တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့က အစိုးရနှင့် အပစ်ရပ်စာချုပ် လက်မှတ်ရေး ထိုးမည်ဟု ယနေ့ သဘောထား တရပ် ထွက်ရှိလာပြီ ဖြစ်သော်လည်း ကျန် လက်နက်ကိုင် အဖွဲ့ အများစုကမူ လတ်တလော အပစ်ရပ်စာချုပ်တွင် လက် မှတ် ရေးထိုးမည် မဟုတ်ဘဲ အခြေအနေ ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စက်တင်ဘာလ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၉ ခု ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ဒုတိယမြောက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်း အရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KPC)၊ ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ (ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့က အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမည်ဟု ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်မတော် (AA) တို့က အပစ်ရပ်စာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လက်မှတ်ထိုးရေး အစိုးရက သဘောမတူညီသေး၍ အပစ်ရပ်စာချုပ် လက်မှတ်မထိုးဟု သိရှိရသည်။
ထို့ပြင် အစိုးရက အပစ်အခတ် ရပ်စဲရေး မလုပ် ဘဲ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ကို တိုက်ရိုက်ဝင်ရောက်ရန် သဘောတူ ထား သည့် ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) ၃ ဖွဲ့တို့ကလည်း အပစ်ရပ်စာချုပ် လက်မှတ် မထိုးသေးသည့် တိုင်းရင်းသားအဖွဲ့များနှင့်အတူ တသဘောထားတည်း ရပ် တည် ကြမည်ဖြစ်ကြောင်း သိရှိရသည်။
ချင်းမိုင်မြို့တွင်ပြုလုပ်နေသော ထပ်သီးအစည်းအဝေး သို့ လေ့လာသူ အဖြစ် တက်ရောက်နေကြသော ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/ SSA)နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာ မိတ် တပ် ပေါင်းစု (NDAA) မိုင်းလား အဖွဲ့တို့လည်း လက်မှတ်ထိုးမထိုး ဆုံးဖြတ်ချက်မပေးနိုင်သေးဘဲ အခြေအနေကို ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုးမည်ဟု ကြေညာလိုက်သော KNU က အဖွဲ့၏ သဘောထား၊ မူများအရ လက်မှတ် ထိုးရန် ရွေးချယ်ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း အားလုံးပါဝင်ရေးမူ ကို ကျောခိုင်းခြင်းမဟုတ်ကြောင်း KNU အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောသည်။
“ကျနော်တို့ KNU ရဲ့ပေါ်လစီမှာ Progressive Realization လို့ခေါ်တဲ့ တဆင့်ချင်း အကောင်အထည်ဖော်ရမယ်ဆိုတဲ့ မူကို ကျနော်တို့ ဆွဲကိုင်တယ်။ တပြည်လုံး အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်နိုင်တဲ့ အဖွဲ့အစည်းက စ ပါဝင်လာပြီးတော့ အဲဒီ တပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ကိုင်ပြီးတော့ တပြည်လုံးငြိမ်းချမ်းဖို့အတွက် ဆက်လက် ကြိုးစား ဆောင်ရွက် မယ်ဆိုတဲ့ သဘောထား ရှိတဲ့အပေါ်မှာ ကျနော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်” ဟု ပဒိုကွယ်ထူးဝင်း ကပြောသည်။
အစိုးရက အပစ်ရပ်စာချုပ် ချုပ်ဆိုရာတွင် တိုင်းရင်းသား များ တောင်း ဆိုနေကြသည့် အားလုံးပါဝင်ရေးမူကို ဆန့်ကျင်ပြီး မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့၊ ပလောင် (တအာင်း) အမျိုးသား လွတ် မြောက်ရေး တပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ကို ချန်ရစ်ထားခဲ့ကာ အစိုးရနှင့် ပဏာမ တွေ့ဆုံ ဆွေး နွေးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့နှင့်သာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးရန် ကမ်းလှမ်း ထားသည်။
အပစ်ရပ်စာချုပ် လက်မှတ် မထိုးရန် ဆုံးဖြတ်ထားသော ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ အတွင်းရေးမှူး ၁ ဦးအောင်ဆန်းမြင့် က “ကျနော် တို့အနေနဲ့ ဘယ်တော့ လက်မှတ်ထိုးမလဲဆိုတာကတော့ အစိုးရပေါ်မှာ မူတည်တယ်။ ကျ နော် တို့က အားလုံး ပါဝင်ရေး မူ ကို တောင်းဆိုထားတယ်လေ။ သူဘက်က ဒီနေ့လက်ခံတယ်ဆိုရင် ဒီနေ့လည်း ဖြစ်နိုင် တယ်။ မနက်ဖြန်လည်း ဖြစ်နိုင်တာပဲ။ အချိန်ယူ တယ် ဆိုတာ နောက်ဘယ်အစိုးရတက်မှ၊ နောက်ဘယ်နှစ်လမှ ဆိုတာ မျိုး မဟုတ် ဘူး။ ကျနော်တို့ပြောတဲ့ အချိန်ဆိုတာက အားလုံးပါဝင်ရေး အချိန် ကိုပြောတာ” ဟု ဆိုသည်။
အစိုးရအနေဖြင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းလိုပါက တိုင်းရင်းသားများ တောင်းဆိုနေသည့် အားလုံး ပါဝင် ရေး မူကို လက်ခံရမည်ဖြစ်ကြောင်း ပလောင် ပြည်နယ် လွတ်မြောက် ရေးတပ်ဦး၊ ပလောင် (တအာင်း) အမျိုးသား လွတ် မြောက်ရေးတပ်မတော် (PSLF/TNLA) အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် အိုက်ဘုန်း က ပြောသည်။
“ညီညွှတ်မှုကို အတတ်နိုင်ဆုံး စုစည်းပြီးတော့ ကျနော်တို့တိုင်းပြည်အတွက် တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည် ဆောက် ချင်တယ်။ ဒါပေမယ့် အစိုးရက အဲလိုမျိုး စေတနာမရှိဘူးလို့မြင်တယ်။ အပြောတမျိုးအလုပ်တမျိုး တဘက်မှာ ငြိမ်းချမ်းရေး ပြောပြီးတော့ တဘက်က ထိုးစစ်က တောက်လျှောက်ရှိနေတယ်။ အစိုးရက စိတ်ရင်းစေတနာမှန်ကန်မှု မရှိဘူးလို့ ဒီလိုပဲပြောချင်တယ်။ ကျနော်တို့ဘက်ကတော့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားတယ်။ ဖြစ်အောင် လည်း ကျနော်တို့ကြိုးပမ်းသွားမယ်” ဟု ဗိုလ်ချုပ် အိုက်ဘုန်း က ပြောဆိုသည်။