ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) နှင့် အစိုးရတပ်များအကြား ယခုလအတွင်း တိုက်ပွဲများ ပြန်လည်ပြင်းထန်းလာသဖြင့် ကျေးရွာ ၅ ရွာမှ ဒေသခံ ၁၀၀၀ ကျော် တိမ်းရှောင် နေရကြောင်း သိရသည်။
တိမ်းရှောင်သူများသည် နောင်ခစ်ရွာ၊ တာဆမ်ပူးရွာ၊ ကုန်လိန်ရွာ၊ နမ့်ပါမုံးရွာ၊ ဟိုနမ့်ရွာ ကျေးရွာ ၅ ရွာမှ ဒေသခံများဖြစ်ပြီး အောက် တိုဘာ ၈ ရက်မှ ယနေ့အထိ ထွက်ပြေးနေရဆဲဖြစ်ကြောင်း၊ လက်ရှိတွင် ဟိုင်းပါ ကျေးရွာနှင့် မိုင်းနောင် ကျေးရွာများ၌ ခိုလှုံနေရကြောင်း စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီပေးနေသည့် စိုင်းကျန်အောင်က ဧရာဝတီကို ပြောပြသည်။
“ဟိုင်းပါကျေးရွာ ဘုန်းကြီးကျောင်းမှာ ဒုက္ခသည် ၅၂၇ ဦး ရှိပါတယ်။ ကျန်တဲ့သူတွေကတော့ မိုင်းနောင် ဘက်ကိုလည်း ထွက်ပြေး သွားတယ်။ တချို့ကတော့ တောင်ယာတွေ၊ တောတွေထဲမှာ နေနေကြတယ်။ အားလုံးပေါင်း ကျနော်စာရင်းရတာက ၁၁၇၇ ဦးပါ။ ကျနော်နဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေဆီကနေ အကူအညီတောင်းပြီး ရတာနဲ့ ဒုက္ခသည်တွေကို ဝေငှပါတယ်”ဟု စိုင်းကျန်အောင် က ပြောသည်။
ထွက်ပြေးလာသည့် ဒုက္ခသည်များအတွက် သီးသန့် စစ်ဘေးရှောင်ဒုက္ခသည်စခန်း ဖွင့်လှစ်ပေးခြင်း မရှိကြောင်း၊ ဟိုင်းပါကျေးရွာရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဒုက္ခသည်တချို့သည် နီးစပ်ရာဆွေမျိုးများ၏ အိမ်တွင် တည်းခိုနေထိုင် နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။
“တောင်ယာတွေ ချုံတွေမှာ နေတဲ့သူတွေက နွားတွေကျွဲတွေကို စောင့်နေကြတယ်။ တိုက်ပွဲဖြစ်မယ်လို့် သတင်းရရင် ရှောင်ပါတယ်။ အခုကတော့ စစ်ပွဲအခြေအနေက နှစ်ဖက်စလုံး အားဖြည့်နေတုန်းပါ။ မနေ့ကတော့ တိုက်ပွဲတွေ မဖြစ်ဘူး။ တင်းမာနေတုန်းပါပဲ”ဟု စိုင်းကျန်အောင်က ပြောသည်။
မိုင်းရှူးမြို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ်လောင်း နန်းကောင်ခမ်းက စစ်ဘေးရှောင် ဒုက္ခသည်များသည် စားဝတ်နေရေး ခက်ခဲနေကြောင်း၊ ထွက်ပြေးလာသည့် သူများထဲတွင် အမျိုးသမီးများ၊ ကလေးငယ်များနှင့် အသက်ကြီးသူများ ပါဝင်ကြောင်း ဧရာဝတီကို ပြောပြသည်။
ထွက်ပြေးလာကြသည့် စစ်ဘေးရှောင် ဒုက္ခသည်များ နေထိုင်သော ကျေးရွာ ၅ ရွာသည် လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ဝမ်ဟိုင်း ကျေးရွာ နှင့် ၁၀ မိုင်ခန့်သာ ကွာဝေးကြောင်း သိရသည်။
“မိုးရွာသီလည်း ဖြစ်တော့ ဒုက္ခသည်တွေအတွက် တော်တော်ဒုက္ခရောက်တယ်။ နမ့်ခုံး သာရေးနာရေး အသင်းနဲ့ ကျားခေါင်းပါတီ (SNLD) က သွားလှူပါတယ်။ မလောက်ဘူး။ ကျမတို့က သွားရောက် ကူညီမယ့်သူတွေကို ချိတ်ဆက်ပေးပါတယ်။ အကူအညီတွေ အများကြီး လိုတယ်။ အခုချိန်က ရာသီဥတု အရမ်းအေးတဲ့အတွက် အနွေးထည် အစားအသောက်တွေ ဆေးဝါးတွေ အရမ်းလိုအပ် နေတယ်”ဟု မိုင်းရှုး ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းမှ နန်းဆိုင်ဟိန်းက ပြောသည်။
မြန်မာအစိုးရ နှင့် SSPP/SSA တို့အကြား တိုက်ပွဲများသည် အောက်တိုဘာ ၆ ရက် မှ ၁၁ ရက်အထိ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။
SSPP/SSA သည် ယခုလာမည် အောက်တိုဘာ ၁၅ ရက်တွင် ပြုလုပ်မည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) ကို လက်မှတ် မထိုးမည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တခုလည်း ဖြစ်သည်။