ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည့် စစ်ပြေး ဒုက္ခသည် ၁၅၀၀ ကျော် အနက် ကိုယ်ဝန်ဆောင်မိခင် ရှမ်းတိုင်းရင်းသူ အမျိုးသမီး ၄ ဦးသည် စစ်ရှောင်စဉ် လမ်းခရီး၌ပင် ခက်ခက်ခဲခဲ မီးဖွားခဲ့ရကြောင်း သတင်း ရရှိသည်။
ရှမ်းပြည်နယ် မိုင်းရှုးနှင့် မိုင်းနောင် မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာ ဒေသမှ စစ်ရှောင် ဒုက္ခသည်တချို့သည် တောတွင်း၌ ပုန်း အောင်း နေစဉ် အမျိုးသမီး ၄ ဦး မီးဖွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ မိခင် ၄ ဦးနှင့် ကလေးများအပါအဝင် အကူအညီ လိုအပ်နေသည့် ရှမ်း စစ်ပြေး ဒုက္ခသည်များ၏ ကျန်းမာရေးအတွက် စိုးရိမ်ကြောင်း ရှမ်းလူမှုအဖွဲ့အစည်း ၁၈ ဖွဲ့က အောက်တိုဘာလ ၁၅ ရက်တွင် ကြေညာ ချက် တစောင် ထုတ်ပြန်သည်။
ရှမ်းလူမှု အဖွဲ့အစည်းများ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင်က“တယောက်ကတော့ ဂူထဲမှာပဲ မွေးတယ်။ ကျန်တဲ့ ၃ ယောက် က တော့ တောထဲမှာပဲ ဖြစ်သလို မွေးခဲ့ကြတယ်။ မီးဖွားပေးမယ့်လူ မရှိတာရယ်၊ သန့်ရှင်းတဲ့ ကိရိယာတွေ မရှိတာရယ်၊ နောက်ပြီးတော့ နေရာ ထိုင်ခင်းရယ်နဲ့ အခုဆိုရင် အာဟာရအတွက်လည်း အခက်အခဲ ဖြစ်နေပါတယ်”ဟု ဧရာဝတီကို ပြောပြသည်။
မိုင်းရှုးမြို့နယ်အတွင်း၌ ယခုလ ၆ ရက်နေ့မှစ၍ အစိုးရ တပ်မတော် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းများနှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) ဝမ်ဟိုင်း ဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့မှုကြောင့် ဒေသခံများက ဘေးလွတ်ရာသို့ အိုးအိမ်များစွန့်၍ ထွက်ပြေး တိမ်းရှောင်ခဲ့ကြခြင်း ဖြစ်သည်။
တောတွင်း၌ ကလေး မီးဖွားခဲ့သော မိခင်နှင့် ကလေးများအပြင် စစ်ဘေးရှောင် ဒုက္ခသည်များ၏ စားဝတ်နေရေး အခက်အခဲလည်း ကြုံတွေ့ နေရကြောင်းနှင့် အချိန်မီ အကူအညီများမရရှိပါက ဒုက္ခသည်များအနေဖြင့် ကျန်းမာရေး အခက်အခဲများ ရှိလာနိုင်ကြောင်း စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီပေးနေသူ တဦးဖြစ်သော စိုင်းကျန်အောင်က ပြောပြသည်။
စိုင်းကျန်အောင်က“ဒုက္ခသည်တွေထဲမှာ အများစုက သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ များပါတယ်။ ပုဂ္ဂလိ က အလှူရှင်တွေက လတ်တလော လှူနေပေမယ့် လုံလောက်မှု မရှိပါဘူး။ အစားအသောက်အပြင် နေထိုင်ရေးနဲ့ အဝတ်အထည်၊ ကျန်းမာရေး အတွက် ဆေး အဲဒါတွေက အရေးပေါ် လိုအပ်နေပါတယ်”ဟုလည်း ဧရာဝတီသို့ ပြောသည်။
၎င်းကိုယ်တိုင် တိုက်ရိုက် ဦးဆောင် ကူညီပေးနေသော မိုင်းရှုးမြို့နယ် ဟိုင်းပါကျေးရွာ ဒုက္ခသည် စခန်းတခုတည်းတွင်ပင် စစ်ပြေး ဒုက္ခသည် ၇၀၀ ကျော် ရှိနေကြောင်းနှင့် တိုက်ပွဲများ ဆက်တိုက်ရှိနေသေးသဖြင့် ဒုက္ခသည်ဦးရေ ထပ်မံတိုးပွားလာမည့် အခြေ အနေ တွင် ရှိကြောင်း စိုင်းကျန်အောင်က ဆက်လက်ရှင်းပြသည်။
ဝမ်ဟိုင်း ဌာနချုပ်အနီး အစိုးရတပ်နှင့် SSPP/SSA တပ်ရင်းများ အကြား ယခုလ ၆ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် အောက်တိုဘာလ ၄ ရက်အထိ ဆက်လက်ဖြစ်ပွားနေပြီး တန့်ယန်းမြို့နယ်အထိ တိုက်ပွဲများကူးဆက်နေကြောင်း SSPP/SSA ပြောခွင့် ရ ပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းလက ပြောသည်။
“တိုက်ပွဲတွေက အရှိန်ထပ် မြင့်လာမယ့် အလားအလာ ရှိနေတယ်။ ဘာဖြစ်လို့လဲဆိုရင် အစိုးရစစ်ကြောင်းတွေက ကျနော်တို့ တပ် လှုပ်ရှားရာ နေရာတွေကို စစ်အင်အား၊ လက်နက်ရိက္ခာတွေ အဆက်မပြတ် ဖြည့်တင်းပြီး နေရာယူလာတာတွေ ကျနော်တို့တွေ့နေ ရတယ်”ဟုလည်း ဒုဗိုလ်မှူးကြီး စိုင်းလက ပြောဆိုသည်။
အစိုးရအနေဖြင့် စစ်မှန်သောငြိမ်းချမ်းရေး ရရှိရန်လိုပါက SSPP/SSA ကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းအပေါ် ရပ်တန့်ပြီး နိုင်ငံရေး ပြဿနာအား တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် အဖြေရှာရန် ကြေညာချက် ထုတ်ပြန်လိုက်သည့် ရှမ်းလူမှုအဖွဲ့အစည်း ၁၈ ဖွဲ့က တောင်းဆိုခဲ့သည်။
ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ၊ ဒုက္ခသည်များအရေးနှင့် ပတ်သက်ပြီး ထုတ်ပြန်ထားသော ၎င်းတို့၏ ကြေညာချက်အား နိုင်ငံတကာ အဖွဲ့အစည်းများကို ပေးပို့သကဲ့သို့ နိုင်ငံတော် သမ္မတရုံးနှင့် အစိုးရ သက်ဆိုင်ရာ ဝန်ကြီးဌာနများကိုလည်း ပေးပို့သွားမည် ဖြစ်ကြောင်း ရှမ်းလူမှုအဖွဲ့အစည်းများ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင်က ပြောသည်။