တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လတ်မှတ်ရေးထိုးရန် အဆင်သင့်မဖြစ်သေးသည့် တိုင်းရင်း သား လက်နက် ကိုင်အဖွဲ့များကို တပ်မတော်က အင်အားသုံးသည့် နည်းဖြင့် မဖြေရှင်းဘဲ ညှိနှိုင်း အဖြေရှာ သည့် နည်းလမ်းကို အသုံးပြုရန် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး က တိုက်တွန်းပြောဆိုသည်။
နေပြည်တော်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် အစိုးရအကြား NCA လက်မှတ်ထိုးပွဲ ကျင်းပစဉ် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ထိုသို့ တိုက်တွန်းပြောဆိုလိုက်ခြင်းဖြစ်သည်။
ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက “ လတ်တလော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA ကို သဘောတူလက်ခံသော်လည်း လက်မှတ်ရေးထိုးဖို့ အဆင်သင့် မဖြစ်သေးတဲ့ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့ အစည်းအချို့ ထပ်မံပါဝင်လာရေးလုပ်ငန်းစဉ်တွေ ဖန်တီးဖော်ဆောင်ရာမှာ တပ်မတော် အနေ နှင့် အင်အားသုံးတဲ့ နည်းထက် ညှိနှိုင်းအဖြေရှာတဲ့ နည်းလမ်းကို အသုံးပြုဖို့ အလေးထား တောင်းဆို ပါတယ်” ဟု ပြောဆိုခဲ့သည်။
တပ်မတော်အနေဖြင့် စစ်ရေးတင်းမာမှု လျော့ချရေး အထောက်အကူပြုမည့် ယန္တရားကို ဖန်တီးခြင်းက လက်ရှိတွင် NCAကို မထိုးနိုင်သေးသည့် အဖွဲ့များကို NCA ထိုးနိုင်ရန် လမ်းဖွင့်ပေးရာ ရောက်သည် ဟု လည်း ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ဆိုသည်။
နေပြည်တော်တွင် ကျင်းပသည့် NCA လက်မှတ်ထိုးပွဲ အခမ်းအနားသို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ၊ ချင်းအမျိုးသား တပ်ဦး (CNF) ၊ ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP) ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့ တက်ရောက် လက်မှတ်ရေးထိုးခဲ့သည်။
သမ္မတဦးသိန်းစိန်ကမူ လတ်တလော NCA ကို တိုင်းရင်းသားအဖွဲ့ ၈ ခုနှင့် လက်မှတ်ရေးထိုးခဲ့သော်လည်း အားလုံးပါဝင်နိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဟု ဆိုသည်။
“ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးမပါ နိုင်သေးပေမယ့် ကနဦးရှေ့ပြေး အ နေနဲ့ ပါဝင်ပြီး ရှေ့ဆက်သွားဖို့ အဆင်သင့်ဖြစ်နေတဲ့ အဖွဲ့တွေနဲ့ အရင်ဦးစွာ လက်မှတ်ထိုးဖို့ ဆုံးဖြတ်ခဲ့ တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျန်နေသေးတဲ့ အဖွဲ့တွေ ပါဝင်နိုင်ရေးကို ကျွန်တော်တို့အားလုံး ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” ဟု သမ္မတဦးသိန်းစိန်က ဆိုသည်။
လတ်မှတ်မထိုးဘဲ ကျန်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၃ ခု ရှိနေပြီး ၎င်းတို့အနက် ကချင်လွတ် လပ်ရေး တပ်မတော် (KIA) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် -ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် ရှမ်းပြည်တိုးတက် ရေးပါတီ (SSPP/SSA) တို့နှင့် တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။
NCA လက်မှတ်ရေးထိုးပွဲသို့ တတ်ရောက်လာသည့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်း မှ ဦးကိုကိုကြီး က “ ဒီနေ့ အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုတဲ့အခါမှာ အားလုံးပါဝင်တဲ့ အဆင့်ကို ရောက်မလာသေးတဲ့အတွက် ကျနော်တို့ ရှေ့ဆက်ပြီး ကြိုးစားရမှာ အရှည်ကြီးရှိသေးတယ်။ စိတ်ရှည် လက်ရှည်နဲ့ ဆက်ပြီး ကြိုးစားရဦးမယ်ဆိုတာကို ကိုယ့်ကိုကိုယ် ပြန်ပြီးတော့ တွန်းအားပေးနေဖို့ လိုပါတယ်” ဟု ပြောသည်။
NCA စာချုပ်ကို အစိုးရဘက်မှ သမ္မတ ဦးသိန်းစိန် ဦးစီး၍ ဒုတိယ သမ္မတများ ဖြစ်သည့် ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် ၊ ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း၊ အမျိုး သား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ သမ္မတရုံးဝန်ကြီးဦးအောင်မင်း၊ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော် အပါအဝင် စုစုပေါင်း ၈ ဦး ပါဝင်လက်မှတ်ရေးထိုးကြသည်။
တိုင်းရင်းသားများဘက်မှ ကရင်အမျိုးသားအစည်းအရုံးမှ (KNU) ၊ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး၊ ရှမ်းပြည် ပြန်လည် ထူ ထောင်ရေး ကောင်စီ (RCSS/SSA)၊ ဒုတိယ ဗိုလ်ချုပ်ကြီး ယွတ်စစ် ၊ ချင်းအမျိုး သားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးနန်လျန်ထန် ၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)ဥက္ကဌ ဦးခွန်မြင့်ထွန်း ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဥက္ကဌ ရဲဘော် သံခဲ ၊ ရခိုင်အမျိုးသား လွတ်မြောက် ရေး ပါတီ (ALP) ဥက္ကဌ ဦးခိုင်စိုးနိုင်အောင် ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC ) ဗိုလ်ချုပ်ကြီး စောဌေးမောင် ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားပွယ် တို့ တတ်ရောက် လတ်မှတ်ထိုးသည်။
နိုင်ငံတကာ အသိသက်သေအဖြစ် ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ်များလည်း တက်ရောက်ပြီး ပြည်တွင်းအသိသက်သေအဖြစ် ပြည်တွင်း နိုင်ငံရေး ပါတီ ၉၂ ပါတီမှ ကိုယ်စားလှယ်များ တတ်ရောက်သည်။
တိုင်းရင်းသားများ အဆိုပြုမှုကြောင့် အသိသက်သေအဖြစ် လတ်မှတ်ထိုးရန် ဖိတ်ခေါ်ထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ဦးခွန်ထွန်းဦးတို့မှာ NCA လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခြင်း မရှိပါ။
NLD ၏ ကိုယ်စားလှယ် အဖြစ် တက်ရောက်လာသူ ဦးဝင်းထိန်ကမူ ဒေါ်အောင်ဆန်းစုကြည် မတက်ရောက် ရခြင်းမှာ ယခုပြုလုပ်သည့် NCA လတ်မှတ်ရေးထိုးပွဲမှာ တနိုင်ငံလုံး အသွင်မဆောင်ခြင်းကြောင့် ဖြစ်သည် ဟု ရှင်းလင်းပြော ဆိုသည်။
NCAလက်မှတ်ထိုးလိုက်သည့် အဖွဲ့ ၈ ဖွဲ့မှာ အောက်တိုဘာလ ၁၆ ရက်နှင့် ၁၇ ရက်တွင် အစိုးရနှင့် စစ်ရေးကော်မတီ၊ နိုင်ငံရေး ကော်မတီများ ဖွဲ့စည်းရန် အစည်းအဝေး ပြုလုပ်သွားမည်ဖြစ်သည်ဟု သိရသည်။