ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSPP/SSA) ၏ ဝမ်ဟိုင်းဌာနချုပ်အတွက် အရေးပါသည့် ခံစစ်စခန်း တခုဖြစ်သော တာဆမ်ပူး ကူးတို့ဆိပ်ကို ယနေ့ဖယ်ပေးလိုက်ရပြီဖြစ်ကြောင်း SSPP/SSA ကပြောသည်။
တာဆမ်ပူး ကူးတို့ဆိပ် ထိန်းချုပ်နိုင်ရေး အစိုးရ၏ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်များ နှင့် SSPP/SSA ဝမ်ဟိုင်း ဌာနချုပ် လုံခြုံရေး တပ်ဖွဲ့များအကြား ယခုလ ၆ ရက်နေ့မှစတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ၁၀ ရက်မြောက်နေ့ တွင် ယခုကဲ့သို့ ဆုတ်ခွာပေးလိုက်ရခြင်းဖြစ်ကြောင်း SSPP/SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းလက ဧရာဝတီ သို့ ပြော သည်။
“တိုက်ပွဲတွေဆက်ပြီး မကြီးထွားစေချင်တာရယ်။ တိုက်ပွဲတွေကြောင့် လယ်ယာမြေ ရိတ်သိမ်းချိန်မှာ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင် နေကြရတာတွေရယ်ကြောင့် ကျနော်တို့ တာဆမ်ပူးကို ဖယ်ပေးလိုက်တာ၊ ဒါဟာ ဗဟိုက တာဝန်ရှိသူတွေကိုယ်တိုင် အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်”ဟု သူက ဆိုသည်။
တာဆမ်ပူး ကူးတို့ဆိပ်သည် SSPP/SSA အဖွဲ့အခြေစိုက်ရာ ဝမ်ဟိုင်းဌာနချုပ် အတွက် အရေးပါသော ခံကတုတ် တခုဖြစ်ပြီး ဤသို့ဆုတ်ပေးလိုက်ရခြင်းကြောင့် တပ်မတော်အနေဖြင့် SSPP/ SSA အပေါ် စစ်ရေးအရ ပိုမိုစိုးမိုးသွားနိုင်ပြီဟုလည်း SSPP/SSAက ပြော သည်။
SSPP/SSA နှင့် တပ်မတော်အကြား တပတ်ကျော်အကြာဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံ ၁၅၀၀ ကျော် အိုးအိမ်များ စွန့်ခွာ၍ စစ်ပြေးဒုက္ခအဖြစ် မိုင်းရှူးနှင့် မိုင်းနောင်မြို့နယ်များရှိ ဘုန်းကြီးကျောင်းနှင့် တောတောင်များအတွင်း သွားရောက် ခိုလှုံနေကြ ရသည်။
SSPP/SSA အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံးပါဝင်မှသာ အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးရန် ဆုံးဖြတ်ခဲ့ပြီး တပတ်အကြာ တာဆမ်ပူး ကူူးတို့ဆိပ် တိုက်ပွဲများဖြစ် ပွားခဲ့ခြင်းဖြစ်သည်။
SSPP/SSA သည် မိုင်းရှူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုး၊ သီပေါ၊ နမ့်ဆန်၊ မိုးမိတ် စသည့် မြို့နယ်များတွင် လှုပ်ရှားနေပြီး ဝမ်းဟိုင်းဌာနချုပ်ကို မိုင်းရှူးမြို့နယ်ထဲတွင် အခြေစိုက်ထားကာ ဖယ်ပေးလိုက်ရသော တာဆမ်ပူးကတို့ဆိပ်သည် ဌာနချုပ်အတွက် နောက်ဆုံးကျန်သော ခံကတုတ်တခုဖြစ်ကြောင်း သိရသည်။
SSPP/SSA အဖွဲ့သည် ၁၉၈၉ ခုနှစ် စစ်အစိုးရ လက်ထက်က အပစ်အခတ်ရပ်စဲခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်တွင် နယ်ခြားစောင့်နှင့် ဌာနေ ပြည်သူ့စစ် ဖွဲ့စည်းရေးကို ငြင်းဆန်သည့်အတွက် ၂၀၁၁ ခုနှစ် မတ်လပိုင်းက စတင်ပြီး တပ်မတော်နှင့် တိုက်ပွဲများ ပြန် လည် ဖြစ်ပွားခဲ့သည်။
၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်က ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် အစိုးရနှင့် SSPP/SSA တို့အကြား ပြည်နယ်အဆင့်၊ ပြည် ထောင်စု အဆင့် ပဏာမ အပစ်အခတ် ရပ်စဲခဲ့ကြသော်လည်း စာချုပ်ချုပ်ပြီးချိန်မှစ၍ ယခုလ ၁၅ ရက်နေ့အထိ နှစ်ဘက် အကြား တိုက်ပွဲပေါင်း ၃၀၀ ကျော်ဖြစ်ပွားခဲ့ပြီး SSPP/SSA ၏ အရေးပါသော တပ်စခန်းပေါင်း ၁၀ ခုကျော် ဖယ်ပေးခဲ့ရသည်။