တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်(NCA) ချုပ်ဆိုထားသည့် တိုင်းရင်သား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် အစိုးရတို့အကြား ပြန် လည်ပစ်ခတ်မှုများ မဖြစ်ပွားစေရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲ ဆက်လုပ်သွားနိုင်ရန် ရည်ရွယ်ပြီး နိုင်ငံရေး ကော်မတီနှင့် စစ်ရေးကော် မတီ ၂ ရပ်ကို ယနေ့ ဖွဲ့စည်းလိုက်သည်။
“ဒီကနေ့ NCA ရဲ့ သဘောတူညီမှုကိုဆက်ပြီး အကောင်အထည် ဖော်ရမှာကြောင့် JMC ကို စစ်ရေးအရ စောင့်ကြပ် ကြည့်ရှုဖို့ ဖွ့ဲပါတယ်။ UPDJC ကို နိုင်ငံရေးဆွေးနွေးပွဲ သွားနိုင်ဖို့ ဖွဲ့လိုက်ပါတယ်။ ပြီးရင် NCA ပါ စည်းကမ်းချက်တွေအတိုင်း ကျနော်တို့ ဆက်သွားနေပါတယ်”ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) ၏ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက ပြောသည်။
စစ်ရေးကော်မတီကို အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (Joint Monitoring Committee – JMC ) ၊ နိုင်ငံရေး ကော်မတီကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ပူးတွဲကော်မတီ (Union Peace Dialogue Joint Committee –UPDJC) ဟူ၍ အမည်ပေးထားသည်ဟု ၎င်းက ပြောဆိုသည်။
ယနေ့တွင် နေပြည်တော်ရှိ Hotel Max ၌ ပြုလုပ်သည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့တို့၏ အစည်းအဝေးအပြီးတွင် ဆွေးနွေးမှုများနှင့် ပတ်သက်ပြီး ဦးလှမောင်ရွှေက သတင်းမီဒီယာများကို ပြောဆိုခြင်း ဖြစ်သည်။
အောက်တိုဘာလ ၁၅ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် NCA လက်မှတ် ရေးထိုးလိုက်ပြီဖြစ်သည့် ကရင်အမျိုးသား အစည်း အရုံး (KNU)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)၊ ချင်း အမျိုးသားတပ်ဦး (CNF) ၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP)၊ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ နှင့် အစိုးရတို့အကြား ပူးတွဲ ကော်မတီများ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
JMC သည် NCA ချုပ်ဆိုထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် အစိုးရ တပ်မတော်အကြား ပစ်ခတ်မှုများ ပြန်လည် မဖြစ်ပွားစေရန် စောင့်ကြည့်ရန်နှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပါက ဖြေရှင်းနိုင်ရန် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု ချင်း အမျိုးသားတပ်ဦး (CNF) မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း က ပြောသည်။
NCA စာချုပ်ပါ အချက်များအရ စစ်ရေးကော်မတီ (JMC) မှ လုပ်ငန်းစဉ်များကို လုပ်ဆောင်ရန် တနိုင်ငံလုံး အဆင့်၊ ပြည်နယ်အဆင့် နှင့် ဒေသဆိုင်ရာ အဆင့်ဟူ၍ အဆင့်ဆင့် ဖွဲ့စည်းသွားမည်ဖြစ်ပြီး နှစ်ဖက်တပ်များ ပြန်လည်နေရာချထားရေး၊ တပ်ပိုင်းဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းရေးနှင့် ပြန်လည်ပစ်ခတ်မှု မဖြစ်ပွားစေရန် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများ ချမှတ်သွားရေးတို့ကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အတူ NCA စာချုပ်တွင် ပါရှိသည့်အတိုင်း NCA ချုပ်ဆိုပြီးနောက် ရက်ပါင်း ၆၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်တရပ် ရေး ဆွဲခြင်းနှင့် ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲတခု ကျင်းပရေးတို့ကို ဆက်လက် လုပ်ဆောင်သွားနိုင်ရန် UPDJC ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု ဦးလှမောင်ရွှေက ပြောသည်။
ကော်မတီ တရပ်စီတွင် အစိုးရဘက်မှ ၈ ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလှယ် တဦးစီဖြင့် (စုစုပေါင်း ၈ ဦး) ပါဝင်၍ ဖွဲ့စည်းထားသည်ဟု သိရသည်။
ထိုကော်မတီ၂ ရပ်တွင် ပါဝင်သည့် ကော်မတီဝင် ဦးရေများသည် ပုံသေခန့်အပ်ထားခြင်း မဟုတ်ဘဲ လက်ရှိတွင် NCA ကို လက်မှတ် မထိုးထားသေးသည့် အဖွဲ့များက လက်မှတ်ထိုးနိုင်သည့် အချိန်တွင် ကော်မတီဝင်များအဖြစ် ပါဝင်လာရေးကို လက်ခံရမည်ဟူ၍ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့အကြား သဘောတူညီမှု ပြုထားသည်ဟု ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်း က ဆက် ပြောသည်။
“ကော်မတီတွေ ဖွဲ့စည်းတဲ့နေရာမှာ ကျနော်တို့ အခုလက်မှတ် ထိုးပြီးသား ၈ ဖွဲ့နဲ့ပဲ စဖွဲ့လိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် မထိုးသေး တဲ့ အဖွဲ့တွေ သူတို့ထိုးနိုင်တဲ့ တနေ့ကျရင် ပါဝင်ပတ်သက်နိုင်ဖို့ ကျနော်တို့ လမ်းဖွင့် ထားပါတယ်”ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း က ပြောသည်။
JMC နှင့် UPDJC ကော်မတီ နှစ်ရပ်လုံးအား အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များဖြင့် လုပ်ဆောင်သွားမည် မဟုတ်ဘဲ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အကူအညီပေးမည့် နိုင်ငံတကာနှင့် ပြည်တွင်းကိုယ်စားလှယ် အသီးသီးတို့ကိုလည်း ပါဝင်ခွင့်ပေး သွားမည်ဟု UPWC ၏ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက ပြောဆိုသည်။
ကော်မတီ နှစ်ရပ်၏ လုပ်ငန်းတာဝန် အသီးသီးအားချမှတ်နိုင်ရန် အောက်တိုဘာလ ၁၇ ရက်တွင် နေပြည်တော်၌ပင် အစည်းအဝေး ဆက်လက်ပြုလုပ် သွားမည်ဟု သိရသည်။
ယနေ့ပြုလုပ်သည့် အစည်းအဝေးသို့ အစိုးရဘက်မှ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး လုပ်ငန်း ကော်မတီဝင်များ၊ တပ်မတော် ကိုယ်စားလှယ် ၃ ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၃ ဦး နှင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ ၈ ဖွဲ့တို့မှ ဗဟိုကော်မတီဝင်များ တက်ရောက်ကြသည်။