ကချင်ပြည်နယ်၊ မြစ်ကြီးနာမြို့ရှိ မနောကွင်းတွင် ကျင်းပမည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လူထုတွေ့ဆုံပွဲကို ကချင်ပြည်နယ် ဝန်ကြီးချုပ်က ပိတ်ပင်ထားခြင်းနှင့် ပတ်သက်၍ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်သို့ စာတင်ထားကြောင်း သိရသည်။
အဆိုပါ ဟောပြောခွင့်ကို မနောကွင်း ကော်မတီက ခွင့်ပြုထားသော်လည်း ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ဦးလဂျွန်ငန်ဆိုင်းက ပိတ်ပင်ထားကြောင်း၊ မနောကွင်းတွင် လူထုဟောပြောခွင့် ရရှိရန် ကော်မရှင်သို့ ယမန်နေ့တွင် တင်ပြထားကြောင်း မြစ်ကြီးနား NLD အောင်နိုင်ရေး တာဝန်ခံ ဦးဇော်လွင်က ဧရာဝတီသို့ ပြောသည်။
“ကွင်း မရစရာ မရှိပါဘူး။ ရဖို့ များပါတယ်။ ဒီကွင်းက အစိုးရ ဝန်ကြီး ပိုင်တဲ့ နေရာမဟုတ်ဘူး။ မနောကွင်း ကော်မရှင် ပိုင်ရှင်တာ။ မနောကွင်း ကော်မရှင်တွေက ခွင့်ပြုတယ်။ ကျနော်တို့ မနောကွင်းမှာပဲ လုပ်မှာပါ။ လောဆယ်တော့ ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြထားတယ်” ဟု ဦးဇော်လွင်က ဆိုသည်။
မနောကွင်းအား နိုင်ငံရေးပါတီများ၊ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ၏ မဲဆွယ်စည်းရုံးရေး၊ ပြည်သူများနှင့် တွေ့ဆုံခြင်းများ၌ အသုံးပြုခွင့်ပြုပါက ကချင်မျိုးနွယ်စုများအကြား ပြဿနာဖြစ်ပွားနိုင်ပြီး ဒေသတည်ငြိမ် အေးချမ်းမှု ထိခိုက်ပျက်ပြားနိုင်သည်ဟု ကချင်ပြည်နယ် ဝန်ကြီး ကိုယ်စား၊ အတွင်းရေးမှူး ဦးဇော်သိန်းက ကချင်လူမျိုးများ ရိုးရာ ယဉ်ကျေးမှု ဗဟိုကော်မတီကို ယခုလ ၂၃ ရက်စွဲဖြင့် အကြောင်းကြားခဲ့သည်။
ထို့အပြင် မနောကွင်းကို သုံးစွဲခွင့်ပြုလိုက်ခြင်းကြောင့် နိုင်ငံရေးပါတီများနှင့် မျိုးနွယ်စုများအကြား ပြဿနာ ဖြစ်ပွားလာပါက သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအား ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်းလည်း အသိပေး ကြေညာထားသည်။
ကချင်ပြည်နယ် ဝန်ကြီးရုံးတွင် တာဝန်ကျနေသည့် ဝန်ထမ်းတဦးက “မနောကွင်းက ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်း စပြောင်း လာကတည်းကကို လုံခြုံရေးအရ ဆိုပြီးတော့ ဘယ်သူ့မှကို မငှားဘူး။ အခုက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်မယ်ဆိုရင်ပဲ ခွင့်ပြုတယ်။ ကျန်တာတွေ လုပ်ခွင့် မပေးဘူး၊ ပိတ်ထားတယ်။ NLD ကြောင့်ရယ် ပိတ်တာ မဟုတ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထိုနည်းတူ ကချင်ပြည်နယ် မြောက်ပိုင်း (ကချင်အထူးဒေသ ၁၊ ပန်ဝါဒေသ) တွင် ကချင်ပြည်သူ့ စစ်ခေါင်းဆောင် ဟောင်းနှင့် လက်ရှိ အမျိုးသား လွှတ်တော် အမတ်လောင်း ဦးစခုန်တိန့်ယိန်းသည် ကချင်ပြည်နယ်တွင်းရှိ ၎င်း၏ မဲဆန္ဒနယ်မြေ အမှတ် ၅ တွင် NLD ကိုယ်စားလှယ်လောင်းများကို မဲဆွယ်စည်းလုံးမှု မပြုလုပ်ရန် သတိပေးမှုများ ရှိသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ဦးစခုန်တိန့်ယိန်းကို ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့က ယနေ့ နေ့လည် ပိုင်းတွင် ခေါ်ယူ တွေ့ဆုံကြောင်း သိရသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး NLD ကိုယ်စားပြု အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် ၅ မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးကျော်ကျော်ဦး က “ခေါ်တော့ တွေ့ပါတယ်။ ဦးစခုန်တိန့်ယိန်းလည်း လာတယ်။ ဒါပေမယ့် ဦးစခုန်တိန့်ယိန်းက ဘာမှမပြောဘူး။ ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူးကတော့ မဲဆွယ်မှု ပြန်လုပ်လို့ရပြီဆိုပြီး ပြောပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်ကို အောက်တိုဘာ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ သွားရောက်မည် ဖြစ်ပြီး ထိုခရီးစဉ်အတွင်း မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ နမ္မတီး၊ မိုးညှင်း၊ ဗန်းမော်တို့သို့ သွားမည် ဖြစ်ကြောင်းသိရသည်။