လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျင့်သုံးခဲ့သည့် ပြည်သူ့စစ်မဟာဗျူဟာအရ အနာဂတ်တွင် မြန်မာနိုင်ငံသား များအနေဖြင့် စစ်မှုမထမ်းမနေရ စနစ်အရ အချိန်ကာလအပိုင်းအခြားတခုဖြင့် စစ်မှုထမ်းဆောင်ရမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်များမှ အရာရှိများ၊ စစ်သည်များနှင့် မနေ့ကတွေ့ဆုံရာတွင် ပြောဆိုကြောင်း စစ်တပ်ပိုင် မြဝတီသတင်း တွင် ဖော်ပြသည်။
ပြည်သူလူထုအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတွင် စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ကြရန် လိုအပ်သလို တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက် သင့်တင့်မျှတသည့်အင်အား၊ စွမ်းရည်၊ စွမ်းအား ရှိသည့် တပ်မတော်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဟု ဗိုလ်ချုပ်မှူးကြီး တိုက်တွန်းခဲ့သည်။
တပ်မတော်သမိုင်းသည် နိုင်ငံတော်သမိုင်းနှင့်ခွဲခြား၍ မရ၊ တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း တွင် သန္ဓေတည်ခဲ့ပြီး၊ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ရဲဘော်သုံးကျိပ်ဖြင့် ခေတ်မီတပ်မတော်တရပ်တည်
ဆောက်ရေးအတွက် ဂျပန်တွင်စစ်ပညာသင်ကြား၍ ထိုင်းနိုင်ငံအတွင်း တပ်မတော်စတင်ဖွဲ့စည်း ခဲ့ကြောင်း ပြည်တွင်းသောင်းကျန်းမှု၊ တရုတ်ဖြူကျူးကျော်မှုကို နှိမ်နင်းခဲ့သည့်အပြင် ၁၉၆၂ခုနှစ်နှင့် ၁၉၈၈ခုနှစ်တွင် တိုင်း ပြည်အာဏာယို့ယွင်းခဲ့၍ အာဏာသိမ်းခဲ့ရကြောင်း၊ ဤသည်က အမျိုးသားရေးနိုင်ငံရေး အကြောင်းအရာများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်းလည်း ဆိုသည်။