့ကို ရှမ်းပြည်နယ်အတွင်းက အသက် ၆၀ ကျော်မှ ၈၅ နှစ်အထိရှိ အမျိုးသမီးများဖြင့် ဖွဲ့စည်း ထားခြင်း ဖြစ်ကြောင်း သိရသည်။
အင်းလေးကန် ရေခမ်းခြောက်လာမှုနှင့် ပတ်သတ်ပြီး ဆည်မြောင်းဦးစီးဋ္ဌာနက ထိရောက်စွာ တူးဖော်မှု မရှိခြင်း၊ ရေထိန်းရေလွှဲများကို စနစ်တကျ မပြုလုပ်ခဲ့သည့်အတွက် ရေခမ်းခြောက်မှုများ တနှစ်ထက်နှစ်ထက် ပိုစောစွာ ဖြစ်ပေါ်လာကြောင်း၊ အင်းလေးကန် ပတ်ဝန်းကျင်တွင် သစ်ပင်များ လျော့နည်းလာသဖြင့် မိုးရွာသည့်အခါ မြေဆီလွှာ ထိန်းသိမ်းမှု နည်းပါးပြီး ကန်ထဲသို့ နုန်းမြေများအဖြစ် ရောက်ရှိကာ အင်းတိမ်ကောလာရခြင်း ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်သူများနှင့် အင်းဒေသခံ များက ပြောဆိုကြသည်။
အင်းလေးကန်ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ၂၀၁၅ ခုနှစ် ဇူလိုင်လ အတွင်းက ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO) က သတ်မှတ်ခဲ့သည်။