၂၀၁၅ ရွေးကောက်ပွဲ၏ လွတ်လပ်မှုနှင့် တရားမျှတမှု အတိုင်းအတာကို ဦးဆောင်ကျင်းပသူများ၏ ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲမှု ရှုထောင့်မှ စောင့်ကြည့်သွားမည်ဟု ရွေးကောက်ပွဲ စောင့်ကြည့်သူများက ပြောကြားလိုက်သည်။
ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်း (YSPS) မှ ဦးစီးပြီး စက်တင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ပြုလုပ်ခဲ့သည့် “လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေး ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲမှု” အကြောင်း ဆွေးနွေးပွဲတွင် ရွေးကောက်ပွဲ အကြိုကာလ စောင့်ကြည့်လေ့လာထားသူ အချို့က ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်း၏ အလုပ်အမှုဆောင် ဒါရိုက်တာနှင့် တွဲဖက်တည်ထောင်သူ တဦးဖြစ်သည့် ဦးမြတ်ကိုကိုက မြန်မာနိုင်ငံသည် ဒီမိုကရေစီ နိုင်ငံ အဖြစ်သို့ ကူးပြောင်းသွားနိုင်ခြေ ရှိမရှိကို ရွေးကောက်ပွဲ၏ အရည်အသွေးကို ကြည့်၍ ဆုံးဖြတ်နိုင်ကြောင်း၊ ရွေးကောက်ပွဲ၏ အရည်အသွေးသည် ရွေးကောက်ပွဲကို ကြီးမှူးကျင်းပပေးသူတို့၏ တာဝန်ဖြစ်ကြောင်း ယင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ဦးမြတ်ကိုကိုက “လောလောဆယ်မှာ ပြည်သူဟာ ဒီမိုကရေစီ ကျင့်စဉ်တွေနဲ့ အသားမကျသေးတဲ့၊ ကျင့်စဉ်တွေကို ကျင့်ပိုင်ခွင့် မရှိသေးတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တယ်ဆိုရင် အဲဒီနိုင်ငံမှာ ရွေးကောက်ပွဲတွေရဲ့ quality ဟာ ရာခိုင်နှုန်း အများစုက ဘယ်သူနဲ့ ဆိုင်သလဲဆိုတော့ ရွေးကောက်ပွဲတွေကို ကြီးမှူးကျင်းပပေးတဲ့သူတွေရဲ့ စီမံခန့်ခွဲမှုနဲ့ ဆိုင်ပါတယ်” ဟု ပြောသည်။