နေပြည်တော်ကောင်စီ၊ ဒကိ္ခဏသီရိမြို့နယ်၊ ဂျန်းရှင်း ဈေးဝယ်စင်တာအနီး သံတမန်အိမ်ရာ စီမံကိန်း နယ်မြေအတွင်း သမီးရည်းစားစုံတွဲကို လူ ၄ ယောက်က မုဒိန်းပြုကျင့်၊ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒကိ္ခဏသီရိမြို့နယ် ရဲတပ်ဖွဲ့က ပြောသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၉ ရက် ည ၁ နာရီခန့်က လယ်ဝေးမြို့နယ် သပြေပင် ကျေးရွာတွင် နေထိုင်ကြသည့် သမီးရည်းစားစုံတွဲက ဂျန်းရှင်း ဈေးဝယ်စင်တာအနီးသို့ ဆိုင်ကယ်ဖြင့် သွားစဉ် ၎င်းတို့အတွဲအနီးသို့ ဆိုင်ကယ် ၂ စီးဖြင့် အမည်မသိ လူငယ် ၄ ဦး ရောက်လာကာ ခြိမ်းခြောက်၍ သံတမန်အိမ်ရာ စီမံကိန်းနယ်မြေအတွင်း ခေါ်သွားခဲ့ကြောင်း၊ ထို့နောက် ၎င်းတို့က အမျိုးသားကို ဝိုင်းဝန်းထိုးကြိတ်၍ ဓားဖြင့်ထိုးခဲ့ပြီး အမျိုးသမီးကို မုဒိန်းပြုကျင့်ခဲ့ခြင်း ဖြစ်သည်ဟု ကာယကံရှင်၏ စစ်ချက်အရ သိရကြောင်း ဒက္ခိဏသီရိမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ကျ ရဲအရာရှိ တဦးက ဧရာဝတီကို ပြောသည်။
“(အမျိုးသား) ကို ဆိုင်ကယ်ပေါ်က ဆွဲချပြီး ဓားနဲ့ထိုးတယ်။ ကောင်မလေးကို အဓမ္မပြုကျင့်တယ်။ ကောင်မလေးက ထွက်ပြေးလာပြီး အနီးနားက လုံခြုံရေးတယောက်ဆီ ရောက်သွားခဲ့တယ်။ မနက်လင်းတော့ ရဲစခန်းကို ရောက်လာတာ။ ရဲတွေက အခင်းဖြစ်နေရာကို သွားပြီးစစ်ဆေးတော့ ကောင်လေးအလောင်းကို တွေ့တယ်။ ကောင်မလေးကိုတော့ မိဘလက်ထဲ ပြန်အပ်ထားပြီးပြီ။ တရားခံတွေကို ဖမ်းဆီးရမိရေးအတွက် အမြန်ဆုံး ဆောင်ရွက်နေပါတယ်။ နီးစပ်ရာ နေရာတွေကိုလည်း စုံစမ်းနေတယ်” ဟု အဆိုပါ တာဝန်ကျ ရဲအရာရှိက ပြောသည်။
အမည်မသိလူ ၄ ဦးက ဝိုင်းဝန်းသတ်ဖြတ်မှုကြောင့် သေဆုံးသူ ချစ်နိုင်ဦး၏ ခန္ဓာကိုယ်၌ နောက်စေ့ဖူးရောင်ဒဏ်ရာ၊ ယာဘက်နားရွက် နောက်ဘက်တွင် ဓားဒဏ်ရာ ၂ ချက်နှင့် လည်ပင်းတွင် ဓားဒဏ်ရာ ၃ ချက် တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါ ဖြစ်စဉ်အား ပုဒ်မ ၃၀၂/၃၇၆ ဖြင့် ဒကိ္ခဏသီရိမြို့နယ် ရဲစခန်းတွင် အမှုဖွင့် အရေးယူလျက်ရှိကြောင်း သိရသည်။
၂၀၁၀ ပြည့်နှစ်တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် မုဒိမ်းမှု ၃၃၇ မှု၊ ၂၀၁၁ ခုနှစ်တွင် မုဒိန်းမှု ၆၀၅ မှု၊ ၂၀၁၂ ခုနှစ်တွင် မုဒိန်းမှု ၆၅၄ မှု၊ ၂၀၁၃ ခုနှစ်တွင် မုဒိန်းမှု ၇၃၄ မှုနှင့် ၂၀၁၄ ခုနှစ် ဇူလိုင်လကုန် အထိ မုဒိန်းမှု ၄၇၀ မှု စုစုပေါင်း ၅၈၂၈ မှု ဖြစ်ပွားခဲ့ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့မှ သိရသည်။