လှိုင်သာယာမြို့နယ်၊ နဝဒေးအိမ်ရာအနီးရှိ Victoria ကုန်တိုက်မှ အလုပ်သမား ၂၆၀ နီးပါးသည် အစိုးရကသတ်မှတ်နှုန်း အခြေခံ လုပ်ခလစာ ကျပ် ၃၆၀၀ နှုန်းဖြင့် တွက်ချက်၍ လစာမပေးသည့်သဖြင့် ယနေ့ နံနက်ပိုင်းကစတင်ကာ ကုန်တိုက်ရှေ့တွင် ဆန္ဒပြတောင်းဆိုနေကြောင်း သတင်းရသည်။
“အနိမ့်ဆုံးလစာက ကျပ်လေးသောင်းပဲ ရတယ်။ အမြင့်ဆုံးလစာမှ ကျပ် ခုနှစ်သောင်းပဲ ရတယ်။ အခု လကုန်လစာ ထုတ်တော့လဲ ဘာမှမပြောင်းလဲဘူး။ သတ်မှတ်ပေးထားတဲ့ ကျပ် ၃၆၀၀ နဲ့ မပေးလို့ ဆန္ဒပြတောင်းဆိုတာပါ” ဟု Victoria ကုန်တိုက် ဝန်ထမ်းဖြစ်သူ လုပ်သက် ၇ နှစ် ရှိ မတင်နီမာဝင်းက ပြောသည်။
အလုပ်သမားများဘက်မှ တရက်လျှင် လုပ်အားခ ကျပ် ၃၆၀၀ နှင့် တွက်ချက်ပေးရန်၊ အချိန်ပိုကြေးပေးရန်နှင့် တပတ်တရက် ရုံးပိတ်ရက် သတ်မှတ်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။