လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော်က သူ့ဖခင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အတွင်း မည်သို့ ပါဝင်ဖြစ်ခဲ့ပုံကို ပြန်ပြောပြနေသည့် ဆရာမဂျာနန်၏ ပြောပြချက်များက စိတ်ဝင်စားစရာ။
ဆရာမဂျာနန်သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် အဖွဲ့တဖွဲ့ဖြစ် သည့် ငြိမ်းဖောင်ဒေးရှင်း၏ ညွန်ကြားရေးမှူးဖြစ်သည်။ သူသည် မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း စဉ်တွင် နည်းပညာဆိုင်ရာ အကြံပေးအဖြစ် ဆောင်ရွက်နေသော ကျွမ်းကျင်သူအနည်းစုထဲမှ တဦးဖြစ်သလို ၂၀၁၅ ခုနှစ်အတွက် နိုင်ငံတကာအသိအမှတ်ပြု N-Peace ငြိမ်းချမ်းရေးဆု ရရှိ ထားသူလည်း ဖြစ်သည်။
ငြိမ်းဖောင်ဒေးရှင်းကို ဆရာမဂျာနန်၏ ဖခင် ကချင်နှစ်ခြင်းအသင်းတော်၏ ညွန်ကြားရေးမှူးချုပ်ဟောင်း သိက္ခာရဆရာတော် စဘွဲဂျုံမှ စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ဆရာတော် စဘွဲဂျုံနှင့် သူ့ညီတို့မှာ မြောက်ပိုင်းဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် မြန်မာ စစ်အစိုး ရကြား ၁၉၉၄ ခုနှစ် အပစ်ခတ်ရပ်စဲရေးကာလတွင် အဓိက အကျိုးတော်ဆောင်များ ဖြစ်ကြသည်။ ထိုကာလ က မြန်မာပြည်တွင် စာချုပ်ချုပ်ဆိုရေးသားထားသော တခုတည်းသော ငြိမ်းချမ်းရေး သဘောတူညီချက်မှ မလိုလားအပ်သော ရလဒ်များ ထွက်ရှိခဲ့သည်။
သဘောတူညီချက်သည် နှစ်ပေါင်း ၁၇ နှစ်ကြာ တည်မြဲခဲ့ပြီး ထိုကာလများတွင် မြန်မာစစ်တပ်ထိန်းချုပ်မှု မြင့် မားခဲ့ကာ စီးပွားရေးအရ ခေါင်းပုံဖြတ်မှုနှင့် ပြည်နယ်တွင်းရှိ တန်ဖိုးရှိ သယံဇာတများ အလျင်အမြန် ထုတ်ယူ သုံးစွဲခြင်းခံခဲ့ရသည့် ကာလများလည်း ဖြစ်သည်။
လူနည်းစု တိုင်းရင်းသားကချင်များအတွက် ငြိမ်းချမ်းခဲ့သည့် အချိန်ဖြစ်ခဲ့သော်လည်း အလွယ်တကူတော့ ဖြစ် လာသည်မဟုတ်။ သဘောတူထားသည့် နိုင်ငံရေးဆွေးနွေးမှုများ စတင်ရန် နှစ်များစွာ ကြာခဲ့ပြီး ဟန်ပြသက် သက် နိုင်ငံရေးဆွေးနွေးပွဲအဖြစ် သတ်မှတ်ခံရသည်။
စဘွဲဂျုံကိုလည်း ခရိုနီစနစ်ကို မိတ်ဆက်ပေးသူ၊ သယံဇာတ ပေါကြွယ်ဝသော ကချင်ဒေသမှ ကျောက်စိမ်း၊ သစ်နှင့် စွမ်းအင်ထုတ်လုပ်မှုများမှ တဆင့် စစ်အစိုးရ အကျိုးအမြတ်ရရှိရေးကိုသာ ဆောင်ရွက်သူအဖြစ် ကချင်လူမျိုးများအကြားတွင် ပုံဖော်ကြသည်။ ဆရာကြီးစဘွဲဂျုံသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ကမှ စကာ လေဖြတ်ဝေဒနာခံနေရသူ ဖြစ်သည်။
၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန် အာဏာရလာပြီးနောက်ပိုင်း သိပ်မကြာခင် ပြုပြင်ပြောင်းလဲရေး လမ်း ကြောင်း တပတ်ပြန်လည်လာခဲ့ပြီးနောက် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းသောကာလများ အလျင်အမြန် ရပ်တန့်သွားခဲ့သည်။
သဘောတူညီချက်ကို မြန်မာစစ်တပ်က ချိုးဖောက်ခဲ့ပြီး တရုပ်နယ်စပ်အနီး မိုးမောက်မြို့နယ် တာပိန်ရေအား လျှပ်စစ်စီမံကန်း အနီးရှိ KIO လက်အောက်ခံ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်စခန်း အချို့ကို တိုက်ခိုက်ခဲ့သည်။ စစ်ပွဲများသည် ကချင်ပြည်နယ် တခြားဒေသများနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများသို့ တစစ ပျံ့နှံ့သွားခဲ့ပြီး ယနေ့အထိလည်း ဆက်လက်ဖြစ်ပွားနေသည်။
တကျော့ပြန်စစ်ပွဲများသည် မြန်မာပြည်တွင်း စစ်သမိုင်းတလျှောက်တွင် အရက်စက်ဆုံး အခြေအနေဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုများ၊ ပြည်သူများအပေါ် တိုက်ခိုက်မှုနှင့် ပဋိပက္ခအတွင်း စနစ်တကျ လိင်ပိုင်းဆိုင်ရာ ချိုးဖောက်မှုများ အများအပြားရှိကြောင်း စွပ်စွဲပြောဆိုသောအချိန်လည်း ဖြစ်သည်။
လေးနှစ်ကြာ လူပေါင်းတသိန်းကျော် အခြေမဲ့ ဖြစ်ရပြီး မရေတွက်နိုင်သော သေကြေရမှုများ၊ ကတိမတည် မှုများရှိသော်လည်း KIA သည် တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးအတွက် အစိုးရနှင့် တွေ့ဆုံ ဆွေး နွေးနေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့တွင် တဖွဲ့ အပါအဝင်ဖြစ်သည်။ (သို့သော် KIO သည် မြန်မာနိင်ငံမြောက်ပိုင်းဒေသတွင် တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားလာမှုနှင့် KIO/ KIA မဟာမိတ်အဖွဲ့များအား အစိုးရက လက်မှတ်ရေးထိုးရန် လက်မခံသဖြင့် အောက်တိုဘာ ဒုတိယပတ် အတွင်း နေပြည်တော်တွင် ကျင်းပမည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်တန့်ရေး သဘောတူ စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးမည်မဟုတ်ဟု ပြောဆိုထားသည်။)
အစိုးရက လက်မှတ်ထိုးနိုင်ရေး သတ်မှတ်ရက်များ တခုပြီးတခု ကျော်လွန်ကာ ထူးခြားမလာသော်လည်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ်တွင် အဓိက ပါဝင်နေသူအချို့က ယခုလက်ရှိ သဘောတူညီချက် သည် နိုင်ငံရေးဆွေးနွေးပွဲတက်လှမ်းရန် ဦးတည်နေကြောင်း ယုံကြည်ကြသည်။ ထိုနိုင်ငံရေးဆွေးနွေးပွဲများမှ တိုင်းရင်းသားဒေသများတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံမည့် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကို အာမခံမည်ဟု ယုံကြည်နေကြခြင်းကြောင့် ဖြစ်သည်။
သမ္မတဦးသိန်းစိန်က သဘောတူညီချက်ကို နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် လက်မှတ်ရေး ထိုးနိုင်ရန် အဆိုပြုထားသည်။ ထိုသို့ ပြုလုပ်နိုင်ပါက သူ၏ သမ္မတသက်တမ်းအတွင်း ညီညွတ်ရေးအခြေခံ အမွေထားခဲ့နိုင်သည်ဟူသော ဂုဏ်ပုဒ်ကို ရှေ့နှစ်အစောပိုင်း သူ့သက်တမ်းမကုန်ခင် ဆောင်ရွက်နိုင်ခဲ့မည် ဖြစ်သည်။
ဆရာမဂျာနန်သည် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်တွင် အဓိက ပါဝင်ဆောင်ရွက်နေသော အမျိုး သမီး အနည်းစုထဲမှ တဦးဖြစ်သည်။ ငြိမ်းဖောင်ဒေးရှင်း (အစိုးရက ရှလုံဆိုသောနာမည်ကို အသိအမှတ်မပြု) က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ နည်းပညာအကြံပေးများ ထောက်ပံ့ပေးသည်။
အမျိုးသမီးများ ပိုမိုပါဝင်လာရေးအတွက် အမျိုးသမီးများကိုသင်တန်းပေးခြင်း၊ အစောပိုင်းညီလာခံများကို လေ့လာခြင်းနှင့် အစိုးရညှိနှိုင်းရေးအဖွဲ့ဖြစ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှုဆိုင်ရာလုပ်ငန်း ကော်မတီ (UPWC) နှင့် တိုင်းရင်းသားအဖွဲ့ဖြစ်သည့် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာအဖွဲ့ (NCCT) နောက်ပိုင်း တိုင်းရင်းသားတို့၏ အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့တို့အကြား ဆက် သွယ် ဆောင်ရွက်ပေးသည်။
မြန်မာအစိုးရနှင့် ၁၀ ဖွဲ့ကျော်မျှသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့အကြား ဆယ်စုနှစ်များစွာကြာ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရေးအတွက် ထိုညှိနှိုင်းဆွေနွေးရေးနှစ်ဖွဲ့က နှစ်နှစ်ကြာ ဆွေးနွေးခဲ့ကြသည်။
ထိုဆွေးနွေးသူများထဲတွင် အမျိုးသားများက ဦးဆောင်လျက်ရှိသည်။ စစ်ပွဲတွင် အသက်အိုးအိမ်ထိခိုက် ရ ခြင်း၊ ချစ်ခင်ရသူများ ဆုံးရှုံးရခြင်း၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရခြင်း သို့မဟုတ် စော်ကားခံရခြင်း စသည့် သက်ရောက်မှုများနှင့် အလုံးအရင်းလိုက် ပြောင်းရွှေ့ အခြေချမှုများကြောင့် စီးပွားရေးထိခိုက်မှု ခံရသည်မှာ အမျိုးသမီးများဖြစ်သော်လည်း ပဋိပက္ခဖြေရှင်းရေးတွင် အမျိုးသမီးများ ဖယ်ထားခံရသည်။
ထို့ပြင် တိုက်ပွဲဝင်နေရသော အင်အားစုများဘက်တွင်လည်း အမျိုးသမီးများမှာ ဘယ်သောအခါမှ အားပေး ခြင်း မခံခဲ့ရပေ။ တဦးချင်း ထူးခြားမှုအရ ဆရာမဂျာနန်မှာ သာမန်မဟုတ် ထူးကဲသော အခြေအနေပေးမှု ခံရ သည်။
“ဒါက မိသားစုဓလေ့လိုမျိုး ဖြစ်နေတယ်” ဟု ဆရာမဂျာနန်က ယခုနှစ်အစောပိုင်းသူ၏ ရန်ကုန်ရုံးတွင် တွေ့ဆုံချိန် ဧရာဝတီသို့ ပြောပြသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ၁၉၆၅ ခုနှစ်တွင် မွေးဖွားပြီး၊ နိုင်ငံရပ်ခြားတွင် အဆင့်မြင့်ပညာသင်ယူခဲ့ သည်။ သူသည် ငြိမ်းချမ်းရေးရာတွင်သာမက စစ်ပွဲအတွင်း ကြီးပြင်းခဲ့ပြီး ပဋိပက္ခဒဏ်ခံရသော မိသားစု အများအပြား၏ ဘဝနှင့်လည်း ရင်းနှီးသူ ဖြစ်သည်။
နှစ်ခြင်းအသင်းတော်၏ တက်ကြွသောအဖွဲ့ဝင်တဦးဖြစ်သဖြင့် ဘာသာရေးနှင့် ပညာရေးရာကိစ္စရပ်များ အထူးပြု သင်ကြားရန် ရွေးချယ်ခဲ့သည်။ နောက်ပိုင်း ငြိမ်းဖောင်ဒေးရှင်း ဘုတ်အဖွဲ့ဝင်များက ဖခင်ခြေရာနင်းရန် သူ့ကို တိုက်တွန်းခဲ့သဖြင့် ငြိမ်းချမ်းရေးကို အထူးပြု လေ့လာဖြစ်ခဲ့သည်။
အမေရိကန်ပြည်ထောင်စု Eastern Mennonite University မှ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ အဖြေရှာရေး အထူး ပြုဖြင့် မာစတာဘွဲ့ရပြီးနောက် ငြိမ်းဖောင်ဒေးရှင်းတွင် ၂၀၀၃ ခုနှစ်မှ စတင်လှုပ်ရှားဆောင်ရွက်ခဲ့သည်။
ငြိမ်းဖောင်ဒေးရှင်းကို ၂၀၀၀ ခုနှစ်အစောပိုင်းက စတင်တည်ထောင်ခဲ့သည်။ ယခင်နှစ်က သူ့ဖခင် ငြိမ်းဖောင် ဒေးရှင်းက အနားယူပြီးနောက် ကလေးသုံးဦးမိခင် ဆရာမဂျာနန်ကို ညွှန်ကြားရေးမှူးအဖြစ် ရွေးချယ်ခဲ့ ကြ သည်။ ထိုကာလမှ စတင်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ခွဲကြည့်မရသော ငြိမ်းချမ်းရေးဆောင်ရွက်သူတဦး ဖြစ်ခဲ့ပြီး ညှိနှိုင်းဆွေးနွေးပွဲများတွင် မြင်ရသော အမျိုးသမီးအနည်းစုထဲမှ တဦးလည်း ဖြစ်သည်။
မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်ကို လေ့လာနေသူများအတွက် အမျိုးသမီးကိုယ်စားပြုမှု နည်း ပါးခြင်းမှာ ကျွဲပါးစောင်းတီးကိစ္စမျိုးမဟုတ်။ ဆရာမဂျာနန်က မူကြမ်းရေးဆွဲရေး စားပွဲဝိုင်းတွင် ပါဝင်သူ ဆွေး နွေးသူ မဟုတ်သော်လည်း အဆင့်မြင့် ဆုံးဖြတ်ချက်များ ချမှတ်သည့်အခန်းတွင်း မကြာခဏရှိနေသည်။
ထိုအခြေအနေက အမျိုးသမီးတဦးအတွက် အနီးစပ်ဆုံး ပါဝင်နိုင်သည့် အနေအထားဖြစ်သည်။ ညှိနှိုင်း ဆွေး နွေးသူများထဲတွင် ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဌလည်းဖြစ် ယခင် KNU ဥက္ကဌဟောင်း၏ သမီးလည်း ဖြစ်သည့် နော်စီဖိုးရာစိန်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ စောမြရာဇာလင်းနှင့် အစိုးရ UPWC က ရွေးချယ် စေလွှတ်သည့် မိရင်ချမ်းတို့ သုံးဦးသာ ပါဝင်သည်။
သို့သော် တွေ့ဆုံညှိနှိုင်းရေး စားပွဲဝိုင်းတွင် အမျိုးသမီးစုစုပေါင်း ၁၂ ဦး ပါဝင်သည်ဟု ဆရာမဂျာနန်က ဆို သည်။ ထိုအမျိုးသမီးများသည် အထောက်အကူပြုရေး အခန်းကဏ္ဍအတွက် သီးသန့်လေ့ကျင့်ပေးထား သောကွန်ရက်မှ ဖြစ်ပြီး သဘောတူညီချက်ရရေး ဆွေးနွေးပွဲများ မပြေလည်မှုရှိပါက ထိုအခြေအနေမှ ရုန်း ထွက်နိုင်ရန်နှင့် အပစ်ခတ်ရပ်စဲရေးသဘောတူ စာချုပ်လက်မှတ်ထိုးအပြီး ရက်ပေါင်း ၉၀ အတွင်း ဖြစ်ပေါ် လာမည့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်လာရေးတို့တွင် အဓိက ကူညီနိုင်မည့်သူများ ဖြစ်သည်။
နိုင်ငံရေး ဒေါက်တိုင်တခုချင်း၏ စပ်ယှက်စိန်ခေါ်မှုများကြောင့် အမျိုးသမီးများအနေဖြင့် အရေးကြီး ဆုံးဖြတ် ချက် ချမှတ်ရေးတွင် ပါဝင်နိုင်ရန် ပြောဆိုနိုင်သည့် အခြေအနေသို့ မရောက်သေးဟု ဆရာမဂျာနန်က ဆို သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် ခေါင်းဆောင်မှုကဏ္ဍ၊ မြန်မာစစ်တပ်နှင့် အစိုးရအဖွဲ့တို့တွင် ကိုယ် စားပြု ပါဝင်နိုင်မှု နည်းပါးခြင်းတို့သည် အမျိုးသမီးများစွမ်းရည်မြင့်မားလာမှု မရစေဘဲ ယုံကြည်မှု လျော့ကျ စေသည်။ ထိုကဏ္ဍများတွင် ကျားမကိုယ်စားပြုမှု အရေအတွက် ကိုတာစနစ်ဖြင့် သွားပါက ပိုမိုကောင်းမွန် လိမ့်မည်ဟု သူက အကြံပြုသည်။
“လက်ရှိအခြေအနေမှာ အမျိုးသမီးတွေပါဝင်လာဖို့ သူတို့ ပိုပြီးလုပ်လာနိုင်မယ်လို့ ကျမ မထင်ဘူး” ဟု ဆရာမဂျာနန်က ဆိုသည်။ သူက “လက်ရှိဆွေးနွေးမှုတွေက အပစ်ခတ်ရပ်စဲရေးဆိုင်ရာ အကြောင်းအရာ တွေသာဖြစ်ပြီး ဆွေးနွေးပွဲစကားဝိုင်းမှာပါတဲ့ အမျိုးသားတွေကလည်း သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့၏ အမြင့်ဆုံး ရာထူးပိုင်ဆိုင်ထားသူတွေပဲ။ နိုင်ငံရေးဆွေးနွေးပွဲမှာ အမျိုးသမီးပါဝင်ရေးအတွက် လမ်းဖွင့် ပေး ထားမယ်လို့တော့ မြင်ရတယ်” ဟု ဆိုသည်။
ထိုသို့ အမျိုးသမီးများပါဝင်လာရေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကျားမပါဝင်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့ (AGIPP) ၏ ဆောင်ရွက်ချက်များမှ တဆင့် ဖြစ်လာနိုင်သည်။ AGIPP သည် – ကျားမတန်းတူညီမျှရေး ကွန် ရက် (GEN)၊ ကျားမရေးရာနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျူ (GDI)၊ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)၊ အမျိုးသမီးအဖွဲ့အစည်းများ ကွန်ရက် (WON)၊ မွန်အမျိုးသမီးများ ကွန်ရက် (MWN)၊ ရှမ်းပြည်နယ် အမျိုးသမီးများငြိမ်းချမ်းရေး ကွန်ရက် (SSWPN)၊ နှင့် ကချင်အမျိုးသမီးငြိမ်းချမ်းရေး ကွန်ရက် (KWPN) စ သည့် – ကွန်ရက် ၈ ခုပါ အဖွဲ့ဖြစ်ပြီး လက်ရှိတွင် ငြိမ်းဖောင်ဒေးရှင်းမှ ဦးဆောင်သည်။
မြန်မာပြည်မှ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသည့်အဖွဲ့များဖြစ်သည့်အပြင် နိုင်ငံတကာအသိအမှတ်ပြု ဆု များ ချီးမြှင့်ခံထားရသည့် မမေစပယ်ဖြူ၊ မတင်တင်ညိုတို့ကဲ့သို့ စွမ်းဆောင်ရည်မြင့် အမျိုးသမီးများ ပါဝင် သော ထိုအဖွဲ့များသည် အမျိုးသမီးများ၏ လိုအပ်ချက်များ တင်ပြနိုင်မည့် နေရာတခုရရန် ကြိုးပမ်း ဆောင် ရွက်နေကြသည်။
အကောင်းဘက်သို့ဖြစ်စေ အဆိုးဘက်သို့ဖြစ်စေ မည်သို့ပင်ဆိုစေ ထိုအမျိုးသမီးများသည် စစ်ပွဲများ ရပ်တန့် စေရေးအတွက် အသင့်ဖြစ်နေကြသည်။