ရခိုင်ပြည်နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲအတွင်း မဲရုံ ဝန်ထမ်း ၃၃၉၁၄ ဦးထားရှိမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ အရာရှိ ဦးသူရိန်ထွဋ်က ဧရာဝတီသို့ ပြောသည်။
မဲရုံဝန်ထမ်းများသည် တနေ့ ကျပ် ၃၀၀၀ နူန်းခံစားရမည်ဖြစ်ပြီး ရွေးကောက်ပွဲမတိုင် တရက်၊ ရွေးကောက်ပွဲ နေ့ တရက်နှင့် ရွေးကောက်ပွဲ အလွန်တရက် စုစုပေါင်း ၃ ရက် တာဝန်ယူရမည် ဖြစ်ကြောင်း၊၎င်း မဲရုံ ဝန်ထမ်းများသည် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူဖြစ်ရမည် ဖြစ်ပြီး နိုင်ငံရေးပါတီလည်း ကင်းရှင်းသူ ဖြစ်ရမည် ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိ ပြုစုထားသည့် စာရင်းအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၁၄၇၆၁၈၃ ဦးရှိပြီး မဲရုံပေါင်း ၂၅၅၀ ရှိရာ ယင်းမဲရုံများတွင် မဲရုံမှူး အပါအဝင် မဲရုံဝန်ထမ်း ၁၀ ဦး ထားရှိမည်ဖြစ်မည်။
ရခိုင်ပြည်နယ် သတင်းထောက် မင်းအောင်ခိုင် ပေးပို့သည်။