ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်ရှိ ချင်းအမျိုးသားတပ်ဦး (CNF) တပ်ဖွဲ့၏ ဆက်ဆံရေးရုံးတွင် အောက်တိုဘာ ၁၉ရက်နေ့ ည ၁၁နာရီ ၁၅မိနစ်ခန့်က ဗုံးဖောက်ခွဲခံခဲ့ရကြောင်း တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။
တီးတိန်မြို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မောင်မောင်က “ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူး။ ရုံးခန်းပဲပျက်ဆီးခဲ့ တယ်။ရုံးမှာ လူမရှိတော့ ဝင်လုပ်သွားတာနေမှာပါ” ဟု ဧရာဝတီသို့ပြောသည်။
ဖောက်ခွဲမှုဖြစ်စဉ်တွင် ယမ်းပျော့များအား အသုံးပြုထားသည့် လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ဗုံးဖောက်ခွဲ မှုကျူးလွန်သူများအား အမြန်ဆုံးဖမ်းဆီးရမိရေးကို တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဦးလွင်မောင် မောင်က ပြောသည်။
CNF ဆက်ဆံရေးရုံးကို တီးတိန်မြို့တွင် ၂၀၁၂ခုနှစ် စက်တင်ဘာ ၂၅ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ရုံးဖွင့်ထားသည့် နေရာမှာလည်း ငှားရမ်းထားခြင်းဖြစ်ကြောင်း၊ ဗုံးဖောက်ခွဲမှုကို တီးတိန်မြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၁၀/၂၀၁၅၊ ၁၉၀၈ခုနှစ် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေ ပုဒ်မ-၃ ဖြင့်အမှုဖွင့်ကာ စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
တီးတိန်မြို့နယ်ရှိ CNF ဆက်ဆံရေးရုံးရှေ့တွင် ၂၀၁၄ခုနှစ် မတ်လ ၂၇ ရက်နေ့ညကလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ချင်းအမျိုးသားတပ်ဦး(CNF) သည် တစ်နိုင်ငံလုံးအတိုင်းအတား အပစ်အခတ်ရပ်စဲရေးစာချုပ် NCAကို တိုင်းရင်းသား လက်နက်ကိုင်းတပ်ဖွဲ့ ၇ ဖွဲ့နှင့်အတူ အောက်တိုဘာ ၁၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည့် တပ်ဖွဲ့တခုဖြစ်သည်။