တပ်မတော်က အသစ် ပြောင်းလဲလိုက်သည့် စစ်ဝတ်စုံ အရောင်သစ်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အဝတ်အစား အရောင်တို့အား ဖေ့စ်ဘုတ် လူမှုကွန်ရက်တွင် နှိုင်းယှဉ်ပြောဆိုခဲ့သဖြင့် မအူပင်မြို့တွင် နေထိုင်သူ မချောစန္ဒီထွန်း (ခ) ချစ်သမီးကို မအူပင်မြို့နယ် တရားရုံးက ယနေ့ ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
မအူပင်မြို့သို့ ရောက်ရှိနေသည့် ပုသိမ်ခရိုင် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကိုအကြီးကောင်က “ဒီနေ့ နေ့လည် ၁၂ နာရီ ဝန်းကျင်လောက်က သူ့ကို ရုံးထုတ်တယ်။ အောက်တိုဘာလ ၂၇ ရက်နေ့ကို ရုံးချိန်း ပြန်ချိန်းလိုက်တယ်။ အခုတော့ မအူပင် ရဲစခန်းကို ပြန်ခေါ်သွားပြီ” ဟု ဧရာဝတီသို့ ပြောသည်။
မအူပင်မြို့တွင် နေထိုင်သူ အသက် ၂၅ နှစ် အရွယ် မချောစန္ဒီထွန်းသည် ၎င်း၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် အောက်တိုဘာလ ၈ ရက်နေ့ ညပိုင်းက ဒေါ်အောင်ဆန်းစုကြည်၏ အဝတ်အစားအရောင်နှင့် တပ်မတော်၏ အစိမ်းနုရောင် စစ်ဝတ်စုံအသစ်ကို နှိုင်းယှဉ်ထားသည့် ဓာတ်ပုံကို တင်၍ ဝေဖန်သရော် ရေးသားခဲ့သည်။
ထိုကိစ္စကို မကျေနပ်သဖြင့် ပုသိမ် အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) မှ စစ်ဦးစီး (ပထမတန်း) အရာရှိ ဒု ဗိုလ်မှူးကြီး ကျော်ထင်က မအူပင်မြို့မ ရဲစခန်းတွင် တရားလို ပြုလုပ်၍ အောက်တိုဘာ ၁၂ ရက်နေ့က အမှုဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နတခမှ ဒု ဗိုလ်မှူးကြီး ကျော်ထင်က အဖွဲ့အစည်းတခုခု (သို့မဟုတ်) ပုဂ္ဂိုလ်တဦးဦးကို ထိခိုက်နစ်နာစေရန်၊ ဂုဏ်သိက္ခာ ကျဆင်းစေရန် သတင်း အချက်အလက်ကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုလုပ်ထားသည့် အချက်အလက်ကို ဖြန့်ချိခဲ့သူ မချောစန္ဒီထွန်းကို အရေးယူပေးရန် အင်တာနက်မှ ကူးယူထားသော ဓာတ်ပုံများနှင့်တကွ တိုင်ကြားလာသဖြင့် မအူပင် ရဲစခန်းက ပြစ်မှုနံပါတ် ၂၉၄/၂၀၁၅၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၄ (ဃ) ဖြင့် အမှုဖွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့သို့ အမှုဖွင့်ပေးခဲ့ပြီးနောက် အောက်တိုဘာ ၁၂ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တရားရိပ်သာတခု၌ တရားစခန်းဝင်နေသည့် မချောစနီ္ဒထွန်းကို ဗဟန်းမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးခဲ့ပြီးနောက် ည ၁၁ နာရီခန့်တွင် မအူပင်မြို့မ ရဲစခန်းသို့ ညတွင်းချင်း လွှဲပြောင်းပို့ဆောင်၍ ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း သိရသည်။
မချောစနီ္ဒထွန်းအား ဖမ်းဆီး ထိန်းသိမ်းထားသည့် ကိစ္စနှင့်ပတ်သက်၍ မအူပင်မြို့မ စခန်းမှူး ဒုရဲမှူး သိန်းနိုင်အေးကို ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့ရာ အထက်မှ ခွင့်ပြုချက် မရသဖြင့် ဖြေကြားခြင်း မပြုနိုင်ကြောင်း ပြောသည်။
“ကျနော်တို့ အနေနဲ့ ခွင့်ပြုချက် မရတဲ့အတွက် ဖြေမပေးနိုင်တာ စိတ်မကောင်းပါဘူး” ဟု ဒုရဲမှူး သိန်းနိုင်အေးက ပြောသည်။
မချောစန္ဒီထွန်းမှာ ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာတွင် တပ်မတော်ကို ဝေဖန် သရော်ပြောဆိုမှုဖြင့် ဒုတိယမြောက် ဖမ်းဆီးခြင်းခံရသူ ဖြစ်သည်။
ယခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းက မုံရွာမြို့နေ အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုးအား ဖေ့စ်ဘုတ်တွင် တပ်မတော်ကို သရော်သည့် ဓာတ်ပုံ ကူးယူတင်သည်ဟု ဆိုကာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၃ ရက်ကြာ ထိန်းသိမ်းထားပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။
မအူပင် နည်းပညာတက္ကသိုလ်မှ B.Tech(EC) ဖြင့် ဘွဲ့ရရှိထားသူ မချောစန္ဒီထွန်းမှာ မအူပင်ခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်ဟောင်း တဦးဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ပေါ်ပေါက်ခဲ့သည့် ဧရာဝတီ ကျောင်းသား သပိတ်စစ်ကြောင်းတွင် လိုက်ပါရင်း အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင် ကန့်ကွက်ခဲ့သူတဦး ဖြစ်သည်။
နောက်ပိုင်းတွင် ကျောင်းသားသမဂ္ဂမှ နုတ်ထွက်၍ မအူပင်မြို့နယ် NLD ပါတီသို့ ဝင်ရောက်ပြီး ပါတီ အောင်နိုင်ရေး လုပ်ငန်းများ ဝိုင်းဝန်း ကူညီဆောင်ရွက်နေသူ ဖြစ်ကြောင်း သိရသည်။