အီလက်ထရောနစ် ဥပဒေဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီခေါင်းဆောင် ဦးသန်းထွန်းအား ဒုရဲမှူးရဲလွင် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ဖမ်းဆီးရမိကြောင်း သိရသည်။
“ကျနော်တို့ ဦးသန်းထွန်းကို ဖမ်းလိုက်ပါပြီ။ မနက် ၉ နာရီလောက်က ဖမ်းလိုက်တာပါ။ အခုလက်ရှိ စခန်းမှူးက စစ်ဆေးနေပါတယ်”ဟု ကန်ကြီးထောင့် မြို့မရဲစခန်းမှ ရဲအရာရှိ တဦးက ဧရာဝတီကို အတည်ပြု ပြောဆိုသည်။
ကန်ကြီးထောင့်မြို့နယ် ကြံ့ခိုင်ရေးပါတီ တွဲဘက်အတွင်းရေးမှူး ဦးသန်းထွန်းသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား ညစ်ညမ်းစွာ ပြင်ဆင်ပြုလုပ်ထားသည့်ပုံကို Facebook လူမှုကွန်ရက်၌ လွှင့်တင်ခဲ့သည်ဟုဆိုကာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုစည်သူအောင်က အောက်တိုဘာလ ၁၇ ရက်က အမှုဖွင့်တရားစွဲဆိုခဲ့ပြီးနောက် ၃ ရက် အကြာတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။
အဝတ်အစားမဲ့ ခန္ဓာကိုယ်တခုပေါ်၌ ဒေါ်အောင်ဆန်းစုကြည်မျက်နှာကို ဖြတ်ညှပ်ကပ်လုပ်ပြီး ညစ်ညမ်းစာ ရေးသားထားသော အီလက်ထရောနစ် ဒီဇိုင်းတခုကို ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့ ညနေပိုင်းက Thu Thu အမည်ရှိ Facebook အကောင့်တွင် တင်ထားခဲ့သည့် အကောင့်ပိုင်ရှင်မှာ ကန်ကြီးထောင့်မြို့နယ် ကြံ့ခိုင်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းဖြစ်သည်ဟုဆိုကာ Hand to Hand အခမဲ့ပညာဒါန ကွန်ရက်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုစည်သူအောင်က တရားလို ပြုလုပ်၍ အမှုဖွင့်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ထိုတိုင်ကြားမှုကို ကန်ကြီးထောင့် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးရဲလွင်က အမှုစစ်အဖြစ် တာဝန်ယူ၍ လက်ခံခဲ့ပြီး ဦးသန်းထွန်းအား ပြစ်မှုနံပါတ် ၁၅၇/၂၀၁၅၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။
ဦးသန်းထွန်းအား ဖမ်းဆီးရန် ကန်ကြီးထောင့် ရဲစခန်းမှတပ်ဖွဲ့ဝင်များက ၂ ကြိမ်တိုင် ကြိုးပမ်းခဲ့သော်လည်း ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ယနေ့နံနက်ပိုင်းက ကန်ကြီးထောင့် ကြံ့ခိုင်ရေးရုံး၌ ဦးသန်းထွန်း ရှိနေချိန်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ကန်ကြီးထောင့် ရဲစခန်းနှင့် နီးစပ်သူတဦးက ပြောသည်။
ထိုနည်းတူ အောက်တိုဘာလ ၈ ရက်နေ့ ညနေပိုင်းက ဖေ့စ်ဘုတ်တွင် ရေးသားခဲ့သည့် သမ္မတနှင့် သက်ဆိုင်သည့် ကဗျာ တပုဒ်ကြောင့် ကဗျာရေးသူ စည်သူအောင် (ခ) မောင်ဆောင်းခကို ရွှေပြည်သာ မြို့နယ် ရဲစခန်းမှ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်လိုက်ကြောင်း စုံစမ်းသိရသည်။
မောင်ဆောင်းခ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရွှေပြည်သာ မြို့နယ် ရဲမှူး ဦးသိန်းဝင်းက တရားလို ပြုလုပ်တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း မွန်းလွဲ သုံးနာရီခန့်က ရေသားထားသည်။ ၎င်းအနေနှင့်လည်း ဥပဒေကို ရင်ဆိုင်ရန် ဆုံးဖြတ်ထားကြောင်း ထည့်သွင်းရေးသားထားသည်။
မောင်ဆောင်းခ ရေးသားသည့် ကဗျာထဲတွင် “ ငါ့ရဲ့… မှာ သမ္မတကြီးပုံ တက်တူးနဲ့၊ ငါ့ချစ်ဇနီးဟာ ငါနဲ့ လက်ထက်ပြီးမှ ငါ့ကို အော့နှလုံးနာလို့ မဆုံး” ဟု ထည့်သွင်းရေးသားခဲ့သည့် ကဗျာကို ဖေ့စ်ဘုတ်တွင် တင်ပြီး နှစ်နာရီခန့်အကြာတွင် နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ၎င်း၏ ဖေ့စ်ဘုတ်အကောင့် Hmuu Zaw အကောင့်တွင် ရှယ်ခဲ့သည်။
ရှယ်ပြီး မကြာခင် နာရီပိုင်းမှာပဲ မောင်ဆောင်းခ နေထိုင်သည့် ရွှေပြည်သာ နေအိမ်သို့ ရဲများ၏ ဝင်ထွက်၊ စောင့်ကြည့်ခြင်းကို ခံနေရကြောင်း၊ မောင်ဆောင်းခ အနေနှင့်လည်း လုံခြုံသည့်နေရာတွင် ရှိနေကြောင်း ၎င်းဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြချက်များအရ သိရသည်။
ယခုနှစ်အတွင်း ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် ပထမဆုံး ဖမ်းဆီးအရေးယူခံရသူမှာ မအူပင်မြို့နေ မချောစနီ္ဒထွန်း (ခ) ချစ်သမီးဆိုသူဖြစ်ပြီး တပ်မတော်၏ အသစ်ပြောင်းလဲလိုက်သည့် စစ်ဝတ်စုံအသစ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အဝတ်အစား အရောင်တို့ကို လူမှုကွန်ရက်တွင် နှိုင်းယှဉ်ပြောဆိုသဖြင့် ဖမ်းဆီးခံခဲ့ရသည်။
အလားတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သရော်ထားသည့် ဓာတ်ပုံအား လူမှုကွန်ရက်တွင် ဝေမျှခဲ့သည်ဟုဆိုကာ ရန်ကုန်တိုင်း လှိုင်မြို့နယ်နေ ဦးပက်ထရစ်ခွန်ဂျာလီအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ထို့နောက် အစိုးရ အရာရှိများအား လူမှုကွန်ရက်၌ ညစ်ညမ်းစွာ ဆဲဆိုသည်ဟူသော စွပ်စွဲချက်ဖြင့် ဒေါပုံမြို့နေ ကိုလူဇော်စိုးဝင်း ဆိုသူကို ဖမ်းဆီးအရေးယူခဲ့သည်။
အီလက်ထရောနစ် ဆက်သွယ်ရေး ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ကို အာဏာသိမ်း စစ်အစိုးရဖြစ်သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက် ၂၀၀၄ ခုနှစ်တွင် ပြဌာန်းခဲ့ခြင်း ဖြစ်ပြီး ဆက်သွယ်ရေးကွန်ရက် တခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင့်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ကျူးလွန်ပါက ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။