ရွေးကောက်ပွဲ နီးကပ်လာသည့် အချိန်တွင် ရွေးကောက်ပွဲ လှုပ်ရှားမှု အပေါ် မြန်မာနိုင်ငံမှ ဩဇာအာဏာကြီးမားသည့် ကာကွယ်ရေးဦးစီးချုပ်က သမ္မတထက်ပို၍ လွှမ်းမိုးမှု ရှိနေသည်ကို တွေ့ရသည်။ ဦးသိန်းစိန်က သံတမန်များနှင့် လှိုက်လှဲဖော်ရွေစွာ တွေ့ဆုံနေပုံများ၊ ကျေးရွာများတွင် ခရီးလှည့်လည် နေပုံများကို အစိုးရထုတ် သတင်းစာများ၏ မျက်နှာဖုံးတွင် ဖော်ပြခဲ့သလိုမျိုး ပြီးခဲ့သည့် ၅ နှစ်တာ အတွင်းကလောက် ပုံမှန် မမြင်တွေ့ ရတော့ပါ။
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ယခင်ကထက် ပိုမိုဩဇာ အာဏာရှိလာသည့် အသွင်ကို ဆောင်လာသည်။ ယခင်က အများပြည်သူရှေ့မှောက်တွင် မြင်တွေ့ ရခဲသည့် တပ်မတော်၏ ခေါင်းဆောင်က မထင် မရှားနေရာမှ ထွက်လာခဲ့သည်။ သူက မီဒီယာများနှင့် ဖော်ဖော်ရွေရွေ တွေ့ဆုံသည်။ သူ့အရင်က ကာကွယ်ရေးဦးစီးချုပ်များကဲ့သို့ မဟုတ်ဘဲ သတင်းထောက်များနှင့် သက်သောင့်သက်သာ ဆက်ဆံနိုင်အောင် အကောင်းဆုံး ဆောင်ရွက်ခဲ့သည်။
စစ်တပ်က ရွေးကောက်ပွဲ၏ ရလဒ်ကို လေးစားမည် ဖြစ်ကြောင်း၊ ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း နေရာ အသီးသီးတွင် သူက ကတိ ပေးခဲ့သည်။ အမျိုးသမီးတဦး သမ္မတ ဖြစ်လာလျှင်လည်း ကြိုဆိုမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းသည်ဟု ယူဆနိုင်သော် လည်း အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတရာထူး မရရှိနိုင်တော့။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပွင့်ပွင့်လင်းလင်း ပြောဆိုမှုများကြောင့် စိတ်လှုပ်ရှား တက်ကြွသမျှမှာမူ ယခုအချိန်တိုင် အပြည့်အဝ မမြင်တွေ့ ရသေးသည့် တပ်မတော်၏ မှောင်မိုက်သော အစိတ်အပိုင်းများကြောင့် ပျက်ပြယ်ခဲ့ရ သည်။ တပ်မတော်၏ မီဒီယာဆက်ဆံရေးဌာနက စာနယ်ဇင်းကောင်စီ (ယာယီ) သို့ လွန်ခဲ့သော ၁ နှစ်က ပေးခဲ့သော ကတိလည်း အကောင်အထည် ပေါ်မလာသေးပါ။ ကာကွယ်ရေး အသုံးစရိတ်က ပြည်ထောင်စု လွှတ်တော်တွင် စနစ်တကျ ဆွေးနွေးရမည့် အကြောင်းအရာတခု ဖြစ်မလာသေးပါ။ စစ်ဘက်အရာရှိများက စီးပွားရေးနှင့် တရားစီရင်ရေး စနစ်များတွင် ဆက်လက် ပါဝင်နေပြီး အများပြည်သူက စုံစမ်းသိရှိနိုင်မှုနှင့် ဝေးကွာနေဆဲ ဖြစ်သည်။
အဖြေ မရသေးသည့် အကြီးဆုံး မေးခွန်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတနေရာကို ရည်ရွယ်ထားခြင်း ရှိ/မရှိပင် ဖြစ်ပါသည်။ လာမည့်နှစ်တွင် သူအသက် ၆၀ ပြည့်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၁၉ မှ ပြည်ထဲ ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို ကဲ့သို့ ထင်ရှားသည့် တခြားထိပ်တန်း ဗိုလ်ချုပ်ကြီးများနှင့် အတူ ရာထူးမှ အငြိမ်းစား ယူမည်ဟု အများစုက ခန့်မှန်းထားကြသည်။
သမ္မတရာထူးကို စိတ်ဝင်စားကြောင်း ကာကွယ်ရေး ဦးစီးချုပ်က မည်သည့် အခါမျှ ထုတ်ဖော်ပြော ဆိုခြင်း မပြုခဲ့ပါ။ သူဘာလုပ်မည် ဆိုသည်ကိုလည်း ကာကွယ်ရေး ဦးစီးချုပ်က တိကျသေချာစွာ ပြောဆိုခြင်း မရှိခဲ့ပါ။ မကြာသေးမီက ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတခုတွင် ဘီဘီစီ သတင်းဌာနက အဆိုပါကိစ္စကို တိုက်ရိုက်မေးခွန်းထုတ်ခဲ့သည့် အခါ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “စစ်သား တယောက်ရဲ့ တာဝန်ဆိုတာက တိုင်းပြည်ရဲ့တာဝန်ကို ကျရာနေရာက ထမ်းဆောင်ဖို့ ဖြစ်ပါတယ်” ဟု ဖြေကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကမူ ယခင်က အတိုင်း တပ်မတော်နှင့် ပြေငြိမ်းလိုသော သဘော ရှိသည်။ NLD ခေါင်းဆောင်များက တပ်အနေဖြင့် တိုင်းပြည်၏ နောက်ထပ်ခြေလှမ်းများကို အဆုံးအဖြတ် ပေးလိမ့်မည်ဟု အမြဲတမ်း သဘောထား ခဲ့ကြသည်။ သူတို့ပါတီ အတွင်း တပ်အပေါ် မုန်းတီးမှုများ ကာလရှည်ကြာစွာ ရှိနေခဲ့သည်ကို ပိုမို လွန်ကဲ မလာစေရန် ကြိုးစားပမ်းစား ဆောင်ရွက်ခဲ့ကြသည်။
NLD ပါတီ၏ ရွေးကောက်ပွဲ ကြေညာချက်တွင် တပ်မတော်ကို ဒီမိုကရေစီနှင့် ပြည်သူတို့ကို အကာအကွယ်ပေးသည့် အဖွဲ့အစည်းတခု အဖြစ် သဘောထားကြောင်း ဖော်ပြထားသည်။ အနာဂတ်တွင် NLD က အစိုးရဖွဲ့စည်း နိုင်ပါက လည်း ခေတ်မီတပ်မတော်တခု ဖြစ်အောင် တည်ဆောက်သွားမည်ဟု ကတိပြုခဲ့သည်။ မကြာသေးမီက ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သည့် မဲဆွယ်မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က တပ်နှင့် NLD ကြားမှ မယုံသင်္ကာ ဖြစ်မှုများကို ဖယ်ရှားသွားရန် NLD ပါတီက အလွန်ဆန္ဒရှိ နေကြောင်း ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက် ကလည်း ကာကွယ်ရေး ဦးစီးချုပ် တဦးအနေဖြင့် အရွယ်အစား ဖောင်းပွနေပြီး ခေတ်မမီတော့သော လက်နက် ပစ္စည်းများကြောင့် စွမ်းဆောင်ရည် နောက်ကျနေ ရသည့် တိုင်းပြည်၏ စစ်တပ်ကို ခေတ်မီသော တပ်ဖွဲ့တခု ဖြစ်လာရန် ရည်ရွယ်ချက်ထားရှိမည်မှာ သံသယဖြစ်စရာ မလိုပါ။ ယခုနှစ်အတွင်း ပါကစ္စတန်၊ ဆာဘီးယား၊ အစ္စရေးနှင့် တခြားနိုင်ငံများရှိ စစ်လက်နက်ထုတ်လုပ်သူများထံ အကြိမ်ကြိမ် သွားရောက်ခဲ့ခြင်းက စစ်လက်နက် ပစ္စည်းအသစ်များ ရရှိနိုင်ရန် ဆန္ဒရှိနေကြောင်း ပြနေခြင်းပင် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ကာကွယ်ရေးဦးစီးချုပ်၏ ခေတ်မီတပ်မတော်ဖြစ်လာရေး ဆောင်ရွက်မှုနှင့် လိုက်လျောညီထွေ ဖြစ်စေရန် နည်းလမ်း ရှာဖွေခဲ့သည်။ အနောက်တိုင်း စစ်တပ်များနှင့် နီးနီးကပ်ကပ် ဆက်ဆံခြင်း အားဖြင့် မြန်မာတပ်ဖွဲ့များအနေဖြင့် ပညာရေး၊ လူ့အခွင့်အရေးနှင့် ကန့်သတ်ချက်များကို လေးစားခြင်း စသည့် အရေးကြီးသည့် သင်ခန်းစာများကို ရယူနိုင်လိမ့်မည် ဆိုသည့် မျှော်လင့်ချက်ကြောင့်လည်း တစိတ်တပိုင်း ပါဝင်နိုင် ပါသည်။
သို့သော်လည်း စစ်တပ်၏ အလေးထားမှုကို ဒေါ်အောင်ဆန်းစုကြည် ယခုထိ မရရှိသေးသည်က ထင်ရှားနေသည်။ တပ်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ သူနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ကြားတွင် ကွဲပြားခြားနားနေဆဲ ဖြစ်သည်။ သူတို့ ၂ ဦး၏ နည်းပါးလှသည့် တွေ့ဆုံမှုများ အတွင်းတွင်လည်း ခိုင်မာတိကျသောအဖြေ တစုံတရာ ထွက်ပေါ်လာခဲ့ခြင်း မရှိပါ။ အစိုးရထုတ် သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်ကို ရန်လိုတတ်သည့် သွားကျိုးနေသော အဘွားအိုတဦး အဖြစ် ကာတွန်းများ ရေးဆွဲ၍ ပြောင်လှောင်ခဲ့သောအချိန်များက အတိတ်မှာ ကျန်ခဲ့ပြီ ဖြစ်သော်လည်းသူနှင့် စစ်ဗိုလ်ချုပ်ကြီးများ ကြားမှ ကွာခြားမှုက ကြီးမားစွာ ရှိနေဆဲ ဖြစ်သည်။
၁၉၉၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး ပထမဆုံး ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် NLD နှင့် စစ်ဘက်ခေါင်းဆောင်များ အပြန်အလှန် စွပ်စွဲမှုများ မပါဝင်ဘဲ ပူးပေါင်းဆောင်ရွက် နိုင်ရေးကို ဦးတည်၍ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။ သို့သော်လည်း နောက်ထပ် နှစ်ပေါင်း ၂၀ ကြာခဲ့သည့်တိုင် စစ်ဘက်ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်သည် သူတို့အတွက် ခြိမ်းခြောက်မှု တခု ဆိုသည့် ထင်မြင်ချက်ကို ဖယ်ရှားခြင်း မပြုနိုင်ကြသေးပါ။
အနည်းဆုံး နောက်ထပ် ဆယ်စုနှစ်တခု ကြာမြင့်သည့် အချိန်အထိ မြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် စစ်တပ်အခန်း ကဏ္ဍက ဆက်လက်ရှိ နေလိမ့်ဦးမည် ဖြစ်သည်။ ဗိုလ်ချုပ်ကြီးဟောင်း တယောက် ဖြစ်ပြီး ယခင်စစ်အစိုးရတွင် စတုတ္ထမြောက် အာဏာ အရှိဆုံး အဖွဲ့ဝင် ဖြစ်ခဲ့သော သမ္မတ ဦးသိန်းစိန်က စစ်တပ်သည် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ထိန်းသိမ်း စောင့်ရှောက်ခဲ့သည်ဟု ယခုနှစ် အစောပိုင်းတွင် ပြောကြား၍ နိုင်ငံတကာ၏ မျှော်လင့် ချက်များကို ဖြေသိမ့်ရန် ကြိုးစားခဲ့သည်။
သူ၏ ဝတ်စုံနှင့် အဆောင်အယောင်များ ပြောင်းလဲခဲ့ပြီ ဖြစ်သော်လည်း ဦးသိန်းစိန်က စစ်ဗိုလ်ချုပ်ကြီးများ ကြားလိုသည့် စကားများကို သာဆက်လက် ပြောနေဆဲ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကြောင်းကျိုး ညီညွတ်သည့် မေတ္တာ ရပ်ခံမှုများကမူ အမြဲလို မကြားချင်ယောင်ဆောင်ခြင်း ခံနေရသည့် သဘောရှိသည်။
ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် နိုင်ငံ့အကြီးအကဲအဖြစ်သို့ ပြောင်းသွားမည်လား။ နှစ်ဖက်ကြားတွင် ကာလ ကြာရှည်စွာ ရှိနေခဲ့သည့် အပြန်အလှန် မယုံကြည်မှုကို ပယ်ဖျက်နိုင်သော အစွမ်း NLD မှာရော ရှိသလား။ စစ်တပ်မှာရော ဒီလိုဆန္ဒ ရှိသလား။ ရွေးကောက်ပွဲရလဒ်ကို လက်ခံမည်ဟု ပြောထားသော စကားကို ယုံကြည် စေချင်သော ဆန္ဒ စစ်တပ်မှာရှိသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် စကားများကိုတော့ လက်ခံဖို့ သူတို့ ဆန္ဒ မရှိကြပါ။ ထိုသို့သော အခြေအနေများ ကြောင့် လာမည့်နှစ်တွင် သမ္မတ မည်သူ ဖြစ်လာသည် ဖြစ်စေ မဆုံးနိုင်သည့် မယုံကြည်မှုများက ကာလရှည်သည် အထိ ဆက်ပြီး ရှိနေလိမ့်ဦးတော့မည်။ ။