တရုတ်နိုင်ငံတွင် အရပ်ဘက်အဖွဲ့အစည်းများကို ဖြိုခွဲစဉ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော လူ့အခွင့်အရေးလှုပ်ရှားသူ ရှေ့နေတဦး၏ ဆယ်ကျော်သက်အရွယ် သားဖြစ်သူက အမေရိကန်နိုင်ငံသို့ ထွက်ပြေးခိုလှုံရန် ကြိုးပမ်းနေစဉ် မြန်မာနိုင်ငံ၌ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် တရုတ်နိုင်ငံ မြောက်ပိုင်းတွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည်ဟု ၎င်းတို့ မိသားစု၏ မိတ်ဆွေတဦးက အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြောကြားလိုက်သည်။
Bao Mengmeng ဟုလည်း သိကြသည့် Bao Zhuoxuan ကို တရုတ်နိုင်ငံမြောက်ပိုင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခု ဖြစ်သည့် Inner Mongolia ရှိ အဘိုးဖြစ်သူ၏ နေအိမ်တွင် ၂၄ နာရီ အစောင့်အကြပ်ဖြင့် ထားရှိပြီး ပြင်ပနှင့် အဆက်အသွယ် ပြုလုပ်ခွင့် မပေးကြောင်း အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှ ၎င်းတို့၏ မိတ်ဆွေတဦးဖြစ်သော Liang Bo က တယ်လီဖုန်းမှ တဆင့်ပြောကြားခဲ့သည်။
အသက် ၁၆ နှစ်အရွယ် Bao Zhuoxuan ၏ မိခင်ဖြစ်သူ Wang Yu မှာ ဇူလိုင်လ ၉ ရက်နေ့က ဒါဇင်နှင့်ချီသော လူ့အခွင့်အရေး လှုပ်ရှားသည့် ရှေ့နေများနှင့် လူမှုတက်ကြွလှုပ်ရှားသူများ၏ ကွန်မြူနစ်ပါတီ၏ ပြင်ပမှ လူမှု အသိုင်းအဝိုင်း ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်လိုသော အဖွဲ့အစည်းများကို အစိုးရက ဖြိုခွဲဖမ်းဆီးစဉ် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ Wang Yu သည် နိုင်ငံရေးအရ အကဲဆတ်သည့် အမှုများတွင် ပါဝင်ပတ်သက်နေသူများဘက်မှ ရှေ့နေလိုက်ပေးနေသူ ဖြစ်သည်။ ယခုနှစ် အစောပိုင်းက လိင်အကြမ်းဖက်မှုကို ဆန့်ကျင်ဆန္ဒပြ၍ ထောင်ချခံခဲ့ရသော အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ၅ ဦးအနက်မှ တဦးအတွက် ရှေ့နေလိုက်ပေးခဲ့သည်။
Bao Zhuoxuan နှင့် သူ၏ ဖခင်ဖြစ်သူ Bao Longjun တို့ကို သြစတြေးလျနိုင်ငံသို့ မထွက်ခွာမီ ဘေဂျင်းလေဆိပ်တွင် ရဲအဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ဖူးသည်။ Bao Zhuoxuan က သြစတြေးလျနိုင်ငံတွင် အထက်တန်းကျောင်း တက်ရောက်ရန် သွားရောက်ခြင်း ဖြစ်သည်။ Bao Zhuoxuan ကို နောက် ၂ ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့သော်လည်း သူ၏ နိုင်ငံကူး လက်မှတ်ကို သိမ်းဆည်းထားလိုက်သည်ဟု သိရသည်။ သူ၏ မိဘများမှာ ယခုအချိန်အထိ ပျောက်ဆုံးနေဆဲ ဖြစ်သည်။
တရုတ်အာဏာပိုင်များက တက်ကြွလှုပ်ရှားသူများ၏ မိသားစုဝင်များ ဦးတည်၍ ဖိအားပေးလေ့ရှိသည်။
ဘေဂျင်းလေဆိပ်တွင် ဖမ်းဆီး၍ ပြန်လွှတ်ပေးပြီးသည့် နောက်တွင်လည်း ဘေဂျင်းမြို့တွင် Bao Zhuoxuan ကို ရဲတပ်ဖွဲ့က စောင့်ကြည့်ခြင်း၊ နှောက်ယှက်ခြင်းများ ပြုလုပ်ခဲ့သလို တခါတရံ ရိုက်နှက်ခြင်းများပါ ပြုလုပ်ခဲ့သည်ဟု သူ့ကို ဆန်ဖရန်စစ္စကိုသို့ ခေါ်ယူ စောင့်ရှောက်ရန် ရည်ရွယ်ထားသည့် Liang Bo ကပြောသည်။ ဘေဂျင်း ရဲတပ်ဖွဲ့သို့ fax ပေးပို့၍ မှတ်ချက် တောင်းခံခဲ့သော်လည်း မရရှိခဲ့ပါ။
အမေရိကန်နိုင်ငံသို့ ဒုက္ခသည်အဖြစ် Bao Zhuoxuan လာရောက်ခိုလှုံနိုင်ရေးအတွက် တိုင်းပြည်မှထွက်ခွာနိုင်ရန် ကူညီနေသည့် ဆန်ဖရန်စစ္စကို အခြေစိုက် လူအခွင့်အရေးလှုပ်ရှားသူ တဦးဖြစ်သည့် Fengsuo Zhou က “သူက နိုင်ငံခြားမှာ ပညာသင်ချင်တယ်လို့ ပြောတယ်။ သူ့အမေလို ဥပဒေပညာ လေ့လာချင်တယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ Fengsuo Zhou သွားရောက်စောင့် ဆိုင်းခဲ့သော်လည်း ယခင်အပတ်က Bao Zhuoxuan ရောက်မလာခဲ့သည့်အခါ စိုးရိမ်စရာဖြစ်လာခဲ့ရသည်။ Bao Zhuoxuan နှင့် သူ့ကို တရုတ်နိုင်ငံမှ ထွက်ခွာနိုင်ရန် ကူညီသူ ၂ ဦးကို မြန်မာနိုင်ငံမှ နယ်စပ်မြို့တခုဖြစ်သည့် မိုင်းလားတွင် ဒေသခံရဲအဖွဲ့က ဖမ်းဆီးလိုက်သည်ဟု Fengsuo Zhou က ပြောသည်။
Bao Zhuoxuan သည် သူ၏မိခင်ဘက်မှ အဘိုးအဘွားများနှင့် အတူ Ulanhot မြို့တွင် ရှိနေသည်ဟု Liang Bo က ပြောသည်။ Bao Zhuoxuan ၏ အဘွား၏ ဖုန်း ၂ လုံးကို ခေါ်ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပါ။ Ulanhot မြို့ ရဲအဖွဲ့ အကြီးအကဲနှင့် မှုခင်းစုံစမ်းရေး ရုံးများသို့ ဖုန်းဆက်မေးမြန်းသည့်အခါ အဆိုပါ အမှုကို ၎င်းတို့ သတိမထားမိကြောင်း ပြန်လည် ဖြေကြားခဲ့ကြသည်။
Bao Zhuoxuan ကို တရုတ်နိုင်ငံမှ ထွက်ခွာနိုင်ရန် အကူအညီပေးခဲ့သူ ၂ ဦး မှာ ဘေဂျင်းမှ အသက် ၄၀ အရွယ် အင်ဂျင်နီယာ တဦးဖြစ်သည့် Tang Zhishun နှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Chengdu မြို့မှ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ အသက် ၄၉ နှစ် အရွယ် Xing Qingxian တို့ဖြစ်သည်ဟု Fengsuo Zhou ကပြောသည်။ ယခုအချိန်တွင် ၎င်းတို့ မည်သည့်နေရာတွင် ရှိနေသည်ကို မသိရသေးကြောင်း သိရသည်။