ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်အဖြစ် ဂုဏ်ပြုကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲတွင် ဆုပေးစင်မြင့်ကြမ်းပြင်၌ ဗိုလ်ချုပ်အမည်နှင့် ရုပ်ပုံပါ အခင်းကို အသုံးပြုခဲ့မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အနေဖြင့် တောင်းပန်ကြောင်း စက်တင်ဘာ ၂၇ ရက်နေ့ ဆုပေးပွဲအပြီး ညပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဆုပေးပွဲတွင် တက်ရောက် ချီးမြှင့်ခဲ့သူများက ဗိုလ်ချုပ်အောင်ဆန်း အမည်နှင့် ပုံပေါ်တွင် တက်ရပ်နေသည့် ဓာတ်ပုံများ အင်တာနက် စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများ ပြင်းထန်စွာ ထွက်ပေါ်လာရာ MFF က ယင်းသို့ အဂါရဝ ဖြစ်ခဲ့မှုအတွက် အနူးအညွတ် တောင်းပန်ကြောင်း ကြေညာထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
နှစ်ပေါင်းအတော်ကြာ ကျင်းပခြင်းမရှိခဲ့ဘဲ ယခု ၂၀၁၅ ခုနှစ်တွင် ပထမဆုံး ပြန်လည် ကျင်းပခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ဒိုင်း ဗိုလ်လုပွဲစဉ်အဖြစ် ဧရာဝတီ ယူနိုက်တက်အသင်းနှင့် ရတနာပုံအက်ဖ်စီ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာတွင် ဧရာဝတီ ယူနိုက်တက်အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဆုပေးပွဲစင်မြင့်ကို MFF အနေဖြင့် ခမ်းခမ်းနားနားဖြစ်စေရန် ဒီဇိုင်းလုပ်ငန်းတခုသို့ အပ်နှံဆောင်ရွက်ခဲ့ခြင်း ဖြစ်သော်လည်း ယခုကဲ့သို့ အဂါရဝဖြစ်စေသည့် မသင့်တော်သောနေရာတွင်ပါ ဗိုလ်ချုပ်အမည် ထည့်သွင်း သုံးစွဲမိခဲ့ခြင်းမှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ပြိုင်ပွဲကျင်းပရေး ကော်မတီတို့တွင်သာ အပြည့်အ၀ တာဝန်ရှိပါကြောင်း ထုတ်ပြန်ထားသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က “အဲဒီလို လုပ်ဆောင်တာကို အစိုးရအဖွဲ့အနေနဲ့ ကြိုတင် မသိခဲ့ပါဘူး။ မီဒီယာများကတဆင့် သိရှိခဲ့ရချိန်မှာလည်း အစိုးရအဖွဲ့အနေနဲ့ ဒီလုပ်ရပ်ကို လက်မခံပါဘူး။ အထူးသဖြင့် ရွေးကောက်ပွဲကာလမှာ ဒီလို ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ခြင်းဟာ ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ အစိုးရအဖွဲ့ကိုပါ အထင်မှားစေတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ယူဆပါတယ်” ဟု ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာမှတဆင့် ပြန်လည် ရှင်းလင်းထားသည်။
ဆုပေးပွဲသို့ စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး ဆန်းဦး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဧရာဝတီ ယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးမင်းလှိုင်၊ ဇွဲကပင်အသင်း ပိုင်ရှင် ဦးလှဌေး၊ MFF အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်တို့ တက်ရောက်ကာ ဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။