ရခိုင်ပြည်နယ်သို့ မဲဆွယ် စည်းရုံးရေး ခရီး သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်က သူ၏ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကိုယ်စားလှယ်လောင်းများနှင့် သံတွဲမြို့၌ တွေ့ဆုံရန် စီစဉ်ထားကြောင်း သတင်း ရရှိသည်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ် ခရီးစဉ်တွင် အောက်တိုဘာလ ၁၆ ရက်နေ့၌ တောင်ကုတ်မြို့၊ ၁၇ ရက်၌ သံတွဲမြို့နှင့် ၁၈ ရက် ၌ ဂွ မြို့များတွင် လူထုဟောပြောပွဲများ ကျင်းပသွားမည်ဟု NLD က သတင်းထုတ်ပြန်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်က သူ၏ မဲဆွယ် စည်းရုံးရေး ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်အတွင်းမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် သံတွဲမြို့နယ် ငပလီ ကမ်းခြေတွင် တွေ့ဆုံရန် ခေါ်ထားကြောင်း NLD စစ်တွေခရိုင် ဥက္ကဋ္ဌ ဦးသင်္ခါကျော်က ဧရာဝတီသို့ ပြောသည်။
ဦးသင်္ခါကျော်က“ရခိုင်ပြည်နယ် တခုလုံးက ကိုယ်စားလှယ်လောင်းတွေကို တွေ့ဖို့ ခေါ်ထားတယ်။ သူမ အနေနဲ့ ဘာတွေပြောမယ် ဆိုတာကတော့ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေပဲ ရှိမှာပေါ့။ ကျနော်တို့ သူနဲ့တွေ့ရင် အဓိက တင်ပြသွားမှာက ဒီမှာဖြစ်နေတဲ့ အခြေအနေတွေ၊ အခက်အခဲတွေပေါ့။ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရန်ပုံငွေ ကိစ္စတွေကိုလည်း တင်ပြသွားမယ်”ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ် တောင်ပိုင်းကိုသာ သွားရောက်ပြီး မြောက်ပိုင်းဒေသဖြစ်သည့် စစ်တွေ၊ မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော် မြို့များသို့ မသွားရောက်သည်မှာ တခြားပြည်နယ်သို့ သွားရန် ခရီးစဉ်များ ရှိနေသောကြောင့် ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် ရခိုင် အရေးအခင်း ကာလက NLD ပါတီ အပေါ် ရခိုင်လူထု၏ ပြစ်တင်ဝေဖန်မှု တချို့ရှိခဲ့သော်လည်း ၂၀၁၄၊ ၂၀၁၅ ကာလများတွင် တိုင်းပြည် ပြုပြင်ပြောင်းလဲရန်အတွက် အစိုးရသစ် တရပ် လိုအပ်လာသည်ကို သိရှိလာသဖြင့် ဝေဖန်မှုများ လျော့နည်းသွားကြောင်းလည်း ဦးသင်္ခါကျော်က ပြောသည်။
ရခိုင် တိုင်းရင်းသားများသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်နှင့် နေအိမ်အကျယ်ချုပ်မှ လွှတ်မြောက် လာသည့် ကာလအတွင်းက တခဲနက် ထောက်ခံအားပေးခဲ့ကြပြီး ၎င်းတို့နေအိမ်များတွင်ပင် သူ၏ ရုပ်ပုံများကို ချိပ်ဆွဲထားခဲ့ကြ သော်လည်း ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရခိုင်-ဘင်္ဂါလီ(မွတ်စလင်)အရေးအခင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ ပါတီ အား ရခိုင်ဒေသတွင် ထောက်ခံအားပေးမှု နည်းပါးသွားခဲ့ကြောင်း ရခိုင်ဒေသခံတချို့က ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်သို့ ဒီပဲယင်း အရေးအခင်း မဖြစ်မီ တကြိမ် လာရောက်ခဲ့ဖူးပြီး ယခု ခရီးစဉ်သည် ဒုတိယ အကြိမ်မြောက် ခရီးစဉ် ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ NLD ပါတီက ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ အပါအဝင် လွှတ်တော် ကိုယ်စားလှယ် နေရာပေါင်း ၆၂ နေရာ ဝင်ရောက် အရွေးခံမည် ဖြစ်ကြောင်း သိရသည်။