ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ် တောင်လယ်အုပ်စု ညောင်ဝန်းကျေးရွာရှိ Our Lady of Assumption ကက်သလစ် ခရစ် ယာန် သီလရှင် ကျောင်းတွင် အသက် ၁၄ နှစ်အရွယ်ကလေးတဦးက အသက် ၄နှစ်အရွယ် ကလေးငယ်တဦးကို သတ် ဖြတ် လိုက်မှုအပေါ် မကျေနပ်သည့် ဒေသခံများက အဆိုပါ ကက်သလစ် ကျောင်းကို ဖျက်ဆီးကြကြောင်း သိရှိရသည်။
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်းကျေးရွာမှ အသက် ၄နှစ် အရွယ် ဇွန်ပွင့်ဖြူ (ခ) မမာဒီးနားကို မိဘများက ယင်းကျေးရွာရှိ Our Lady Of Assumption ကက်သလစ် သီလရှင်ကျောင်းတွင် ပုံမှန် သွားရောက်ပို့ထားလေ့ရှိကြောင်း၊ စက်တင်ဘာလ ၂၄ ရက်နေ့က ဇွန်ပွင့်ဖြူ(ခ) မမာဒီးနားကို မိဘများက ကျောင်းတွင် သွားရောက်ထားစဉ် ပျောက်ဆုံး သွားခဲ့ပြီး ၄ ရက်အကြာ စက်တင်ဘာလ ၂၈ ရက်နေ့တွင် မာဒီးနား(ခေါ်) ဇွန်ပွင့်ဖြူ၏ အလောင်းကို သီလရှင် ကျောင်းဝင်း အတွင်းရှိ ခြုံပုတ်အတွင်းမှ ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
လတ်တလော စုံစမ်းဖော်ထုတ်ချက်များအရ ဇွန်ပွင့်ဖြူ(ခ) မမာဒီးနားကို အဆိုပါ သီလရှင်ကျောင်းတွင် လာရောက် နေထိုင် သည့် အသက် ၁၄နှစ်အရွယ် သက်ပိုင်ဦး ဆိုသူက သတ်ဖြတ်သည်ဟု သိရှိခဲ့ရာ မကျေနပ်သည့် မိသားစု ဝင်များနှင့် ဒေသခံ များက အဆိုပါ သီလရှင် ကျောင်းကို တိုက် ခိုက်ဖျက်ဆီးမှုများ ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံလည်းဖြစ်၊ သီလရှင် ကျောင်းနှင့်နီးစပ်သူလည်းဖြစ်သူ ဦးငွေမျိုးက ပြောသည်။
“မာဒီးနာရဲ့ အဖေနဲ့အမေက မနက်အလုပ်သွားရင် ကလေးကို ကျောင်းမှာထားခဲ့နေကြ၊ ငယ်ငယ်လေး ကတည်းက မနက် ဆိုထား ညနေဆိုပြန်ခေါ်လုပ်နေကြပါ။ အဲဒီကလေးကို သတ်တယ်ဆိုတဲ့ ကလေးက အသက် ၁၄ နှစ် အရွယ် ကောင်လေး ကလည်း ကျောင်းကိုရောက်တာ ရက်ပိုင်းပဲရှိသေးတယ်။ World Vision က စောင့်ရှောက်ထားတဲ့ ကလေး ကျနော်က မွေး စား ဖို့ ခေါ်ပြီး ဒီကျောင်းမှာထားတာ၊ တရားဝင်တော့ လွှဲမယူသေးဘူး။ ဘာလို့လဲဆိုတော့ ဒီသီလရှင် ကျောင်းဘော်ဒါ မှာ ပျော်မှ ကျနော်က ခေါ်မွေးစားမှာ အခုမှရောက်တာ ရက်ပိုင်းပဲရှိသေးတယ်။ မပျော်ဘူးလို့ပြောလို့ ပြန်ပို့ပေးမလို့ မအားသေး လို့ မပို့ဖြစ်တာနဲ့ အခုလို ဖြစ်ကုန်တာပဲ”ဟု ဦးငွေမျိုးက ပြောသည်။
ဒေသခံများ၏ ဖျက်ဆီးမှုကြောင့် သီလရှင်ကျောင်းတွင် ပျက်စီးမှုများစွာ ရှိနေပြီး လုံခြုံရေး တာဝန်မယူနိုင်၍ ကျောင်းတွင် နေထိုင်သော ခရစ်ယာန်သီလရှင်များနှင့် သင်းအုပ်ဆရာများမှာလည်း ထွက်ပြေးနေရကြောင်း သိရှိရသည်။
“တဖြည်းဖြည်းအခြေအနေပိုဆိုးလာလို့ ရဲတွေကိုမေးတယ်။ လုံခြုံရေးကို တာဝန်ယူနိုင်မလားဆိုတော့ သူတို့က အာမခံနိုင်ဘူးလို့ပြောလို့ ကျနော်တို့ ညတွင်းချင်း ကား ၂ စီးနဲ့ ထွက်ပြေးခဲ့ရတာ။ ကျနော်တို့ဘက်ကတော့ သူတို့ အပေါ်မှာ တရားစွဲတာ အရေးယူတာတွေမလုပ်ပါဘူး။ ခွင့်လွှတ်နားလည်ပေးပါတယ်။ သို့သော် မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတော့ ကမ္ဘာပျက်သလိုခံစားရတယ်။ အဲဒီကျောင်းကို သီလရှင်တွေလည်း ပြန်သွားရဲမှာမဟုတ်တော့ဘူး။ အစိုးရဘက်က လုံခြုံရေးကို တာဝန်ယူမှပဲကျောင်းမှာ ပြန်နေရဲကြမှာ” ဟု ခရစ်ယာန် ကျောင်းထိုင်ဘုန်းကြီး ဘင်ဂျမင်ထွေးနိုင်က ဆိုသည်။
လတ်တလော မောင်သက်ပိုင်ဦး (၁၄)နှစ်အား ပေါက်ခေါင်းမြို့နယ် ရဲစခန်းတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ ဖြင့် အရေးယူထားပြီး ကလေးသူငယ်အခွင့်အရေးအရ တရားသူကြီး၏ခွင့်ပြုချက်ဖြင့် အာမခံပေး၍ ပေါက်ခေါင်းမြို့နယ် ရဲစခန်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်တဦး၏ နေအိမ်တွင်ထိန်းသိမ်းထားကြောင်း ပြည်ခရိုင် ဒုတိယ ရဲမှူးကြီး အောင်သက်နိုင်က ဧရာဝတီသို့ပြောသည်။
“ဒါဘာသာရေးပြဿနာမဟုတ်ပါဘူး။ ဒီဖြစ်စဉ်ဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းအရင်းက မိဘနဲ့ ကင်းကွာနေတဲ့ ကလေး လူငယ်တယောက်ရဲ့ စိတ်ကြောင့်ဖြစ်တာပါ။ ဒါမျိုးဟာလည်း ဒီဒေသတွေမှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်မရှိခဲ့ပါဘူး။ အသက် ငယ်တဲ့ သူတို့ရဲ့ ဒေသခံကလေးဖြစ်သွားတဲ့အပေါ် သူတို့ရဲ့စိတ် ဝုန်းဒိုင်းကျဲလိုက်တဲ့ အနေအထားလေးပါ။ ဒါကိုလည်း ထိခိုက် နစ်နာလောက်အောင် မီးရှို့တာ ဖျက်ဆီးတာ ကြမ်းတမ်းတာ မဟုတ်ပါဘူး။ လုံခြုံရေးကိုလည်း စိတ်ချရအောင် Security Force တိုးပြီးချထားပြီးပါပြီ” ဟု ပြည်ခရိုင်ဒုတိယရဲမှူးကြီးအောင်သက်နိုင်က ပြောသည်။
ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်းကျေးရွာတွင် အိမ်ထောင်စု ၂၈၀ ကျော်ရှိပြီး ကက်သလစ်ဘာသာဝင် အိမ်ထောင်စု ၂ စု သာရှိကာ Our Lady Of Assumption ကက်သလစ် သီလရှင်ကျောင်းမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်က တည်ရှိ ခဲ့သည့် ကက်သလစ်သီလရှင်ကျောင်းဖြစ်ကြောင်း၊ ယင်းကျောင်းတွင် ကရင်တိုင်းရင်း သားမူလတန်းနှင့် အလယ်အတန်း အဆင့် ကလေးငယ် ၁၃ ဦး နေထိုင် ပညာ သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပေါက်ခေါင်းမြို့နယ်အာဏာပိုင်များနှင့် ဘာသာပေါင်းစုံ ခေါင်းဆောင်များတွေ့ဆုံညှိနှိုင်းကာ အေးချမ်းစွာ ပြီးဆုံးနေထိုင်နိုင်ရေးအတွက်ဆွေးနွေးကြောင်း ပြည် ကက်သလစ်သာသနာ၏ ဂိုဏ်းချုပ်ဆရာတော် အလက် ဇန္ဒား ပြံးချိုက ပြောသည်။