ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်ပြီး စွပ်စွဲ ဖမ်းဆီးခံထားရသူ ၂ ဦး အနက် တဦးဖြစ်သူ ကိုဝင်းဇော်ထွန်း သည် ဖမ်းဆီးစစ်ဆေးခံရစဉ်က လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းခံခဲ့ရသည်ဟု ထွက်ဆိုကြောင်း ယင်းအမှုအား လိုက်ပါ ဆောင်ရွက် နေသူ ရှေ့နေ ဦးအောင်မျိုးသန့်က ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီးစစ်ဆေးခဲ့စဉ်က ကိုဝင်းဇော်ထွန်းအား အဝတ်အစားများကို ချွတ်၍ အအေးခန်းတခုသို့ ထည့်၍ စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေး သည့် ထိုင်းရဲတချို့ ကိုဝင်းဇော်ထွန်း၏ အမျိုးသား လိင်အင်္ဂါအား စော်ကားမှု ပြုလုပ်ခဲ့သည်ဟု ကိုဝင်းဇော်ထွန်းက အောက်တိုဘာ လ ၁၁ ရက်က ကော့စမွေခရိုင် တရားရုံး၌ ထွက်ဆိုခဲ့ကြောင်း သိရသည်။
ရှေ့နေ ဦးအောင်မျိုးသန့်က“အအေးခန်းထဲမှာ ကိုယ်တုံးလုံးချွတ်ပြီးတော့ စစ်ဆေးတာတွေ၊ လက်ထိပ်တန်းလန်း ဖြစ်နေတဲ့အချိန်မှာ လိင်ပိုင်း ဆိုင်ရာ စော်ကားခံခဲ့ရတာတွေကို ဝင်းဇော်ထွန်းက ထွက်ဆိုခဲ့ပါတယ်။ ကျနော်တို့ ရှေ့နေတွေဘက်ကလည်းပဲ ဒီကိစ္စတွေကို တရား ရုံးတော်ကို တင်ပြထားပါတယ်”ဟု ပြောပြသည်။
လိပ်ကျွန်း လူသတ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထားရသည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့အား အောက်တိုဘာလ ၁၀ ရက်နှင့် ၁၁ ရက် နေ့တို့၌ အပြီးသတ် စစ်ဆေးပြီးဖြစ်၍ နောက်ဆုံး အပြီးသတ် စီရင်ချက်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ချမှတ် မည်ဟု ကော့စမွေ ခရိုင် တရားရုံးက သတ်မှတ်လိုက်ကြောင်း သိရသည်။
ကိုဇော်လင်းအား အောက်တိုဘာလ ၁၀ ရက်နေ့က စစ်ဆေးခဲ့ရာတွင်လည်း လူသတ်မှု ကျူးလွန်သည်ဟု ယခင်က ဝန်ခံထားသည့် အကြောင်းအရာများကိုသာ တရားလိုပြရှေ့နေများက မေးမြန်းခဲ့ကြောင်း၊ လူသတ်မှု ကျူးလွန်သည်ဟု ယခင်က ဝန်ခံခဲ့ရခြင်းသည် ညှဉ်းပန်း နှိပ်စက်ခံရမှုကြောင့်သာ ဝန်ခံခဲ့ရခြင်း ဖြစ်သည်ဟု ကိုဇော်လင်းက ပြန်လည် ဖြေဆိုခဲ့ကြောင်း ဦးအောင်မျိုးသန့်က ရှင်းပြ သည်။
အဓိက သက်သေ အထောက်အထားအဖြစ် တရားလိုဘက်က တင်ပြထားသည့် မျိုးဗီဇ(DNA)သည်လည်း ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း တို့၏ DNA နှင့် ကိုက်ညီမှု မရှိတော့သည့်အတွက် တရားလိုပြ ရှေ့နေများဘက်က လူသတ်မှု ကျူးလွန်ခဲ့သည်ဟု ဝန်ခံ ထားသည့်အပေါ်၌သာ အတင်းအကျပ် ပြန်လှန် မေးမြန်းခြင်းဖြစ်သည်ဟု ယူဆကြောင်း ရှေ့နေဦးအောင်မျိုးသန့်က ဆက်ပြော သည်။
၎င်းက“လူသတ်မှုမှာ အဓိကဖြစ်တဲ့ DNA က လုံး၀ မတူတော့ အမှုက ခိုင်လုံမှု အားနည်းသွားပြီလေ။ အဲဒါကြောင့်ပဲ အရင်က ဝန်ခံခဲ့ တာကို ဖိနင်းပြီးတော့ မေးတယ်။ ကလေးတွေကလည်းပဲ သူတို့ ဝန်ခံခဲ့ရတာဟာ နှိပ်စက်မှုတွေကြောင့်ပါ ဆိုတာကို ဖြေဆိုကြ တယ်။ ဒီလို သေဒဏ်ပေးနိုင်တဲ့ အမှုကြီးမှာ ခိုင်လုံတဲ့ အထောက်အထားမရှိတဲ့အတွက် ကွင်းလုံးကျွတ် လွှတ်ပေးဖို့ပဲ ရှိတော့တယ်” ဟုလည်း ပြောဆိုသည်။
ကိုဇော်လင်းနှင့်ကိုဝင်းဇော်ထွန်းတို့သည် နောက်ဆုံး အပြီးသတ် စစ်ဆေးပြီးချိန်တွင် မိမိတို့ လွတ်မြောက်မည်ဟု ယုံကြည်မှု အပြည့်အ၀ ရှိနေကြပုံရကြောင်း၊ ၎င်းတို့၏ မိခင်များကလည်း စစ်ဆေးမှုများအပေါ် အားရကျေနပ်မှု ရှိသည်ဟု မျှော်လင့်ချက် အပြည့်ဖြင့် ပြောဆိုနေကြကြောင်း ဦးအောင်မျိုးသန့်က ရှင်းပြသည်။
၎င်းက“ကလေးတွေရဲ့ အမေ နှစ်ယောက်စလုံးကတော့ သူတို့သားတွေ မကြာခင် လွတ်မြောက်တော့မယ်လို့ အပြည့်အ၀ ယုံကြည် နေကြပြီ”ဟု ဆိုသည်။
ထို့အတူ အမှုအား ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ထိုင်းနိုင်ငံ ရှေ့နေများကောင်စီမှ ရှေ့နေကြီးများကလည်း အခြေအနေအပေါ် အားရ ကျေနပ်မှုရှိပြီး ကောင်းမွန်သည့် ရလဒ် ထွက်ပေါ်လာမည်ဟု မျှော်လင့်ထားကြကြောင်း သိရသည်။
လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ တရားလိုပြ သက်သေ ၃၅ ဦးနှင့် တရားခံပြ သက်သေ ၁၄ ဦး အပါအဝင် ကိုဝင်းဇော်ထွန်း၊ ကိုဇော်လင်း စသည်တို့ကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
တရားလိုပြ သက်သေများအား စစ်ဆေးခဲ့ရာတွင် အမှုစစ် ရဲအရာရှိများ၊ မှုခင်း ဆရာဝန်များ စသည်တို့ ပါဝင်ခဲ့ပြီး ခိုင်မာသည့် သက်သေ အထောက်အထားမရှိခဲ့ဟု တရားခံဘက်က ရှေ့နေများက ပြောဆိုခဲ့သည်။
တရားခံဟု စွပ်စွဲခံရသူ မြန်မာ အလုပ်သမားများဘက်မှ ထိုင်းနိုင်ငံ၏ နာမည်ကြီး မှုခင်း ဆရာဝန်မကြီး ဒေါက်တာ ဖွန်ထစ် ကိုယ်တိုင် တရားရုံး၌ သက်သေ ထွက်ဆိုပေးခဲ့သည်။
လိပ်ကျွန်းလူသတ်မှုသည် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် ဖြစ်ပွားခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် အပြီး သတ် စီရင်ချ ချမှတ်မည်ဖြစ်သဖြင့် ထိုအမှုသည် ကမ္ဘာတဝန်းက စိတ်ဝင်စားနေသည့် အမှုဖြစ်ပြီး မည်သို့ စီရင်ချက် ချမှတ်မည်ကို လည်း စောင့်ကြည့်နေကြသည်ဟု သိရသည်။