ရှမ်းစာသည် ရှမ်းစာသာ ဖြစ်၏။ ဤစာကို ၁၉၄၀ တွင် ပြုပြင်လိုက်သဖြင့် ရှမ်းစာမူသစ် ဟူ၍ ဖြစ်ပေါ်လာရသည်။ စာနှစ်မျိုး ကွဲပြားရခြင်း အကြောင်း မလေ့လာမီ ရှမ်းဘာသာဗေဒ အကြောင်းကို သိရှိဖို့လည်း လိုအပ်မည် ထင်ပါသည်။
ရှမ်းလူမျိုးများကို တောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ အုပ်စု နှစ်ခုခွဲခြား သတ်မှတ်ထား၏။ မြောက်ပိုင်းရှမ်း အသံထွက် စကားပြောသော သူများသည်၊ အဟုံရှမ်းနှင့် ခမ်းတီးရှမ်းတို့ ဖြစ်၍ အဟုံရှမ်းတို့၏ ဘာသာစကားမှာ ပျောက်ကွယ်လုနီး ဖြစ်သော်လည်း ရှေးရှမ်းအက္ခရာဖြင့် ပြုစုရေးသားထားသော စာပေအမြောက်အများ ကျန်ရှိနေဆဲ ဖြစ်သည်။ အဟုံရှမ်း တို့၏ အက္ခရာမှာ မူဟောင်း ရှမ်းအက္ခရာ၊ ခမ်းတီးရှမ်းအက္ခရာနှင့် ပုံစံအနည်းငယ်သာကွာ၍ အတူတူပင် ဖြစ်သည်။ သမိုင်းဆရာမ လက်စလီမီး(လ်) (Leslie Milne) က တရုတ်နိုင်ငံ နန်ချောင်ခေတ်ကပင် ရှမ်းတို့သည် ဗုဒ္ဓသာသနာနှင့် စာပအက္ခရာကို မွန်တို့ထံမှ ရရှိခဲ့သည်ဟု ဆိုပါသည်။
သမိုင်းဆရာ ခေါ့ကရိန်း (Cochrane) ကလည်း ခရစ်နှစ် ၁၀ရာစုနှစ် မတိုင်မီကပင် ဗုဒ္ဓဘာသာဝင် ဖြစ်လာကြသော ရှမ်းတို့သည် စာပေအက္ခရာများ ရရှိခဲ့ပြီး ဖြစ်သည်ဟု ဆို၏။ ဗုဒ္ဓတရားတော်များသည် ရှမ်းတို့ နေထိုင်ရာ ဒေသအနှံ့ အပြားသို့ ရောက်ရှိခဲ့ပြီး စာပေသည် သာသနာကို နေရာအနှံ့ ရောက်ရှိအောင် သယ်ဆောင်ပေးသော ဝန်ဆောင်ယာဉ် ကြီး ဖြစ်သည်။ ၁၀ ရာစုနှစ် အချိန်လောက်မှစ၍ တောင်ပိုင်း ဗုဒ္ဓသာသနာသည် မြန်မာနိုင်ငံအရှေ့ဘက်ရှိ ရှမ်းတို့၏ ဒေသထံ ရောက်ရှိခဲ့သည်ဟု ဆို၏။
ရှမ်းတို့၏ ဘာသာစကား အသံထွက်ကို (၃) အုပ်စု ခွဲခြားထားပြီး တောင်ပိုင်းရှမ်း၊ မြောက်ပိုင်းရှမ်းနှင့် တရုတ်နယ်စပ်၌ နေထိုင်ကြသော မောရှမ်း အသံထွက်များ ဖြစ်သည်။ တောင်ပိုင်းနှင့် မြောက်ပိုင်း ရှမ်းနယ်များသည်၊ မြန်မာနိုင်ငံ အရှေ့ဘက် တောင်တန်းများနှင့် မဲခေါင်မြစ် အကြား၊ မြောက်လတ္တီကျူ ၁၉ နှင့်၂၃ ဒီဂရီ မျဉ်းပြိုင်ကြား ဖြစ်သည်။ ၎င်းတို့သည် အသံထွက် အနည်းငယ် ကွဲပြားသည်မှလွှဲ၍ တခုတည်းသော ဘာသာစကားကို အသုံးပြုသည်။ ဘာသာဗေဒ ပညာရှင် ဂရီဆန် (Grierson) က တောင်ပိုင်းနှင့် မြောက်ပိုင်းရှမ်းတို့သည် မြန်မာ အက္ခရာနှင့် ဆင်တူသော စာပေကို အသုံးပြုကြသည်။
အာရှဒေသ၌ ဧရာဝတီ မြစ်ညာမှ ထိုင်းနိုင်ငံ နယ်စပ် အထိ အကွာအဝေး မိုင် ၆၀ဝ၊ အာသံမှ တုံကင်နယ်စပ်အထိ ခရီး အကွာအဝေး မိုင် ၆၀ဝ အတွင်း ရှေးယခင် ရာစုနှစ်ပေါင်း များစွာကပင် နေရာအနှံ့ ကွဲပြားနေထိုင်ကြသော ရှမ်းတို့ သည် တူညီသော ဘာသာ စကားတခုတည်းကိုသာ အသုံးပြုကြသည်ဟု ဆိုပါသည်။
ရှမ်းအက္ခရာ ဆင်းသက်ရာ လမ်းကို၊ ဆာဂျော့စကော့နှင့် တော်စိန်ခိုတို့က အောက်ပါအတိုင်း ခန့်မှန်းကြသည်။
၁။ တိဗက်မှ နန်ချောင်။ ရှမ်းစာဗျည်းတွင် တိဗက်ဗျည်းကဲ့သို့ ဃ၊ ယ၊ ဒ၊ ဓ အသံထွက်အက္ခရာများ မရှိခြင်း။
၂။ တောင်ပိုင်းအိန္ဒိယမှ မြန်မာနိုင်ငံပြည်သို့ ရောက်သည်။ ခရစ်နှစ်အစ လောက်၌ ရှမ်းတို့၏ ဩဇာသည် ပြည်အထိ ရောက်ခဲ့သည်ဟု ဆို၏။
၃။ ပဲခူးမွန်တို့ထံမှ လောနယ်များသို့ ရောက်သည်။ လောတို့သည် မြန်မာနှင့် မဆက်သွယ်မီကပင် မွန်တို့နှင့် ဆက်ဆံမှု ရှိခဲ့၏။ မွန်တို့ထံမှ အက္ခရာကို ရရှိ၍ တဖန်ရှမ်းတို့က ပဲခူး မွန်တို့ထံမှ ရရှိသည်။
၄။ တောင်ပိုင်းအိန္ဒိယမှ ချမ်ပါ (ခမာ)၊ ကမ္ဘောဒီးယားနှင့် ကျိုင်းဆင်သို့ ရောက်သည်။ ချမ်ပါ (ခမာ) တို့သည် ယဉ်ကျေးမှုနှင့် စာပေအက္ခရာကို တောင်ပိုင်း အိန္ဒိယမှ ရရှိသည်။ ချမ်ပါ (ခမာ) မှ ကမ္ဘောဒီးယားတို့ရပြီး ထိုမှ နန်ချောင်လက်အောက်ခံ ကျိုင်းဆင်သို့ ရောက်သည်။
အထက်ပါ အချက်များသည် ရှမ်းအက္ခရာ စတင်ပေါက်ဖွားရာ လမ်းကြောင်း ဖြစ်၍ ထိုအချက်များ မှန်ကန်မည် ဆိုပါက ၁၃ ရာစုရှမ်းတို့၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ကမ်ပူးချား၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံဒေသ အသီးသီးတို့၌ တကွဲတပြား မဖြစ်ခင် တခုတည်းသော ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု ရှိခဲ့သည်ဟု စာပေပညာရှင် တော်စိန်ခိုက ဆိုပါသည်။
ရှမ်းစာပေ ပညာရှင်များက၊ ရှမ်းစာအက္ခရာသည် မွန်၊ မြန်မာ၊ ပျူအက္ခရာများ ကဲ့သို့ ဗြာမီ နာဂရီ (Brahmi-Nagari) အက္ခရာမှ ဆင်းသက်လာသည် ဟု ဆို၏။ ဘာသာဗေဒပညာရှင် ဦးသာမြတ် ကလည်း မြန်မာ၊ မွန်နှင့် ပျူအက္ခရာများ ဆင်းသက်ရာ လမ်းကြောင်းကို တင်ပြရာ၌၊ ခရစ်တော် မပေါ်မီ ၇-ရာစုတွင် ဗြာမီအက္ခရာ ပေါ်ပေါက်ခဲ့ပြီး ၎င်းမှတဆင့် တောင်ပိုင်းနှင့် မြောက်ပိုင်း အိန္ဒိယ အက္ခရာများ ဆင်းသက်လာသည်။
အာသောကကျောက်စာကို ဗြာမီအက္ခရာဖြင့် ရေးသည်၊ အေဒီ ၄ မှ ၅ ရာစု ဂုပ္တ(Gupta) ခေတ်တွင်လည်း ဗြာမီ အက္ခရာ ကိုသာသုံး၍ အေဒီ ၈ ရာစုမှ ၉ ရာစုတွင် ပေါ်ထွန်းခဲ့သည့် နာဂရီအက္ခရာသည် ဗြာမီအက္ခရာမှ ဆင်းသက် သည် ဟု ဆိုသည်။ ရှမ်းစာပေ ပညာရှင်တဦးက ရှမ်းစာ “အ” အက္ခရာပုံစံသည် မည်သည့် အက္ခရာနှင့်မျှ မတူဘဲ အေဒီ ၁၁ ရာစုတွင် ရေးထိုးသော ပြည်ရွှေဆံတော် ဘုရားကျောက်စာပါ “အ” အက္ခရာနှင့် အလွန်ဆင်တူသည် ဟု ဆိုပါသည်။
ရှမ်းတို့သည် ယူနန်နယ်ထဲတွင် နေထိုင်စဉ် ကပင် နေ့စဉ်သုံးစာနှင့် ဓမ္မစာများ ရေးရန် စာနှစ်မျိုးကို သုံးပါသည်။ နေ့စဉ်သုံးစာ အတွက် Lik Hto Ngouk ခေါ် ပဲပင်ပေါက်စာကို သုံးသည်။ ၎င်းစာသည် ပဲပင်ပေါက်နှင့် တူသဖြင့် အင်္ဂလိပ်တို့က Bean Sprout – Letters ဟု ခေါ်၏။ ဗျည်း ၁၈ လုံးနှင့် သရ ၆လုံး ရှိသည်။ သံစဉ် သင်္ကေတ မရှိ၊ စာရေးနည်း စနစ်မှာ ဗျည်းတွဲစနစ် ဖြစ်သည်။ ဤစာကို စာလိပ်ကြီးများ ပေါ်၌ ရေး၍ ယခုထက်တိုင် ယူနန်နယ်နှင့် တရုတ်မြန်မာ နယ်စပ် ရှမ်းဒေသများတွင် တွေ့နိုင်သည်။
ပဲပင်ပေါက်စာ ပုံစံ
ဘုရားဟော ပါဠိဘာသာ တရားတော်များကို ဓမ္မစာ Tou Tham ဟု ခေါ်၍ ဗျည်း ၃၄ လုံး၊ သရ ၈ လုံးနှင့် သံစဉ်သင်္ကေတ ၆ ခု ပါရှိသော ယွန်းစာကို သုံးသည်။ ယွန်းစာ၏ အက္ခရာများသည် ပြင်ဆင်ဖြည့်စွက်ရန် မလိုအပ်အောင် ပြည့်စုံသောကြောင့်၊ ကျိုင်းတုံ ဂုံစာပညာရှင် တိုက်အုပ်ဆရာတော်ကြီး တပါးက ကောင်းကင်ယံ အထက်၌ ပျံသန်းနေကြ ကုန်သော မည်သည့် ငှက်၏ အသံမျိုးကို မဆို အသံထွက် တိကျမှန်ကန်အောင် ယွန်းစာဖြင့် ရေးနိုင်သည်ဟု ဆိုပါသည်။
ပဲပင်ပေါက်စာနှင့် ယွန်းစာ နှစ်မျိုးကို အသုံးပြုခဲ့သော ရှမ်းတို့သည် မြန်မာတို့နှင့် ရင်းနှီးစွာ ဆက်ဆံလာရ သောအခါ၊ အထူးသဖြင့် ကုန်းဘောင်ခေတ် (၁၇၅၂-၁၈၈၅) ၌ မြန်မာစာပေ ယဉ်ကျေးမှုတို့နှင့် ပိုမိုတွေ့ထိ ဆက်ဆံ လာရသဖြင့် စာပေသာမက သာသနာအရေးပါ မြန်မာဆန်လာသည်ကို တွေ့ရ၏။ ရှမ်းအက္ခရာသည် မြန်မာကဲ့သို့ တဖြေးဖြေး ဝိုင်းလာ၍ မြန်မာစာ ရေးထုံးကိုလည်း ယူငင်သုံးစွဲခဲ့သည်။
ဤသို့ မြန်မာအက္ခရာပုံစံ စာလုံးအဝိုင်း ဖြစ်အောင် ရာစုနှစ်ပေါင်း များစွာ ပြုပြင်ပြောင်းလဲခဲ့ရသည်။ မြန်မာအက္ခရာ ကဲ့သို့ စာလုံးအဝိုင်း ပုံစံဖြင့် ရေးသော အစောဆုံး ရှမ်းစာကို ကုန်းဘောင်အဝင် (၁၇၄၅) တွင် ရေးသည့် “စောင်းတော်ရှင်” အမည်ရသော ရှမ်းဝတ္ထု၌ တွေ့ရပါသည်။
စာလုံး အဝိုင်းပုံစံ အစောဆုံး ရှမ်းစာ
မြန်မာစာပုံစံ ဖြစ်လာသော ရှမ်းစာကို စာလုံးအဝိုင်းစာ (Circular Letters) ဟု ခေါ်၍၊ ဤစာဖြင့် ရေးသားပြုစုသော စာပေများနှင့် ရှမ်းစာဆိုတော် အမြောက်အများ ထွက်ပေါ်ခဲ့သည်။ နာမည်ကြီး ရှမ်းစာဆိုတော် ၆ ဦး အပြင် ၁၈ ရာစု အလယ်မှ ၂၀ ရာစု အစောပိုင်း အထိ ထင်ရှားသော ရှမ်းစာဆိုတော် ၁၇ ဦး၏ အမည်စာရင်း တွေ့ရှိခဲ့ရသည်။ ၎င်းအပြင် ရှမ်းစာဆိုတော် အမြောက်အများ ကျန်ရှိပါသေးသည်။
အဆိုပါ စာဆိုတော်များသည် ဗုဒ္ဓကျမ်းဂန်များ၊ ဇာတ်တော်များ၊ ဝတ္ထုများကို အများအပြား ရေးသားခဲ့ကြသည်။ ၎င်းတို့ ရေးသားပြုစုခဲ့သော စာပေများသည် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မြန်မာပြည်မ၊ ထိုင်းနိုင်ငံ၊ ကမ်ပူးချားနိုင်ငံ ရှမ်းတို့ နေထိုင်ရာ ဒေသများသို့ ပြန်နှံ့ခဲ့သည်။
ရှမ်းစာဆိုတော်များသည် စာပေပြုစုရေးသားရာ၌ ကာရံအပေါ် အခြေခံပြီး လင်္ကာဖြင့် ဝတ္ထု၊ ပုံပြင်၊ သမိုင်း၊ ဆုံးမစာ၊ ဓမ္မစာပေနှင့် ဇာတ်တော်ကြီးများကို ရေးသည်။ မူရင်း ရှမ်းစာသည် ဗျည်းအက္ခရာ၊ သရနှင့် အသံသင်္ကေတများ မပြည့်စုံမှုကြောင့် ရေးထုံးမှာ ဗျည်းတွဲစနစ် ဖြစ်သဖြင့် ကာရံနှင့် ရေးမှ အသံထွက်အမှန်နှင့် အဓိပ္ပာယ်ကို ဖော်နိုင်ပါ မည်။ ရှမ်းစာလင်္ကာတို၊ လင်္ကာရှည်များကို ရေးရာ၌ အောက်ပါကာရန် ယူနည်း သုံးမျိုးကို အခြေခံရပါသည်။
၁။ မြွေတွား တွားသွားသည့်ပုံစံဖြင့် အသံကိုယူ၍စပ်နည်
၂။ ဖားခုန်သည့် ပုံစံဖြင့် အသံကိုယူ၍စပ်နည်း၊
၃။ ကျားခုန်သည့် ပုံစံဖြင့် အသံကိုယူ၍စပ်နည်းတို့ ဖြစ်သည်။
အထက်ပါ ကာရန် ယူနည်းသုံးမျိုး အပြင် ကဗျာ၊ လင်္ကာ ရေးစပ်နည်းပေါင်း ၂၀ ကျော် ရှိပါသေးသည်။ ဤ နည်းစနစ်များကို အသုံးပြု၍ စာများကို ပြုစုရေးသားရန် အထူးကျွမ်းကျင်သည့် “မော်ကွမ်း” ခေါ် စာဆိုပညာရှင် လူတန်းစား တရပ် ပေါ်လာသည်။ ၎င်းတို့သည် ရဟန်း သို့မဟုတ် ရဟန်းလူထွက်များ ဖြစ်ကြသည်။
ရှမ်းစာများကို ပုရပိုက် (Pub) နှင့် စာလိပ် (Kien-lik) ခေါ် စာရွက်ရှည်ကြီးများကို အသုံးပြုပြီး ရေးကြသည်။ စာလိပ်ဟူ သည် စာရွက်ပေါင်းများစွာကို ပတ်၍ လိပ်ထားသော စာရွက်ရှည်ကြီးများ ဖြစ်ပြီး၊ စာရွက် တရွက်လျှင် အနံ ၁၆ လက်မ နှင့် အလျား ၃၀ လက်မ ရှိပြီး၊ အရွယ်အစား အမျိုးမျိုး ရှိပါသည်။ ပုရပိုက်၏ အရွယ်အစားများမှာ ၆ လက်မ၊ ၈ လက်မ နှင့် ၁၂ လက်မ အရွယ်များ ဖြစ်သည်။ စာလိပ်များကို ဘာသာရေးဆိုင်ရာ စာပေများ၊ အထူးသဖြင့် ဇာတ်တော်၊ ဒဏ္ဍာရီ၊ ပုံပြင်၊ ဆုံးမစာ၊ တောတောင်ရေမြေ သဘာဝ၊ မြို့နယ် သမိုင်းများနှင့် ရှမ်းလူမျိုးတို့၏ သမိုင်းကြောင်းများကို အဓိကထား ရေးကြသည်။
ရှမ်းစာဆိုတော်ကြီးများသည် တပြိုင်နက် ဇာတ်တော်ကြီး ၃-၄ ခုကို ပြီးအောင် ရေးသားနိုင်ကြသည် ဟု ဆို၏။ စာပြုစုမည့် စာဆိုတော်ကြီးက လိုအပ်သည့် အထောက်အထားများကို အနီးတွင် စုပုံထားပြီး မိမိအားရံ၍ ထိုင်နေ ကြသော တပည့်များအား နှုတ်တိုက် ပြောဆိုပေးသည်။ တပည့်များက ၎င်း ရွတ်ဆိုသည့်အတိုင်း လိုက်ရေးရသည်။ တကြိမ်လျှင် တပည့် ၃-၄ ဦး ဝိုင်းရံလျက် ဇာတ်တော်တခုချင်းကို တဦးစီ အလှည့်ကျ ရွတ်ဆိုပေးသည်။ ဤနည်းဖြင့် ဇာတ်တော် ၃-၄ ခုကို တပြိုင်နက်တည်း ရေးသားနိုင်ခြင်းဖြစ်သည်။
အဆိုပါ နှုတ်တိုက် ရွတ်ဆိုသော ပညာရှိကဝိတို့၏ အရည်အချင်းမှာ၊ ၎င်းတို့ ကိုယ်တိုင် ယခင်က မရေးသားခဲ့သော ဇာတ်တော် အကြောင်းများကို အမှားအယွင်း မရှိအောင် တပည့်များအား တဦးလျှင် ဇာတ်တော်တခုချင်း ရွတ်ဆိုပေးနိုင်သည့် အရည်အချင်းမှာ အံဩဖွယ်ရာပင် ဖြစ်သည်။
ရှမ်းစာဆို ပညာရှင်များသည် ပုရပိုက်များကိုလည်း အသုံးပြုခဲ့ကြသည်။ မြန်မာမင်းများ လက်ထက်ကပင် ရှမ်းပုရပိုက် များကို မြန်မာပြည်မသို့ လည်းကောင်း၊ ကမ်ပူးချား၊ လောနှင့် ထိုင်းနိုင်ငံ ရှမ်းတို့ နေထိုင်ရာ ဒေသများသို့ လည်းကောင်း တင်ပို့ ရောင်းချခဲ့သည်။ ပုရပိုက်များတွင် လောကီ၊ လောကုတ္တရာရေးရာ၊ နက္ခတ်ဗေဒင်၊ ဆေးကျမ်း၊ မြို့နယ်သမိုင်း ဖြစ်စဉ်များ၊ ပုံပြင်ဝတ္ထုများ၊ အခွန်စာရင်း စသည်တို့ကို ပြုစု ရေးထားလေ့ရှိသည်။ ထိုခေတ်ကာလ၏ ပညာရေးမှာ ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ် ဖြစ်၍ သင်ရိုးစာအုပ်မှာ သုတ္တနိဗ္ဗာနဖြစ်သည်။
ရဟန်းတော်များက စာသင်သားများကို ရှမ်းစာရေးတတ် ဖတ်တတ်အောင် သင်ကြားပေးသော ပညာရေး စနစ်သာ ဖြစ်သည်။ ရှမ်းစာမူလတန်း အဆင့်ကို အောင်မြင်ပြီးသော စာသင်သားများ စာပေပြုစုခြင်း အတတ်ပညာကို တတ်ကျွမ်း လိုလျှင် သင်တန်းကိုဆက်တက်ရသည်။ သင်တန်းကာလ ၃ နှစ် ပြီးဆုံးပါက အချို့သော စာသင်သားများ သည် စာပေပြုစုရေးသားခြင်းအလုပ်ကို စတင်လုပ်ဆောင်ကြသည်။ လိုအပ်သော ပညာအရည်အချင်းနှင့် ပြည့်စုံပြီး ဖြစ်သဖြင့် စာပေပါရမီရှိသော စာသင်သားများသည် ကျမ်းပြုဆရာများ ဖြစ်လာကြပါသည်။
စာပေမြတ်နိုးသူ ရှမ်းများ
ရှမ်းစာပြုသူ ပညာရှင် အသုံးပြုသော စက္ကူကို အမည်သုံးမျိုးဖြင့် ခေါ်ကြသည်။ စေ့ဆာ (Sae Sar)၊ မိုင်းကိုင်စက္ကူနှင့် ရှမ်းစက္ကူတို့ ဖြစ်သည်။ စေ့ဆာဟု ခေါ်ခြင်းမှာ ဤစက္ကူကို ဆာ (Sar) အပင်၏ အခေါက်မှ ထုတ်လုပ်ရရှိသောကြောင့် ဖြစ်သည်။ ထိုအပင်မျိုးသည် ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့၌ အလေ့ကျပေါက် သဖြင့် မိုင်းကိုင်စက္ကူ ဟုလည်း ခေါ်သည်။ ထိုစက္ကူ အမျိုးအစားသည် ရှမ်းပြည်နယ်မှသာ ထွက်ရှိ၍ ရှမ်းလူမျိုးများ စတင် အသုံးပြုခြင်းကြောင့် ရှမ်းစက္ကူ ဟူ၍လည်း ခေါ်သည်။ စက္ကူ၏ အမျိုးအစားမှာ ချောမွေ့၍ အရောင် တောက်ပနေပြီး ရာစုနှစ်ပေါင်း များစွာ တိုင်အောင် နှစ်ရှည် အထားခံသည်။
ရှမ်းစက္ကူကို အသုံးပြု၍ ရှမ်းပညာရှင်များသည် ရှမ်းတို့၏ သမိုင်း၊ ဘာသာရေး၊ ဓလေ့ထုံးစံ၊ တွေးခေါ်မြော်မြင်မှုပညာ၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ တရားဥပဒေနှင့် ရှမ်းပြည်နယ်၏ ဒေသန္တရ ပထဝီဝင်တို့ကို ရာစုနှစ်ပေါင်း များစွာ ကျယ်ကျယ် ပြန့်ပြန့် ပြုစုရေးသားထားသဖြင့် ဤစာပေများသည် ရှမ်းတို့၏ အသက်သွေးကြော ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ စာပေ ရေးသားပြုစုခြင်း ဓလေ့သည် ရှမ်းပြည်နယ်၌ အလွန် ထွန်းကားခဲ့သဖြင့် ထိုခေတ် ကာလက ရေးသားပြုစုခဲ့သော ဘာသာရပ် ခေါင်းစဉ်ပေါင်း မြောက်များစွာ အောက်မှ ရှမ်းပုရပိုက်များ၊ စာလိပ်များသည် အရေအတွက်အားဖြင့် သိန်းသောင်းမက ရှမ်းပြည်နယ် အနှံ့အပြား၌ ရှိခဲ့ပါသည်။
အထက် မြန်မာနိုင်ငံကို ၁၈၈၅ ခုနှစ် ဒီဇင်ဘာတွင် သိမ်းပိုက်လိုက်သော အင်္ဂလိပ်အစိုးရသည် ၁၈၈၉ ကျမှသာ ရှမ်းပြည်နယ် တခုလုံးကို ရရှိသည်။ ထိုစဉ်က ရှမ်းပြည်နယ်သို့ ရောက်ရှိလာသော ဗြိတိသျှအစိုးရ အရာရှိများသည် ရှမ်းပြည်အနှံ့အပြား၌ ရှမ်းစာလိပ်များနှင့် ပုရပိုက်များစွာကို တွေ့ရှိရသဖြင့် ဤသို့မှတ်ချက်ပေးခဲ့သည်။
The Shans are book-loving people. ရှမ်းတို့သည် စာပေမြတ်နိုးသူများ ဖြစ်ကြသည်။
စာပေ ပြုစုရေးသားသည့် ယဉ်ကျေးမှု ဓလေ့ကို ရာစုနှစ်ပေါင်း များစွာ ကြာအောင် ရှမ်းတို့ နှစ်ခြိုက်မြတ်နိုးစွာ ထိန်းသိမ်း စောင့်ရှောက်ခဲ့ပါသည်။ စာပေအကျော် ကဝိများကလည်း စာပေ ရေးသားခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။ လူတန်းစား တရပ်အဖြစ်လည်း ထည်ထည်ဝါဝါ ရပ်တည်နိုင်ခဲ့ကြသည်။
စာပေမြတ်နိုးသည့် လူမျိုးဟူ သည့် မှတ်ချက်နှင့် အညီ ရှေးခေတ်မှ စ၍ ၁၉၆၀ နှစ်များ အထိ ရှမ်းတို့၏ ဓလေ့မှာ စာပေပညာရှင် ကဝိများအား အခကြေးငွေဖြင့် ကန်တော့၍ မိမိတို့ နှစ်သက်သော ဇာတ်တော်များကို မိုင်းကိုင်စက္ကူ ပေါ်၌ ရေးသားစေပါသည်။
သာဓကမှာ ၁၉၆၀ နှစ်များ အထိ၊ ရှမ်းပြည်နယ် မြို့နှင့် တောရွာများ၌ ရှမ်းတို့နေထိုင်သော ရှမ်းတို့၏အိမ်တိုင်းတွင် စာပေပညာရှင်များ ပြုစုထားသော ပုရပိုက်နှင့် စာလိပ်များကို ဘုရားစင်ပေါ် တင်၍ ကိုးကွယ်ကြပါသည်။ စာပေကို ကြည်ညိုလေးစားသော ဓလေ့ကို ထောက်ရှုပြီး မြန်မာ့ဆိုရိုးစကားဖြစ်သော ‘စာတလုံး ဘုရားတစ်ဆူ’ ဟူသည်မှာ ရှမ်းတို့၏ ဓလေ့ကို ရည်ညွှန်း၍ ပေါ်ပေါက်လာသလား ဟုပင် တွေးထင်မိပါသည်။
ရှမ်းတို့သည် ဘုရားစင်ပေါ်၌ တင်ထားသော ပုရပိုက် (သို့မဟုတ်) စာလိပ်များကို ဖတ်ရှု လိုပါက ရှေးဦးစွာ စာကို ရိုသေစွာ ကန်တော့ရပါသည်။ ဤသို့ ဘုရားနှင့် တဂိုဏ်းတည်း အမွန်မြတ် ထားသော စာများကို အခါကြီး၊ ရက်ကြီးနေ့များ၊ ဥပုသ် တည်ဆောက်ရာ ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ ဇရပ်တန်ဆောင်းများတွင် စာပေ ပညာရှင်ကြီးများကို ဖိတ်ကြား၍ သက်ဆိုင်ရာ ကျမ်းများကို ဖတ်စေပါသည်။ တရားစာဖတ် အခမ်းအနား၌ ကန်တော့ပွဲ ထိုးပြီး ဘုရားစင်ပေါ်၌တင်ထားသော ကျမ်းကို တရိုတသေ ပင့်ဆောင်ရပါသည်။
တရားစာကို ဖတ်ကြားမည့် ဆရာသည် ရှမ်းဝတ်စုံ အပြည့်၊ ခေါင်းပေါင်း ပေါင်းပြီး ပရိသတ်ရှေ့တွင် ခန့်ခန့်ညားညား ထိုင်၍ တရားစာကို ကာရန်အတိုင်း အသံနေ အသံထားဖြင့် ဖတ်ကြားသည်ကို တရားနာပရိသတ်များက ငြိမ်သက်စွာ မပြီးမချင်း စိတ်ဝင်တစား နားထောင်ကြ၏။ ဤသို့ တရားနာရခြင်း ကိုလည်း ကုသိုလ်ယူခြင်းဟု ခံယူကြသဖြင့် ဝမ်းမြောက်ကြပါသည်။
ရှေးရှမ်းစာများ မပျက်စီးအောင် ထိန်းသိမ်းထားနိုင်ခြင်း၏ ဓလေ့တစ်ခုမှာ ရှမ်းတို့၏ ရိုးရာထုံးစံအရ မိဘဘိုးဘွား လက်ထက်က ပြုစုထား၍ အိမ်၏ဘုရားစင်ပေါ်၌ တင်ထားသော ကျမ်းကို ရှမ်းစာရေးကြီးများ အား စာကူးခပေး၍ ပြန်လည် ရေးသားကူးယူစေခြင်း ဖြစ်သည်။ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း ဖြစ်သည် ဟုလည်း ယူဆကြသဖြင့် ဤဓလေ့ကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ခြင်း ဖြစ်သည်။ ယခင်ကတည်းက ရှိခဲ့သော စာပေယဉ်ကျေးမှု ဓလေ့သည် ရှမ်းစာမူသစ် မပျံ့နှံ့မီ ရှမ်းပြည်မြို့နယ်ငယ်များနှင့် တောရွာများတွင် ၁၉၆၀ ခုနှစ်များ အထိ ဆက်လက် တည်ရှိခဲ့သည်။
ရှမ်းပုံနှိပ်တိုက်များ
ရှမ်း စာပေပညာရှင်များ ရာစုနှစ်ပေါင်း များစွာ လက်ရေးဖြင့် ပုရပိုက်၊ စာလိပ်များ အပေါ် ရေးကူးသည့် စနစ်မှ ၁၉ ရာစု အလယ်လောက်တွင် ရှမ်းပုံနှိပ်တိုက်များ ပေါ်ပေါက်လာခဲ့သည်။ ရှမ်းစာ ခဲစာလုံးကို ၁၈၃၅ ခုနှစ်တွင် ခရစ်ယာန် သာသနာပြု အဖွဲ့မှ မစ္စတာဘရောင်းက တီထွင်ပေးသည်။ ပထမဆုံးသော ရှမ်းပုံနှိပ်တိုက်ကို သိန္နီစော်ဘွား ခွန်ဆံတုံဟုန်းက ဦးစီး၍ ၁၉၀ဝ ခုနှစ်တွင် သိန္နီမြို့၌ စတင် တည်ထောင်ခဲ့၍ ရှမ်းပညာရှင် ကဝိများ၏ စာပေများ ပုံနှိပ် ထုတ်ဝေသည်။ ယနေ့တိုင် တွေ့ရှိနိုင်သည့်သိန္နီပုံနှိပ်တိုက်မှ ထုတ်ဝေသောစာများမှာ – ရာဇဟိတဒီပနီကျမ်း၊ သတိပဋ္ဌာန်ကျမ်း၊ သုတ်သီလကျမ်း၊ ပရမတ်သုတ္တံကျမ်းတို့ ဖြစ်သည်။
၁၉၂၈ခုနှစ် သီပေါမြို့၌ ‘ရတနာသီဟ’ အမည်ဖြင့် ရှမ်းပုံနှိပ်တိုက် တခု ထပ်မံဖွင့်လှစ်ပြီး ဓမ္မစာပေများ ကိုသာ ပုံနှိပ်ထုတ်ဝေသည်။ ၁၉၃၀တွင် သုတ္တမဟာနိဗ္ဗာန်န ကျမ်းကို ပုံနှိပ်သည်။
ဤပုံနှိပ်တိုက်သည် ဒုတိယ ကမ္ဘာစစ်အတွင်း ပျက်စီးခဲ့၍ ၁၉၄၇-ခုနှစ်တွင် သီပေါမြို့၌ ‘ရှမ်းပြည်အလင်း’ ပုံနှိပ်တိုက်ကို တည်ထောင်ခဲ့၍ ၁၉၆၀ ခုနှစ် အထိ လောကီရေးရာများ၊ နက္ခဗေဒင်ကျမ်း၊ ဆေးကျမ်း စသည့်စာအုပ်များကို ပုံနှိပ်ဖြန့်ချိ ခဲ့သည်။ ရှမ်းပြည်အလင်းသည် အပတ်စဉ်ထုတ်ဝေသော ရှမ်းသတင်းစာ တစောင်ကိုလည်း ၁၉၅၀ – ၁၉၆၀ ခုနှစ် အထိ ထုတ်ဝေခဲ့သည်။
သီပေါမြို့၌ ‘ခေတ်သစ်ရှမ်းပြည်’ အမည်ဖြင့် ၁၉၄၆ ခုနှစ်တွင် ကျားပုံနှိပ်တိုက် တခု ထပ်မံပေါ်ပေါက်လာ၍ နိုင်ငံရေး၊ စီးပွားရေး၊ သာသနာရေး၊ ကျန်းမာရေး။ သိပ္ပံပညာ၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် ကမ္ဘာ့သတင်းများကို ဖော်ပြသော စာစောင်ကို ပုံနှိပ်ထုတ်ဝေသည်။ သိန္ဒီမြို့မှ စတင်ခဲ့သော ရှမ်းပုံနှိပ်တိုက် လုပ်ငန်းသည် နောက်ပိုင်း၌ နေရာအနှံ့အပြား ပေါ်ပေါက်လာခဲ့၍ ရှမ်းပြည် မြောက်ပိုင်း၌ ပုံနှိပ်တိုက် ၈ ခု၊ တောင်ပိုင်း၌ ၈ ခု၊ မန္တလေး၌ ၂ ခုနှင့် ရန်ကုန်တွင် ၂ ခု စုစုပေါင်း ရှမ်းပုံနှိပ်တိုက် ၂၀ ပေါ်ပေါက်လာခဲ့သည်။
ရှမ်းစာအုပ် အများအပြား ထုတ်ဝေခဲ့သော ပုံနှိပ်တိုက်များမှာ ရှမ်းပြည်အလင်းနှင့် တိုင်းကမ္ဘောဇ ပုံနှိပ်တိုက် သီပေါမြို့၊ မြှင့်တင်ရေး ပုံနှိပ်တိုက် ကျောက်မဲမြို့၊ တိုင်းလင်းနှင့် ဒို့တာဝန် ပုံနှိပ်တိုက်၊ ရန်ကုန်တို့ ဖြစ်သည်။ ၁၉၆၁ မှစ၍ ဤပုံနှိပ်တိုက်များမှ ထုတ်ဝေခဲ့သော ရှမ်းစာအုပ်များသည် အမျိုးပေါင်းစုံဖြင့် စာအုပ်ပေါင်း ၂၅၀ ဖြန့်ချိထုတ်ဝေခဲ့သည်။ ဤသို့ တိုးတက်လာသော ရှမ်းစာအုပ် ထုတ်ဝေဖြန့်ချိရေးသည် ၁၉၆၉ ခုနှစ် ရှမ်းဦးစီးအဖွဲ့က ရှမ်းစာပေ ထုတ်ဝေရေး ကို ပိတ်ပင်သဖြင့် ရပ်ဆိုင်းသွားခဲ့ရသည်။
သက္ကရာဇ် ၁၉၀ဝ နှစ်မှ စ၍ ၁၉၆၀ ခုနှစ်များ အထိ ရှမ်းပုံနှိပ်တိုက်များမှ ထုတ်ဝေ ဖြန့်ချိခဲ့သော ရှမ်းစာအုပ်များသည် ရှမ်းစာမူဟောင်းဖြင့် ရေးသားခဲ့၍ ရှမ်းလူမျိုးတို့၏ မူလဇာတိ၊ သမိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ကိုးကွယ်ယုံကြည်မှု စသည် တို့ကို ပြုစုရေးသားထားခြင်း ဖြစ်ပါ၍ ဤစာပေ ပျောက်ဆုံးပါက ရှမ်းတို့၏ မူလဇစ်မြစ်သည်လည်း ပျောက်ကွယ် ရပါတော့မည်။ ။
(နိဂုံးပိုင်း ဆက်လက်ဖော်ပြပါမည်)