ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး (EAOs) တွင် အင်အားကြီး လက်နက်ကိုင်အဖွဲ့တခုဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) အပါအဝင် လက်နက်ကိုင် ၇ ဖွဲ့က အစိုးရနှင့် အပစ်ရပ် လက်မှတ်ရေးထိုးကြရန် ယခုလ ၂၉ ရက်နေ့ အစည်းအဝေး ဒုတိယမြောက်နေ့တွင် ဆုံးဖြတ်ချက် ပေးလိုက်ကြသည်။
ထိုထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၉ ဖွဲ့အနက် KNU ပါဝင်သည့် ၇ ဖွဲ့က ထိုးရန် ဆုံးဖြတ်ခဲ့ကြပြီး ကျန်လက်နက်ကိုင်အဖွဲ့များက အားလုံးအတူတကွ ပါဝင်လက်မှတ်ရေးထိုးရေး ဆိုသည့် အကြောင်းပြချက်ဖြင့် မထိုးရန် ဆုံးဖြတ်ခဲ့ကြသည်။
ထိုအခြေအနေနှင့် ပတ်သက်၍ KNU အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ပဒို စောကွယ်ထူးဝင်းကို ယင်းသို့ ဆုံးဖြတ်ခဲ့သည့် အဖွဲ့၏ သဘောထားနှင့် ပတ်သက်၍ ထိပ်သီးအစည်းအဝေးသို့ ရောက်ရှိနေသည့် ဧရာဝတီ သတင်းထောက်များဖြစ်သည့် ကျော်ခနှင့် ငြိမ်းငြိမ်းတို့က တွေ့ဆုံမေးမြန်းထားသည်။
မေး ။ ။ KNU က လက်မှတ်ထိုးဖို့ အဆင်သင့်ဖြစ်နေတဲ့ အဖွဲ့ထဲမှာ ပါတယ်ဆိုတာသိရတယ်။ ဆိုတော့ ဘယ်လို အဆင်သင့် ဖြစ်တာလဲ။ ဆုံးဖြတ်ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။
ဖြေ ။ ။ ၁ အချက်ကတော့ ကျနော်တို့ KNU ရဲ့ပေါ်လစီမှာကျတော့ ကျနော်တို့ အခု KNU ကရင်အမျိုးသား အစည်းအရုံးနဲ့ အုပ်စိုးတဲ့ အစိုးရနဲ့ ဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခက နိုင်ငံရေးအခြေခံ၊ ပြဿနာက နိုင်ငံရေး၊ ဒီတော့ စစ်ရေးနဲ့ဖြေရှင်းလို့ မရဘူး ဆိုတာက ကျနော်တို့ မူလကတည်းက သဘောထားရှိတယ်။ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမယ်ဆိုတဲ့ သဘောထား ရှိထားတော့ ကျနော်တို့လည်း KNU ရဲ့ အဆက်ဆက် ကွန်ဂရက်မှာလည်း ဆုံးဖြတ်ချက် ချခဲ့တယ်။ ကြိုးစားခဲ့တယ်။ ဒါပေမယ့် နိုင်ငံရေး တွေ့ဆုံမှု ဖြစ်မြောက်တဲ့ အထိတော့ တခါမှ မရှိခဲ့ဘူး။ အပစ်အခတ် ရပ်စဲရေးဆိုတာ တခါမှ မလုပ်ခဲ့ဖူးဘူး။ ဒီအစိုးရ လက်ထက်မှာ ဖိတ်ခေါ်တာက အပစ်အခတ် ရပ်စဲရေးလုပ်ပြီးလို့ ရှိရင်တော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ သွားမယ်ဆိုတဲ့ ဖိတ်ခေါ်ချက်တွေ ရှိလာပြီ။ ဒါပေမယ့် ဒီဖိတ်ခေါ်ချက်တွေကတော့ မူလက အစိုးရသဘောထားက အဲဒီလိုသဘောတော့ မရှိဘူး။ တိုင်းရင်းသားတွေဘက်က ပူးပေါင်းဆောင်ရွက်ပြီးတော့ ဒီကိစ္စက အပစ်အခတ် ရပ်စဲရေးလုပ်ပြီးလို့ရှိရင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ ကျနော်တို့ရဲ့ တောင်းဆိုချက်နဲ့ အစိုးရ လက်ခံလာတဲ့ အပေါ်မှာ ဒါက ကျနော်တို့နဲ့ တထပ်တည်း ဖြစ်တဲ့အတွက်ကြောင့် လက်ခံတာဖြစ်တယ်။
အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်တာကတော့ လက်နက်ကိုင် ပဋိပက္ခကို ကျနော်တို့က ပထမဦးဆုံး ရပ်ဆိုင်းပြီးမှ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကိုလည်း သွားနိုင်မယ်။ ဖြောင့်ဖြောင့်ဖြူးဖြူးနဲ့ အေးအေးဆေးဆေး သွားနိုင်မယ်ဆိုတဲ့ အပေါ် မူတည်ပြီးတော့ ကျနော်တို့ လက်ခံခဲ့တာ ဖြစ်တယ်။ ဒါကကျနော်တို့ မူတချက် နောက်တချက်ကတော့ ကျနော်တို့ NCA နဲ့ ပတ်သက်ပြီးတော့ ရရှိလာတဲ့ ကျနော်တို့ အတည်ပြုမူချောကို ကျနော်တို့ KNU ရဲ့ ဗဟိုကော်မတီ ပြန်စည်းဝေးပြီးတော့ ဒါကို ကျနော်တို့ လက်ခံတယ်။ အတည်ပြုတယ်။ ဒီအပေါ်မှာ လက်မှတ်ရေးထိုးပြီးတော့ တခြား တိုင်းရင်းသားတွေနဲ့အတူ လက်မှတ်ရေးထိုး ပြီးတော့ ပူးပေါင်း အကောင်အထည်ဖော်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်လာခဲ့တယ်။ ဒါကတော့ ကျနော်တို့ KNU ရဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်။
နောက်ပြီးတော့ ကျနော်တို့ ပြည်သူတွေ လိုလားနေ၊ ကျနော်တို့ ကရင်တမျိုးသားလုံး လိုလားနေတာက ငြိမ်းချမ်းရေး ဖြစ်တဲ့အတွက်ကြောင့်လည်း ဒီအခြေခံ နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးဖို့ ဖြစ်ပေါ်ဖို့ အတွက် ကျနော်တို့ KNU အနေနဲ့ လက်မှတ်ရေးထိုးပြီးတော့ တခြား လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေနဲ့ သက်ဆိုင်ရာ Stakeholder တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲကို သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကျနော်တို့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။
မေး ။ ။ KNU က အားလုံးပါဝင်ရေးမူကို လက်ခံထားတယ်။ အခုအချိန်မှာ ကျနော်တို့ သိထားတဲ့ အနေအထားအရ လက်မှတ်ထိုးမှာ ၇ ဖွဲ့ဆိုပြီး သိရတယ်။ ဆိုတော့ အားလုံး တပြိုင်တည်း ပါမသွားနိုင်တဲ့ အနေအထားမှာ ကျောခိုင်းသွားတဲ့ အနေအထား ဖြစ်နေမလား။
ဖြေ ။ ။ အဲဒီလိုသဘော မဟုတ်ဘူး။ ကျနော်တို့က NCA အပေါ်မှာ လက်ခံတဲ့ အပေါ်မှာ မူတည်တယ်။ နောက်ပြီးတော့ NCA ကို လက်ခံတဲ့နေရာမှာ အကောင်အထည် ဖော်မှုမှာကျတော့ ကျနော်တို့က ပြန်ပြီးတော့ သုံးသပ်မှာ ဖြစ်တယ်။ ကျနော်တို့ ပထမဦးဆုံး အပစ်အခတ်ရပ်စဲရေးကို မရောက်သေးခင်မှာကြတော့ တဖွဲ့ချင်းက လက်မှတ်ရေးထိုးပြီးတော့ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်လိမ့်မယ်။ နောက်ပိုင်းမှာ တိုင်းရင်းသားတွေက တောင်းဆိုမှုနဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး လုပ်ပါ။ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး လုပ်ပါဆိုတဲ့ တောင်းဆိုချက် အဟောင်းကိုပဲ ဆက်လက်ပြီး တောင်းဆိုတာကို အခုအစိုးရလက်ထက်မှာ လက်ခံလိုက်တာ ဖြစ်တယ်။
အကုန်လုံးပါဝင်ရေးဆိုတာ မူအရ ကျနော်တို့ လက်ခံတယ်။ လက်တွေ့ အကောင်အထည်ဖော်တဲ့ နေရာမှာကျတော့ ပါဝင်သင့်တဲ့အချိန် ပါဝင်ထိုက်တဲ့ အဖွဲ့အစည်းတွေ သူ့နေရာနဲ့သူ ပါမယ်။ နောက်ဆုံးမှာကျတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး အကုန်လုံးပါဝင်တဲ့မူကို အဲဒီမှာ ဆုံရပ်အနေနဲ့ သွားထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားတွေရဲ့ ဖြစ်ပေါ်မှု သူ့ရဲ့ရည်မှန်းချက်၊ ရပ်တည်ချက်တွေက တူချင်မှ တူမယ်။ ဒီအပေါ်မှာ ကျနော်တို့ ရည်မှန်းချက်တူတာတော့ ရှိတယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်မယ်ဆိုတဲ့ ရည်မှန်းချက်၊ ဒါပေမယ့် လိုအပ်မှုကျတော့ တနေရာနဲ့ တနေရာမတူဘူး။ ဒါက ကျနော်တို့ရဲ့ လက်ရှိအနေအထား အရှိအတိုင်းပေါ့လေ။
ဒီနေရာမှာ ကျနော်တို့က အကောင်အထည်ဖော်တဲ့ နေရာမှာ ကျနော်တို့ KNU ရဲ့ ပေါ်လစီမှာ Progressive Realization လို့ခေါ်တဲ့ တဆင့်ချင်း အကောင်အထည် ဖော်ရမယ်ဆိုတဲ့မူကို ကျနော်တို့ ဆွဲကိုင်တယ်။ တပြည်လုံး အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်နိုင်တဲ့ အဖွဲ့အစည်းက စ ပါဝင်လာပြီးတော့ အဲဒီ တပြည်လုံး အပစ်အခတ် ရပ်စဲရေးစာချုပ်ကို ကိုင်ပြီးတော့ တပြည်လုံး ငြိမ်းချမ်းဖို့အတွက် ဆက်လက် ကြိုးစား ဆောင်ရွက်မယ်ဆိုတဲ့ သဘောထား ရှိတဲ့အပေါ်မှာ ကျနော်တို့ ဆောင်ရွက်တာ ဖြစ်ပါတယ်။
မေး ။ ။ ဒီလိုဆုံးဖြတ်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ KNU အဖွဲ့အစည်း အတွင်းမှာရော အားလုံးနဲ့အတူ သွားချင်တယ် ဆိုပြီးတော့မှ ဖြစ်နေတဲ့ အနေအထားမျိုးရော ရှိနိုင်လား၊ နောက် အဖွဲ့အစည်းအတွင်းမှာရော ရိုက်ခတ်မှု တစုံတရာ ရှိနိုင်လား။
ဖြေ ။ ။ အဖွဲ့အစည်းအတွင်းမှာကတော့ အမျိုးမျိုး အမြင်ရှိနိုင်တာပေါ့။ အဖွဲ့အစည်းအတွင်းမှာ မကပါဘူး။ ဒါကတော့ လူတဦးချင်းမှာတောင် ဆန္ဒက နှစ်ခုကွဲနေတဲ့ အနေအထားရှိရင်လည်း ရှိနိုင်တာပေါ့။ ဒါပေမယ့် အဖွဲ့အစည်းရဲ့မူ၊ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်အပေါ် မူတည်ပြီးတော့ ဆုံးဖြတ်တဲ့အပေါ်မှာ ဒီမိုကရေစီနည်းကျကျ ဆုံးဖြတ်တဲ့ အတွက်ကြောင့် ကျနော်တို့ ဗဟိုကော်မတီမှာကျတော့၊ ကျနော်တို့ KNU အဖွဲ့အစည်းတခုလုံး ဦးဆောင်တဲ့အဖွဲ့မှာ လက်ခံဆုံးဖြတ်တဲ့ဟာကျတော့ ဘယ်သူမှလည်း ငြင်းပယ်မှာ မဟုတ်ဘူး။ ကိုယ့်ရဲ့ ဆန္ဒတော့ ရှိမှာပေါ့၊ ကိုယ့်ရဲ့ တယောက်ရဲ့အမြင်၊ ဒါပေမယ့် အများအဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်ကိုတော့ ကျနော်တို့က လိုက်နာရမှာပဲ၊ ဒါကတော့ ရှိမှာပဲပေါ့နော်။
မေး ။ ။ ရန်ကုန်မှာ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေ သွားတွေ့ပြီး ဒီမှာ ပြန်လာပြီး ရှင်းလင်းတဲ့ အစည်းအဝေးမှာ ရှင်းလင်း ဖြေကြားချက်တွေနဲ့ ပတ်သက်ပြီးတော့ ကျန်တဲ့တိုင်းရင်းသား အဖွဲ့တွေရဲ့ လက်ခံနိုင်မှုက ဘယ်လိုများရှိပါသလဲ။
ဖြေ ။ ။ ဒါကနှစ်ခုရှိတယ်ဗျ။ တခုက ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စုစည်းတယ်။ နောက်ဆုံး အဆုံးသတ် ညှိနှိုင်းရေးအတွက် သူတို့ကိုလည်း ဆုံးဖြတ်ပိုင်ခွင့်၊ ညှိနှိုင်းပိုင်ခွင့် အတည်ပြုပိုင်ခွင့်ပေးမယ်။ သူတို့ ရလာတဲ့ ရလဒ်အပေါ်မှာ ဒီရလဒ် ဒါပဲရှိတယ်။ ရှိတဲ့ အပေါ်မှာ ဒါက လက်ခံမလားဆိုတာ စုစည်းမှုနဲ့သွားတဲ့ နည်းလမ်းတခု ဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့က စုစည်းမှုအပေါ်မှာ တာဝန်ပေးလိုက်တဲ့ ခေါင်းဆောင် တင်ပြမှု ရလဒ်ကို လက်မခံဘဲနဲ့ ကိုယ့်နည်းနဲ့ကိုယ် သွားမယ်ဆိုလို့ရှိရင်တော့ ဒါကတော့ တမျိုးပေါ့နော်။
ဒါ နှစ်ခုရှိတယ်လို့ ကျနော်မြင်တယ်။ တခုက ကျနော်တို့ လုပ်ပိုင်ခွင့်ပေးလိုက်တာက သူတို့က အတည်ပြုပိုင်ခွင့် ပေးလို့ရှိရင်၊ ရလာလို့ရှိရင် ဒီဟာသာ လက်မခံလို့ရှိရင် ကိုယ့်လမ်းကိုထွင်တဲ့ သဘောမျိုးဖြစ်တယ်။
မေး ။ ။ အားလုံးပါဝင်ရေးမူနဲ့ ပတ်သက်ပြီးတော့ ကျန်တဲ့ အဖွဲ့တွေအားလုံး ပါဝင်လာအောင် အဆင့်ဆင့် လုပ်သွားမယ်လို့ ပြောကြတာရှိတယ်။ အဲဒီအဆင့်ဆင့် လုပ်သွားမယ့်အဖွဲ့တွေကို ဒီကျန်တဲ့ အဖွဲ့တွေကရော လိုက်ပါ လုပ်ဆောင်ကြမလား။ အဆင်သင့် မဖြစ်သေးဘူးဆိုတာ ဒီအချက်အလက်တွေပေါ်မှာ အဆင်သင့် မဖြစ်သေးတာလား။
ဖြေ ။ ။ ကျနော်တို့တွေ အဆင့်ဆင့် ပါဝင်ရေး နည်းနာရှာမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ကျနော်တို့ တဖွဲ့တစည်းက ဆုံးဖြတ်တာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ တိုင်းရင်းသား ထိပ်သီးအစည်းအဝေး ကနေပြီးတော့ ဆုံးဖြတ်တာဖြစ်တယ်။ ပထမတော့ အကုန်လုံး ပါဝင်ရေးကို ညှိနှိုင်းတယ်။ ညှိလို့မရလို့ရှိရင် မပါနိုင်တဲ့ အဖွဲ့တွေကျတော့ နိုင်ငံရေးအရ၊ စစ်ရေးအရ ဘယ်လိုရှိသင့်သလဲဆိုတာ အစိုးရ တောင်းဆိုတယ်။ အစိုးရကလည်း သူ့ဘက်က ရပ်တည်ရပ်တည်မှု ပြန်တင်ပြတယ်။ အပြည့်အစုံ မရှိပေမယ့်လည်း ဒီရရှိတဲ့ အဆင့်ပေါ်မှာ ဆက်တက်ပြီးတော့ ကြိုးစားရမှာပဲ၊ ဒီအပေါ်မှာ လက်မခံနိုင်တဲ့ အနေအထား ရှိတဲ့အပေါ်မှာ ဒါကအကြောင်း တခုပေါ့နော်။
မေး ။ ။ အခုအခြေအနေအရ နိုင်ငံရေးဆွေးနွေးပွဲတွေ အတူတူသွားနိုင်ရေးက ဘယ်လိုဖြစ်သွားမလဲ။
ဖြေ ။ ။ နိုင်ငံရေး ဆွေးနွေးပွဲမှာကျတော့ အခုကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတဖွဲ့တည်း မဟုတ်ဘူး။ နိုင်ငံရေးပါတီတွေလည်း ရှိမှာပဲ။ နိုင်ငံရေး ဆွေးနွေးပွဲသွားလို့ရှိရင် အခုလက်ရှိ လက်နက်ကိုင် ပဋိပက္ခရှိပြီးတော့ မတရားအသင်းအဖွဲ့ထဲ ထည့်ထားတဲ့ အဖွဲ့တွေကတော့ NCA လက်မှတ်ရေးထိုးပြီးမှ မတရားအသင်းကနေ ထုတ်ပြီး ပယ်ဖျက်မယ်။ ပယ်ဖျက်လို့ရှိရင် အစိုးရနဲ့ တန်းတူ တရားဝင်တွေ့နိုင်တဲ့ အနေအထား ရှိတယ်။ ဒါမှလည်း ကျနော်တို့ တခြားနိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံတဲ့နေရာမှာ မတရားအသင်းအဖွဲ့နဲ့ ငြိစွန်းမှု မရှိတော့ဘူး။ ဒါက လက်တွေ့ကျတဲ့ လုပ်ငန်းတခုလို့ ကျနော်တို့ မြင်တယ်။
တချို့အဖွဲ့မှာကျတော့ လက်နက်ကိုင်ပဋိပက္ခ မဖြစ်တဲ့အတွက် မတရားအသင်းထဲကိုမှ မရှိတာ။ မရှိတဲ့အဖွဲ့တွေကျတော့ ခင်ဗျားတို့က လက်မှတ်ထိုးစရာ မလိုဘူး။ နိုင်ငံရေးဆွေးနွေးပွဲ သွားပါဆိုတာကို မလက်ခံတဲ့ အဖွဲ့တွေလည်း ရှိတယ်။ တကယ်တမ်းဆို ဒီအဖွဲ့အစည်းမှာကျတော့ NCA ကို လက်မှတ်ရေးထိုးရခြင်းဟာ ပဋိပက္ခရှိပြီးတော့ မတရားအသင်းမှာ ထည့်ထားတဲ့ အသင်းအဖွဲ့တွေ ဖြစ်တယ်။ မတရားအသင်းအဖွဲ့ထဲကို ထည့်ထားပြီးတော့မှ NCA လက်မှတ်ရေးထိုးမှသာ သူက တရားအသင်းတော့ ဖြစ်မလာသေးဘူး။ ဒါပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးတဲ့ နေရာမှာကျတော့ တန်းတူ အပြန်အလှန် အသိအမှတ် ပြုအနေနဲ့ ဆွေးနွေးဘက်အနေနဲ့ သတ်မှတ်ထားလို့ရှိရင် နိုင်ငံတော် တည်ဆောက်တဲ့ နေရာမှာကျတော့ တကယ့် အစုအဖွဲ့ခြားတွေ နိုင်ငံရေးပါတီတို့ လူထုလူတန်းစားအဖွဲ့ပါနိုင်တဲ့ အနေအထားတခု အတွက်ကြောင့် အဲဒီလိုလုပ်တာ ဖြစ်တယ်။
မေး ။ ။ ဒါပေမယ့် နိုင်ငံရေးဆွေးနွေးပွဲမှာ လက်နက်ကိုင် အားလုံးတော့ တပြိုင်တည်း မပါနိုင်တော့ဘူးပေါ့။
ဖြေ ။ ။ တကယ်လို့ လက်မှတ် မရေးထိုးသေးလို့ရှိရင်တော့ ပါနိုင်တယ်။ ဒါပေမယ့် ဆုံးဖြတ်ပိုင်ခွင့် ဆွေးနွေးပိုင်ခွင့် မရှိဘူး။ လေ့လာသူအဖြစ်နဲ့ တက်လို့ရတယ်။ အဲဒီလို အခွင့်အရေးတခုတော့ ပေးထားတယ်လို့ ကျနော်တော့ အဲဒီလို သဘောပေါက်တယ်။ သမ္မတနဲ့ တွေ့တဲ့အချိန်မှာလည်း ပြောတယ်။ (ဝန်ကြီး) ဦးအောင်မင်းကလည်း ပြောတယ်။
မေး ။ ။ NCA ထိုးပြီးတော့ရော ထိုးလိုက်တဲ့ အဖွဲ့တွေကြားထဲမှာ သေနက်သံတွေက ငြိမ်သွားမလား။ အာမခံချက် ရနိုင်မလား။
ဖြေ ။ ။ ဒီကမ္ဘာကြီးထဲမှာ လင်မယားနှစ်ယောက် လက်ထပ်ပြီးတော့ ချစ်ကြ ခင်ကြ ဘယ်လိုပဲဖြစ်ဖြစ် အသွင်မတူတဲ့ နေရာမှာကျတော့ ရန်ဖြစ်တာတွေ ရှိမှာပဲ။ စိတ်မပြေလည်တာတွေရှိမှာပဲ၊ ဒါတွေက သဘာဝပဲ။ လက်မှတ်ရေးထိုးလို့ သေနတ်လုံးဝ တိတ်သွားတယ် ဆိုတာကတော့ ကျနော်တို့ မျှော်လင့်ချက် လက်တွေ့မှာကျတော့ ဖြစ်ချင်မှ ဖြစ်မယ်။ မယုံကြည်မှုတို့၊ သံသယရှိမှုတို့ စိုးရိမ်မှုရှိမှုတဲ့အပေါ်မှာ ဒါတွေက ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒါတွေ ပပျောက်ဖို့ တဖြည်းဖြည်းနဲ့ ရှင်းသွားရမှာဗျ။ တပြည်လုံး အပစ်အခတ် ရပ်စဲရေးဆိုတာ လက်တွေ့မှာကျတော့ ရနိုင်တဲ့အပိုင်းက ရပ်ပြီးတော့ တဖြည်းဖြည်းလုပ်သွား ရှိနေတဲ့အပေါ်က တခြားတပြည်လုံး တိုက်ပွဲတွေ ပြန်မဖြစ်ဖို့ ဒါက အဓိက ရနိုင်တဲ့နေရာကနေ တဖြည်းဖြည်းတပြည်လုံး ရပ်သွားအောင် ဆောင်ရွက်ရမယ့်နည်းလမ်းတခု ကျနော်တို့က အဲဒီ Progressive Realization အဲဒါကို ဆိုလိုတာ ဖြစ်ပါတယ်။