တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ချုပ်ဆိုပြီး ရက်ပေါင်း ၆၀ အတွင်း အပြီးရေးဆွဲရမည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်သည် ပြီးစီးလုနီးပါးဖြစ်နေသည်ဟု သိရသည်။
“နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်က တကယ်တော့ အတည်ပြု ဆုံးဖြတ်ဖို့ပဲ ကျန်တော့တာပါ။ အချက်တွေက ပြီးစီးနေပြီ။ နောက်လလောက်မှာ အတည်ပြုနိုင်မှာပါ” ဟု တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ရေးထိုးမှုတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) မှ ပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းမြင့်က ဧရာဝတီကို ပြောသည်။
နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ NCA လတ်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နှင့် နိုင်ငံရေးပါတီတို့မှ ကိုယ်စားလှယ်များက အောက်တိုဘာလ ၁၉ ရက်က အစည်းအဝေးတရပ် ပြုလုပ်ပြီး ဆွေးနွေးထားခြင်း ဖြစ်သည်ဟု ဦးစောသန်းမြင့်က ဆိုသည်။
ပြီးစီးနေပြီဖြစ်သည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွင် အခန်း (၁၃) ခန်း ပါရှိပြီး၊ နိုင်ငံရေး ဆွေးနွေးပွဲတွင် ဆွေးနွေးရမည့် အကြောင်းအရာများ၊ လုပ်ငန်းစဉ်များနှင့် လမ်းပြမြေပုံကိစ္စ၊ လုပ်ပိုင်ခွင့် အခွင့်အာဏာနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆွေးနွေးပွဲတွင်ပါဝင်မည့် အစုအဖွဲ့အမျိုးအစား စံနှုန်းသတ်မှတ်ချက်များနှင့် အားလုံးပါဝင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အားလုံးအတူတကွ ပါဝင်သော ဆုံးဖြတ်ချက်ချခြင်းစနစ်နှင့် ယန္တရားများ၊ ဖွဲ့စည်းတည်ဆောက်ပုံ ယန္တရားနှင့် လုပ်ထုံးလုပ်နည်း ကိစ္စရပ်များ ပါဝင်ကြောင်း သိရသည်။
နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို အတည်ပြုနိုင်ရန် လာမည့်နိုဝင်ဘာလ ၁၂ ရက်တွင် အစည်းအဝေးတရပ် ပြုလုပ်မည်ဖြစ်ပြီး၊ အတည်ပြုပြီးပါက အခန်း (၁၃) ခန်းပါ အသေးစိတ် အချက်များကို ထပ်မံ ဆွေးနွေးရမည်ဟု ဦးစောသန်းမြင့်က ဆက်ပြောသည်။
ပြီးစီးနေပြီး အတည်ပြုရန်သာ ကျန်ရှိတော့သည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ အမျိုးသားဒီမိုကရေစီအဖွွဲ့ချုပ် (NLD) ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) တို့က အသီးသီး ရေးဆွဲထားသည့်မူဘောင်များကို ပြန်လည် စုစည်းကာ တခုတည်းအဖြစ် ရေးသားထားကြောင်း သိရသည်။
နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကို အာဖရိကနိုင်ငံမှ နိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာဟားနက်(စ်)က ရေးဆွဲပေးထားခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွင် ဆွေးနွေးရန် ကိစ္စရပ်များ ရှိနေသေးကြောင်း၊ အတည်ပြုရန်/ မပြုရန်ကို အတိအကျ မပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဌ ဦးခွန်မြင့်ထွန်းက ဧရာဝတီကို ပြောသည်။
“ဘယ်သူတွေ ပါဝင်မလဲ။ ဘယ်အကြောင်းအရာတွေ ဆွေးနွေးမလဲ ဆိုတာကို ကျနော်တို့ အသေးစိတ် ဆွေးနွေးရဦးမှာပါ။ အခုတော့ အတည်အနေနဲ့ ပြောလို့ မရသေးပါဘူး” ဟု ဦးခွန်မြင့်ထွန်းက ဆိုသည်။
လာမည့် အောက်တိုဘာလ ၁၉ ရက်တွင် ပြုလုပ်ရန် အကြမ်းဖျဉ်း သဘောတူညီခဲ့ကြသည့် နိုင်ငံရေး ဆွေးနွေးပွဲ၌ အစိုးရ အစုအဖွဲ့၊ လွှတ်တော် အစုအဖွဲ့၊ တပ်မတော် အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့၊ နိုင်ငံရေးပါတီ အစုအဖွဲ့၊ တိုင်းရင်းသား ကိုယ်စားလှယ် အစုအဖွဲ့၊ ပါဝင်သင့်ပါဝင်ထိုက်သူများ အစုအဖွဲ့ ဟူ၍ အစုအဖွဲ့ ၇ ဖွဲ့ ရှိသည်ဟု ဦးစောသန်းမြင့်က ပြောသည်။
လက်ရှိ၌ ဆွေးနွေးမှု အချက်အားလုံးနီးပါး သဘောတူညီထားပြီး ဖြစ်သော်လည်း အတည်ပြုခြင်းကို NCA လက်မှတ် ရေးထိုးပြီးနောက် ဖွဲ့စည်းထားသည့် နိုင်ငံရေးကော်မတီ- ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
UPDJC သည် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ပေါ်လာစေရန် ဆောင်ရွက်ပေးရမည့် ကော်မတီတရပ် ဖြစ်ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်မှ ၁၆ဦး ၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦးနှင့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ် ၁၆ ဦးတို့ ပူးပေါင်းဖွဲ့စည်းထားခြင်း ဖြစ်သည်။
NCA ပါ ပြဌာန်းချက်များအရ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ NCA လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲမူဘောင် (Political Dialogue Framework ) ကို အပြီးသတ် ရေးဆွဲကာ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲ (Political Dialogue ) ကျင်းပရမည် ဖြစ်ကြောင်း သိရသည်။