ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီး ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပေါ်ပြီး လူ ၁၀ ဦးထက်မနည်းသေဆုံးပြီး ပျောက်ဆုံးသူ အရေအတွက်လည်း မြင့်တက်လျက်ရှိကြောင်း သတင်းရရှိသည်။
ကယားပြည်နယ်၊ မော်ချီးဒေသတွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီခွဲခန့် တွင် မော်ချီးတောင်ပေါ်ကျေးရွာတွင် တောင်စောင်းမြေပြိုမှုများ၊ ဆင့်ကဲမြေပြိုမှုများနှင့် မြေကျွံမှုများ ဖြစ်ပွားခဲ့ကြောင်း၊ မြေပြိုမှုကြောင့် လူသေဆုံးမှုနှင့် ပျောက်ဆုံးမှုများ ရှိကြောင်း၊ အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၂ နာရီခွဲခန့် နောက် ဆုံး ရရှိထား သော သတင်းများအရ မြေပြိုမှုကြောင့် သေဆုံးသွားသော အလောင်း ၈ လောင်း ပြန်လည်တူးဖော် ရရှိ ထား ပြီး အလောင်း ၂ လောင်းကို တူးဖော်ဆဲ ဖြစ်ကြောင်း၊ ပျောက်ဆုံးသူ အနည်းဆုံး ၆ ဦး ရှိပြီး သေဆုံးသူနှင့် ပျောက်ဆုံး သူ အရေအတွက် ထပ်မံမြင့်တက်လာနိုင်ကြောင်း သိရှိရသည်။
ကရင်နီပြည် လူငယ်များ သမဂ္ဂ (Union of Karenni State Youth) ၏ ဗဟိုကော်မတီဝင် ကိုကျော်ထင်အောင်က “ ၁၀ ရက်နေ့ မနက်ကတည်းက မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ၁၁ ရက်နေ့ ၃ နာရီခွဲ၊ မနေ့ ညနေခင်းက မော်ချီးတောင်ပေါ် ရွာရဲ့ တောင်စောင်းကနေ စတင်မြေပြိုမှု စတယ်။ တောင်ကမ်းပါးမှာ ဆောက်ထားတဲ့ ရွာတွေ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဆင့်ကဲ မြေပြိုမှုနဲ့ ပိမှုတွေ ဖြစ်သွားတယ်” ဟု ပြောသည်။
မြေပြိုမှုကြောင့် တောင်ပေါ်ရွာရှိ အိမ်ခြေ ၄၀ နှင့် ၅၀ ကြား၊ လူ ၂၀၀ ကျော် ထိခိုက်ခဲ့ပြီး ဆင့်ကဲမြေပြိုမှုများ ထပ်ဖြစ်မည် ကို စိုးရိမ်သောကြောင့် ရွှေ့ပြောင်းသွားသူ ၃၀၀ ခန့်ရှိကြောင်း ၊ယခုလက်ရှိတွင် မော်ချီးအောက်ရွာ အခြေခံပညာ အထက် တန်း ကျောင်းနှင့် လိုခါးလို ဘုရားကျောင်းများတွင် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားပြီး လူ ၅၀၀ ခန့်ကို အစားအသောက်နှင့် အကူအညီများ ပေးနေကြောင်း၊ မိုးစိုအဝတ်များ လဲလှယ်ရန် အဝတ်အစား ခက်ခဲနေ ကြောင်း သိရှိရသည်။
တပ်မတော်က မြေပြိုမှုများဖြစ်ပွားလျက်ရှိသော မော်ချီးဒေသတွင် ကယ်ဆယ်ရေးဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိပြီး နိုင်ငံတကာအဖွဲ့အစည်း တချို့လည်း ရောက်ရှိပြီး ကူညီကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မော်ချီးဒေသနှင့် နီး စပ်ရာ ဒေသများ၊ လွိုင်ကော်မြို့ ပေါ်မှ လူငယ်များ၊ ပရဟိတ အသင်းအဖွဲ့များက အစားအသောက်နှင့် ကယ်ဆယ်ရေး လုပ်ငန်း များအတွက် ကူညီလုပ်ဆောင်ပေးနေကြောင်း၊ ဖားဆောင်းမြို့နယ်သည် ယခင်ကတည်းက ဖုန်းဆက်သွယ်ရေး ခက်ခဲ သည့် ဒေသတခု ဖြစ်ပြီး ယခုအခါ မြေပြိုမှုများကြောင့် တံတားများကျိုးပြီး လမ်းပန်းဆက်သွယ်ရေးပါ ခက်ခဲလျက် ရှိကြောင်း သိရှိရသည်။
မော်ချီးဒေသသည် ခဲမဖြူနှင့် အဖြိုက်နက် သတ္ထုများ တူးဖော်ရာ ဒေသဖြစ်သည့်အတွက် တောင်ပေါ်မှ မြေပြိုသည့် အရှိန် ကြောင့် တောင်စောင်းများအောက်ရှိ ကလိုင်တွင်းများတွင် မြေကျွံ့မှုများပါ ဆက်တိုက်ဖြစ်ပေါ်သွားခြင်းဖြစ်ပြီး မော်ချီး ဒေသ တွင် ယခုကဲ့သို့ မြေပြိုမှုသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်းလည်း ကိုကျော်ထင်အောင်က ပြောသည်။
ကိုကျော်ထင်အောင်က “မြေပြိုမှု ကြီးမားတာကတော့ အခုမှပဲ ဖြစ်တာပါ။ ကျန်တဲ့ နေရာတွေမှာ ဖြစ်တုန်းက သူတို့ ဘာသာ တွင်းပြိုရုံ အဆင့်လောက်ပဲ ရှိပါတယ်။ အခုကျတော့ ရွာလိုက်ကိုပါ ထိသွားတဲ့ အနေအထားမျိုး ဖြစ်သွားတာပါ။ တောင်စောင်း မြေပြိုမှုကနေ မိုးဆက်တိုက် ရွားသွန်းမှုကြောင့် မြေပျော့လို့ ပြိုရာကနေ မြေပြိုတဲ့ အရှိန်ကြောင့်မို့လို့ အောက်က ကလိုင်တွင်းတွေကြောင့် မြေကျွံမှုတွေပါ ဆိုတော့ ကျန်တဲ့ အိမ်တွေလည်း မနေရဲတော့ဘဲနဲ့ တံခါးပိတ် ထွက်ပြေး ရတဲ့ အနေအထားမျိုး ဖြစ်လာတာပါ” ဟု ပြောသည်။