အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား ညစ်ညမ်းစွာ ပြင်ဆင် ပြုလုပ်ထားသည့်ပုံကို Facebook လူမှု ကွန်ရက်၌ လွှင့်တင်ခဲ့သည်ဟုဆိုကာ ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ခေါင်းဆောင်တဦးအား နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတဦးက အောက်တိုဘာလ ၁၇ ရက်နေ့က အမှုဖွင့် တရားစွဲဆိုခဲ့ကြောင်း သတင်းရရှိသည်။
အဝတ်အစားမဲ့ ခန္ဓာကိုယ်တွင် ဒေါ်အောင်ဆန်းစုကြည် မျက်နှာ ဖြတ်ညှပ်ကပ်လုပ်ပြီး ညစ်ညမ်းစာ ရေးသားထားသော အီလက်ထရောနစ် ဒီဇိုင်းတခုကို ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့ ညနေပိုင်းက Thu Thu အမည်ရှိ Facebook အကောင့်တွင် ပို့စ်အဖြစ် တင်ထားခဲ့ကြောင်း၊ ယင်းအကောင့်ပိုင်ရှင်မှာ ကန်ကြီးထောင့်မြို့နယ် ကြံ့ခိုင်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းဖြစ်ကြောင်း သိရှိရသည့်အတွက် ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း တရားလိုဖြစ်သူ Hand to Hand အခမဲ့ပညာ ဒါနကွန်ရက်မှ ကိုစည်သူအောင်က ဧရာဝတီသို့ ပြောသည်။
ကိုစည်သူအောင်က“ဒေါ်အောင်ဆန်းစုကြည်ဆိုတာက ကမ္ဘာသိ၊ မြန်မာသိ ခေါင်းဆောင် ဖြစ်တယ်။ လူထုက ကြည်ညိုလေးစားတဲ့ ခေါင်းဆောင်ဖြစ်တယ်။ ဒီလိုလူထုခေါင်းဆောင်ကို မဖွယ်မရာနဲ့ ညစ်ညမ်းတဲ့ပုံစံ ဖြစ်အောင်ဖန်တီးပြီး Facebook မှာ တင်တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်း အောင် တမင်ကြံရွယ်ပြီး လုပ်တာလို့ ယူဆတယ်။ ဒါကြောင့် ပြည်သူတယောက်အနေနဲ့ ကျနော်က တရားလိုလုပ်ပြီး အမှုဖွင့် တရားစွဲတာ ဖြစ်ပါတယ်”ဟု ပြောသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အစိုးရ အရာရှိများကို လှောင်ပြောင်၊ ဆဲဆိုသော အီလက်ထရောနစ် ဒီဇိုင်းပုံများကို Facebook ပေါ်တွင် တင်ခြင်း၊ ဝေမျှခြင်းများ ပြုလုပ်သည်ဟုဆိုကာ မအူပင်မြို့မှ အမျိုးသမီး ၁ ဦးနှင့် ရန်ကုန်မြို့မှ အမျိုးသား ၂ ဦးတို့အား အစိုးရ အာဏာ ပိုင်များက အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် ယခုရက်ပိုင်းအတွင်း ဖမ်းဆီး တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်။
အစိုးရ အာဏာပိုင်တို့၏ လုပ်ရပ်အပေါ် ပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်နေချိန်တွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ ကို မဖွယ်မရာ ပြုလုပ်၍ ဖေ့စ်ဘုတ်တင်သည်ဟုဆိုကာ ကြံ့ခိုင်ရေးပါတီ၏ မြို့နယ်အဆင့် ခေါင်းဆောင်တဦးကို ပြည်သူတဦးက အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် ပထမဆုံး အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
“ဒီကိစ္စကို အမှုမဖွင့်ခင်မှာ ကန်ကြီးထောင့်မြို့နယ်က ရွေးကောက်ပွဲပြဿနာ ညှိုနှိုင်းဖြန်ဖြေရေးအဖွဲ့က ကျနော်နဲ့ ဦးသန်းထွန်းကို တွေ့ပြီး ညှိပေးတယ်။ ကျ နော့်ဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို အုန်းပွဲ၊ ငှက်ပျောပွဲနဲ့ တရားဝင် လူသိရှင်ကြား တောင်းပန်ဖို့ပြောတော့ သူတို့ဘက်က လက်ခံတယ်။ ဒါပေမယ့် မီဒီယာတွေရှေ့မှာတော့ မလုပ်နိုင်ဘူး ပြောတယ်။ အဲဒါနဲ့ ညှိမရတဲ့အဆုံး အမှုဖွင့်ဖြစ်သွားတာပါ”ဟု တရားလို ပြုလုပ်တိုင်ကြားသူ ကိုစည်သူအောင်က ပြောသည်။
ကိုစည်သူအောင်၏ တိုင်ကြားမှုကို ကန်ကြီးထောင့်မြို့မရဲစခန်းက ယမန်နေ့ ညပိုင်းက လက်ခံခဲ့ပြီး ကန်ကြီးထောင့်မြို့နယ်၊ ကြံ့ခိုင်ရေးပါတီ တွဲဘက် အတွင်းရေးမှူး ဦးသန်းထွန်းအား ပြစ်မှုနံပါတ် ၁၅၇/၂၀၁၅၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
“ကျနော်တို့ အမှုကိုလက်ခံပြီးပြီ။ တရားလိုကို မေးမြန်းပြီး လိုအပ်တာတွေ သိမ်းဆည်းထားပါတယ်။။ ပြီးတာနဲ့ သူတို့ စွပ်စွဲတိုင်ထားတဲ့ ဦးသန်းထွန်းကို ဆက်စစ်မယ်။ ဒီကိစ္စတွေကို ကျနော်တို့ အထက်ကို ဆင့်ကဲဆင့်ကဲ တင်ပြပြီးတော့ ညွှန်ကြားချက်တွေအတိုင်း ဆက်လက် ဆောင်ရွက်သွားမှာပါ”ဟု ကန်ကြီးထောင့် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ရဲလွင်က ဧရာဝတီကို ပြောသည်။
ယခုဖြစ်ရပ်နှင့် ပတ်သတ်၍ ကြံ့ခိုင်ရေးပါတီ၏ ကန်ကြီးထောင့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမှတ် ၂ ကိုယ်စားလှယ်လောင်းနှင့် ဧရာဝတီတိုင်း အစိုးရ အဖွဲ့ဝင် လူမှုရေး ဝန်ကြီးဖြစ်သူ ဒေါ်ခင်စောမူအား ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့ရာ မှတ်ချက်တစုံတရာ မပေးလိုကြောင်း ပြန်လည် ဖြေကြားသည်။
“ဒီအချိန်က ပါတီစည်းရုံးရေး ကာလဖြစ်နေတဲ့အတွက် ဒီဖြစ်ရပ်အပေါ်မှာ မှတ်ချက် မပေးလိုပါဘူး။ ရဲစခန်းက ပြောတယ်ဆိုလည်း ရဲပြောတဲ့ အတိုင်းပဲပေါ့”ဟု ဝန်ကြီး ဒေါ်ခင်စောမူက ပြောသည်။
မအူပင်မြို့နေ မချောစနီ္ဒထွန်း (ခ) ချစ်သမီးမှာ တပ်မတော်၏ အသစ်ပြောင်းလဲလိုက်သည့် စစ်ဝတ်စုံအသစ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အဝတ်အစား အရောင်တို့ကို လူမှုကွန်ရက်တွင် နှိုင်းယှဉ် ပြောဆိုသည်ဟုဆိုကာ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် အာဏာ ပိုင်တို့၏ ပထမဆုံး ဖမ်းဆီးခြင်းခံရသူ ဖြစ်သည်။
ရန်ကုန်တိုင်း လှိုင်မြို့နယ်နေ ဦးပက်ထရစ်ခွန်ဂျာလီအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သရော်ထားသည့် ဓာတ်ပုံ အား လူမှုကွန်ရက်တွင် ဝေမျှခဲ့သည်ဟု စွပ်စွဲ၍ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်တိုင်း ဒေါပုံမြို့နေ ကိုလူဇော်စိုးဝင်းမှာ အစိုးရ အရာရှိများကို လူမှု ကွန်ရက်၌ ညစ်ညမ်းစွာဆဲဆိုသည် ဟူသော စွပ်စွဲချက်ဖြင့် တတိယမြောက် ဖမ်းဆီးခြင်းခံရသူ ဖြစ်သည်။
စစ်တပ်အပေါ် ဝေဖန်ပြောဆိုမှုဖြင့် အဖမ်းခံနေရသည့် ပက်ထရစ်ခွန်ဂျာလီနှင့် မချောစန္ဒီထွန်းတို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန် အမေရိကန်အစိုးရက မြန်မာအစိုးရထံ အောက်တိုဘာလ ၁၅ ရက်နေ့က တောင်းဆိုခဲ့သည်။
အီလက်ထရောနစ် ဆက်သွယ်ရေးဆောင်ရွက်ရေးဥပဒေပုဒ်မ ၆၆ (ဃ) မှာ အာဏာသိမ်း စစ်အစိုးရဖြစ်သည့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက် ၂၀၀၄ ခုနှစ်တွင် ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ဆက်သွယ်ရေးကွန်ယက်တခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တဦးဦးအား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင့်အထက် ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ကျူးလွန်ပါက ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။