သာယာဝတီ အကျဉ်းထောင်၌ ထိန်းသိမ်းခံထားရသည့် ဗကသအဖွဲ့ဝင် ကိုအောင်မှိုင်းဆန်း က နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းမရှိသည့် သမ္မတဦးသိန်းစိန်အစိုးရကို အစာငတ်ခံဆန္ဒပြသွားမည်ဟု သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၆ရက်နေ့က သမ္မတဦးသိန်းစိန်ထံသို့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် စာရေးပေးပို့ခဲ့သော်လည်း ယနေ့တိုင်လွှတ်ပေးခြင်းမရှိသည့်အတွက် အစာငတ်ခံဆန္ဒပြရန် ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း ကိုအောင်မှိုင်းဆန်း၏ အမျိုးသမီးက ပြောသည်။
အစာငတ်ဆန္ဒပြခြင်းကို အောက်တိုဘာလ ၂၃ ရက်နေ့တွင်ကျရောက်သည့် စာရေးဆရာကြီး ဗန်းမော်တင် အောင် ကွယ်လွန်ခြင်း ၃၇နှစ်ပြည့်တွင် ပြုလုပ်မည်ဟုသိရသည်။
ကိုအောင်မှိုင်းဆန်းသည် အမျိုးသားပညာရေး ဥပဒေနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် မတ်လ ၁၀ ရက်က ရန်ကုန်သို့ ချီတက်ဆန္ဒပြတောင်းဆိုသည့် ကျောင်းသားများနှင့်အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆို ခံထားရသူဖြစ်သည်။
ယခုအခါ သာယာဝတီ အကျဉ်းထောင်ထဲတွင် ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် ကျောင်းသား၊ ကျောင်းသူများသည် ရေမသန့်ရှင်းမှုကြောင့် အရေပြားနှင့် သက်ဆိုင်သည့် ယားနာများ ရောဂါများ ဖြစ်ပေါ်နေကြောင်း သိရသည်။