ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်းမြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကျားဖြူ ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်နန်းဝါနုကို ရွေးကောက်ပွဲနယ်မြေ အခြေအနေများ၊ ရှမ်းပြည်သူ များ၏ မဲစာရင်း ကြည့်ရှုမှု အခက်အခဲများနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ် က ဆက်သွယ်မေးမြန်း ထား သည်။
ဒေါ်နန်းဝါနုသည် ဥပဒေ မဟာဘွဲ့ရရှိထားသူ တဦးဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ကျားဖြူပါတီ ကိုယ်စားပြုအနေဖြင့် ကွန် ဟိန်းမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကွန်ဟိန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်ခဲ့သူလည်း ဖြစ်သည်။
၎င်းသည် ၂၀၁၀ ခုနစ်မှစ၍ လွှတ်တော် ၅ နှစ် သက်တမ်းအတွင်း မိုင်းတုံ ရေကာတာ(တန်ဆန်း) တည်ဆောက်မှုကို လွှတ်တော် အတွင်းမှ ကန့်ကွက် လှုပ်ရှားခဲ့သူတဦးလည်း ဖြစ်သည်။
မေး။ ။ ကွန်းဟိန်းဒေသမှာ ရှမ်းပြည်နယ် ပြည်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော်(RCSS/SSA)က မဲဆွယ် စည်း ရုံးရေး မဆင်းဖို့ ပြောထားတဲ့အတွက် အဲ့ဒီဒေသမှာ ဘာတွေ အခက်အခဲ ရှိပါလဲ။
ဖြေ။ ။ ကျမတို့အတွက်တော့ ဘာမှ ခက်ခဲမှု မရှိသေးဘူး။ သူတို့ နယ်မြေကို စည်းရုံးရေး မဆင်းသေးလို့ မသိသေးဘူး။ ကျမ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီးတဲ့နောက်ပိုင်း လွှတ်တော်တက်ပြီးတာနဲ့ လွှတ်တော်ကနေ နားပြီးဆိုရင် တောင်ပိုင်းရော မြောက် ပိုင်း ရော မြို့ထဲမှာရော အမြဲတမ်း လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ ဒီလို လုပ်တဲ့ အကျိုးကျေးဇူးကြောင့် ပြည် သူ တွေက နိုင်ငံရေး ပြောင်းလဲလာတဲ့အခြေအနေ ဒေသဖွံ့ဖြိုးရေး လုပ်ပေးနေတဲ့အခြေအနေ နောက်ပြီး ကျားဖြူ ပါတီ က ကြိုးစား နေတာကို ပြည်သူတွေက တော်တော်များများ သိပြီးသားပါ။
မေး။ ။ ၂၀၁၀ မဲဆွယ်စည်းရုံးရေး နဲ့ ၂၁၀၅ မဲဆွယ်စည်းရုံးရေး အခြေအနေမှာ ဘာတွေ ကွာခြားမှုတွေရှိလဲ။ ပြည်သူတွေကရော ရွေးကောက်ပွဲကို နားလည်မှု ဘယ်လောက် အထိ ရှိနေပြီလဲ။
ဖြေ။ ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲဆွယ်စည်းရုံးရေး တလပဲ ရခဲ့တယ်။ အခုတော့ နှစ်လ ရပါတယ်။ ဒါပေမယ့် ၂၀၁၅ မှာ ပါတီတွေက ပိုများလာတယ်။ ပါတီပိုများလာတော့ စည်းရုံးရေး လုပ်ရတာ ပြည်သူတွေကို မနည်းပြောယူရတယ်။ ပါတီတွေ များလာတဲ့ အတွက်ကြောင့် တချို့ ပါတီတွေ စည်းရုံးတာက ပါတီရေး တိုက်ခိုက်မှု၊ လူပုဂ္ဂိုလ် တိုက်ခိုက်မှု ရှိတဲ့အတွက်ကြောင့် နည်းနည်း တော့ အခက်အခဲ ရှိတယ်။ ဒါကတော့ အဓိက သိပ်တော့ မဟုတ်ဘူးပေါ့။ ပြည်သူတွေက လာနားထောင်ဆိုရင် ကျမတို့ ပြောပြတာတွေ ရှင်း ပြတာတွေ အခုဖြစ်နေတဲ့ လက်တွေ့နိုင်ငံရေး အနေအထားတွေကို ပြောပြရင် သူတို့ အားလုံးလိုလိုက သဘောပေါက်ပါတယ်။
မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲ မှာ ဘယ်အရာတွေက စိန်ခေါ်မှုတွေ ဖြစ်လာနိုင်မလဲ။
ဖြေ။ ။ အဓိက မဲစာရင်းပါ။ မဲစာရင်းက နေရာတိုင်း နေရာတိုင်းမှာ အဆင်မပြေဘူး ဖြစ်နေတယ်။ ကျမတို့ ရှမ်းတွေက ပိုဆိုးတယ်။ ရှမ်းတွေက ပညာတတ်တဲ့လူတွေ တော်တော်နည်းတယ်။ စာတတ်တဲ့သူက တော်တော်နည်းတယ်။ သူတို့ နာမည်ကို သူတို့လာမရှာနိုင်ဘူး။ နောက်ပြီးတော့ အိမ်ထောင်စု စာရင်းတခုတည်းကနေ အစဉ်လိုက်လာတာ မဟုတ်ဘဲ။ မိန်းကလေးကသပ်သပ် ယောကျာ်လေး က သပ်သပ် ဆိုတော့ ပိုဆိုးတာပေါ့။ သူတို့ကမရှာနိုင်ဘူး။ မရှာတတ်ဘူး။ ကျမတို့အနေနဲ့ကလည်း တယောက်ချင်းစီ တိုက် ပေးဖို့ အချိန်မရဘူး။ ဖြစ်နိုင်လို့ရှိရင် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာတဲ့အဖွဲ့က မဲစားရင်းတွေ တိုက်ပေးစေချင်ပါတယ်။ ပြည်သူ တွေက စာမတတ်ပါဘူးဆို သွားကြည့်တော့ရော ဘာထူးမှာလဲ။ အဲ့ဒါကြောင့် လူတော်တော်များများက လာမကြည့်ကြဘူး။ ရှမ်းလို ရေးပေးရင်တော့ သူတို့ အထိုက်အလျောက် သိလာမှာပေါ့။ ရှမ်းလိုရေးရင်တော့ လာကြည့်ကြမှာပေါ့။ ရွာသူရွာသားတွေ ကိုယ်တိုင် က နားလည်မှု မရှိဘူး။ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ရပ်ကွက်တိုင်းကို မဲစာရင်းသွားကြည့်ပါလို့ ပြောသင့်တယ်။
မေး။ ။ ကွန်ဟိန်း မဲဆန္ဒနယ်မှာ မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင် ဘယ်လောက်ရှိပါသလဲ။
ဖြေ။ ။ ကျမ အတိအကျ မသိသေးဘူး။ ခန့်မှန်းခြေ တောင်ပြောလို့မရတဲ့ အနေအထားပါ။ မဲဆန္ဒရှင်စာရင်းက အမြဲတမ်းပြောင်း လဲ နေတယ်။ တပတ် တချိန်လောက်ပြောင်းလဲ နေတယ်။ မဲစာရင်းက အတိအကျမဖြစ်သေးဘူးလို့ ပြောတယ်။ နောက်လ ၁၀ ရက် နေ့ မှ အတိအကျဖြစ်မယ်။
မေး။ ။ ကွန်ဟိန်းဒေသမှာ တိုက်ပွဲတွေ၊ ရေကာတာ တည်ဆောက်မှုတွေကြောင့် ဒေသခံတွေကလည်း အမြဲတမ်း စိုးရိမ်မှုတွေ ရှိနေတဲ့ နေရာတခုပါ။ အဲ့ဒီဒေသက ပြည်သူတွေကို ဘယ်လို ကူညီသွားဖို့ ရှိပါသလဲ။
ဖြေ။ ။ အဲ့ဒီကိစ္စကို ကျမ အနေနဲ့လွှတ်တော် ၅ နှစ်သားကာလ အတွင်းမှာလဲ ကြိုးစားပြီး ဖြေရှင်း ဆောင်ရွက်နေပါတယ်။ ကျမ တို့ ကွန်ဟိန်းနယ် တနယ်လုံး တိုက်ပွဲမဖြစ်ပွားရေး၊ ရှမ်းပြည် တပြည်လုံး တိုက်ပွဲ မဖြစ်ပွားရေး၊ ငြိမ်းချမ်းရေးကို အထူးကြိုးစားတယ်။ လွှတ်တော်ထဲလည်း ပြောပါတယ်။ အဲ့ဒီအပြင် ဒေသခံတွေကလည်း ကျမတို့ တိုက်ပွဲ ဖြစ်ခါနီးပြီ ဖြစ်နေပြီ ဆိုတာ အမြဲတမ်းပြောပါတယ်။ အဲ့ဒီလိုအကြောင်းကြားရင် ကျမက တိုက်ပွဲဖြစ်နေရင် အမြဲတမ်း MPC (မြန်မာငြိမ်းရေး စင်တာ)ကို အကြောင်းကြားတယ်။ အမြဲတမ်း အကူအညီတောင်းတယ်။ သက်ဆိုင်ရာ နှစ်ဖက် ဒီလို မဖြစ်ဖို့ တောင်းပန်တယ်။ တိုင်းမှူးတွေကိုလည်း ပြောပါတယ်။ ၅နှစ် သား ကာလမှာ တိုက်ပွဲတွေ တော်တော် ငြိမ်သွားပါတယ်။
မိုင်းတုံရေကာတာ (တန်ဆန်း)ကို လူတွေအသိများပါတယ်။ လွှတ်တော်မှာ ရေကာတာနဲ့ပတ်သက်ပြီး ကျမ အမြဲတမ်းမေးမြန်းတာ တွေ လုပ်ပါတယ်။ ပြီးတော့ပြည်သူတွေကို ဆည်နဲ့ ပတ်သက်ပြီး အမြဲတမ်းပြောပြပါတယ်။ ကျမကိုယ်တိုင်က မိုင်းတုံ ဆည်နဲ့ ပတ်သက်ပြီး ကန့်ကွက်မှုကို ဦးဆောင်ပြီးလုပ်ပါတယ်။ ကျမ ရွေးကောက်ပွဲ အောင်သွားမယ်ဆိုရင် အဓိက ဒီက ငြိမ်းချမ်းရေး ကိစ္စ၊ ပြည်သူလူထုတွေ ဖိနှိပ်ချုပ်ချယ်ခြင်း မခံရအောင်၊ လူ့အခွင့်အရေး ကိစ္စ၊ ဆည် ကိစ္စကို အရေးပေးဆောင်ရွက်သွားမှာပါ။
မေး။ ။ လွှတ်တော်ကိုယ်စားလှယ် တဦးအနေနဲ့ လွှတ်တော်မှာ ၅ နှစ် ကာလ ထမ်းဆောင်လာခဲ့တဲ့အပေါ်မှာ ဘယ်အရာတွေ က အားရ ကျေနပ်မှုရှိခဲ့လဲ။ ဘယ်အရာတွေကို အားရ ကျေးနပ်မှု မရှိခဲ့လဲ။
ဖြေ။ ။ ၂၀၁၀ ခုနစ်တုန်းက ကျမတို့ က လွှတ်တော်သွားမယ် ပြောရေးဆိုခွင့် အရမ်းရှိမယ်လို့ မထင်ခဲ့ဘူး။ ဒါပေမယ့် လွှတ်တော် ကို ရောက်သွားတဲ့အချိန်မှာ လွှတ်တော်ဥက္ကဋ္ဌက ကျမတို့ကို ပြောရေးဆိုခွင့် ဖွင့်ပေးခဲ့ပါတယ်။ ကိုယ့်ရဲ့ တိုင်းသူပြည်သားတွေရဲ့အရေး ကို ပြောပြနိုင်ခဲ့ တင်ပြနိုင်ခဲ့တယ်။ ပြည်သူအရေးကိစ္စကို တင်ပြနိုင်တယ်။ ဝန်ထမ်းတွေရဲ့ လိုအပ်ချက်ကို ကျမတို့က ဖြည့် ဆည်း ပေးနိုင်တယ်။ အတိုင်းအတာ တခုအထိတော့ ကျေနပ်ပါတယ်။
အားနည်းချက်ကတော့ ဥပဒေ တခုကို ပြင်ဆင်ဖို့ သော်လည်းကောင်း၊ အရေးကြီးကိစ္စ ဆုံးဖြတ်ဖို့ သော်လည်းကောင်း တပ်မတော် ရဲ့ အခန်းကဏ္ဍကို ဖြေလို့မရဘူး။ တပ်မတော်ပါမှ လုပ်လို့ရမယ်ဆိုတဲ့ အားနည်းချက်တော့ ရှိတယ်။ အားနည်းချက်ကို ဖာထေးဖို့ ပြုပြင် ပြောင်းလဲ ဖို့က တပ်မတော်ကို စည်းရုံးနိုင်ဖို့ ပါပဲ။
မေး။` ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာများ ဆက်ပြောချင်ပါသေးလဲ။
ဖြေ။ ။ ၂၀၁၅ ရွေးကောက်ပွဲ က ၂၀၁၀ ထက် ခက်ခဲကြမ်းတမ်းမယ်ဆိုတဲ့ အနေအထားလေး ရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ ကို တည်တည်ငြိမ်ငြိမ် ပြီးသွားဖို့ကို ကျမက အစိုးရပိုင်းရော၊ တပ်မတော်ပိုင်း၊ တိုင်းရင်းသား လက်နက်ကိုင်တွေကို အကူအညီ တောင်း ချင်ပါတယ်။ ကျမတို့ နိုင်ငံအရေး တိုင်းရင်းသားအရေးကို ကြည့်ပြီး ပြည်သူတွေကို စောင့်ရှောက်ပေးပါ။ ကျမတို့ ပါတီ နိုင်ငံ ရေး သမားတွေကိုလည်း စောင့်ရှောက်ပေးပါလို့ ကျမတောင်းဆိုချင်တဲ့အပြင် ပြည်သူလူထုကလည်း အရေးပါပါတယ်။ အရမ်းကို အရေးပါတဲ့အတွက်ကြောင့် ဘယ်ပါတီကိုပဲ မဲပေးချင်ပေးချင် ကိုယ့်နာမည် စာရင်းကို သွားကြည့်ပါ။ နာမည်စာရင်း မပါရင် သွားထည့် ပါ။ နောက်ပြီး ဒီတခေါက်က အာလုံးက အားကျိုးမာန်တက်နဲ့ ကိုယ့်တာဝန် နိုင်ငံသားရဲ့တာဝန်ကိုသိပြီး မဲလာထည့်ပေး ကြပါ။ ။