ယခင်ကဆိုလျှင် ကယားပြည်နယ်၏ တောင်ကြားများ ချိုင့်ဝှမ်းများကြားတွင် ပျောက်ကွယ်နေသော ထေခိုကျေးရွာသည် အစိုးရတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တိုက်ပွဲများကြောင့် တားမြစ်ဒေသတခုလို ဖြစ်ခဲ့ရသည်။
ယခုအခါ သမ္မတဦးသိန်းစိန်၏ အရပ်သားတပိုင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ ငြိမ်းချမ်းရေး သဘောတူညီချက်တခု လက်မှတ်ရေးထိုးခဲ့ပြီ ဖြစ်သည်။ အဆိုပါ သဘောတူညီချက်တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် ပါဝင်နိုင်ခြင်း မရှိသော်လည်း နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပရန်ရှိနေသည့် ရွေးကောက်ပွဲမတိုင်မီတွင် အောင်မြင်မှုတခုအဖြစ် ပြောနိုင်ရန် အာဏာရပါတီက မျှော်လင့်ထားသည်။
သို့သော်လည်း ထေခိုကျေးရွာမှ ကယောတိုင်းရင်းသားများနှင့် အလားတူကျေးရွာများတွင် နေထိုင်ကြသည့် တိုင်းရင်းသား လူမျိုးစုများအတွက်မူ ယခုလာမည့်ရွေးကောက်ပွဲက အကဲဆတ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တခုသက်သက်ထက် ပိုပါ သည်။
သောက်သုံးရေ၊ အလုပ်အကိုင်နှင့် ပညာသင်ကြားနိုင်မှုများ မရှိခဲ့သည့် ထေခိုကျေးရွာသည် မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော် ရန်ကုန်မြို့၏ အရှေ့မြောက်ဘက် ၄၈၀ ကီလိုမီတာ အကွာခန့်တွင်ရှိပါသည်။
ကျေးရွာသူကျေးရွာသားများက အသစ်ဖွင့်လှစ်လာသည့် နယ်စပ်များကို ကျော်ဖြတ်၍ အလုပ်အကိုင်ရှာဖွေရန် မလေးရှားနှင့် ထိုင်းနိုင်ငံများသို့ ထွက်ခွာသွားနေကြပြီး လူမှုရေးနှင့် စီးပွားရေး အပြောင်းအလဲများ ဖြစ်ပေါ်နေသည့် အချိန်တွင် ရွေးကောက်ပွဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ပြင်ပကမ္ဘာနှင့် ပြန်လည်ပေါင်းစပ်မိခြင်းကြောင့် ကယောအမျိုးသမီးများ အနေဖြင့် မိမိတို့၏ ရိုးရာအတိုင်း ဝတ်စားဆင်ယင်မှုများကို စွန့်ခွာသင့် မခွာသင့် အငြင်းပွားမှုများလည်း ပေါ်ထွက်လာရသည်။ ကယောအမျိုးသမီးများက ၎င်းတို့၏ ခြေသလုံးနှင့် လက်ကောက်ဝတ်များတွင် ကြေးကွင်းများ စွပ်ထားကြသည်ဟု အများကသိကြသည်။
“ဆင်းရဲတာကို ကျနော်တို့ စိတ်ကုန်နေပြီ။ ကျနော်တို့ ကလေးတွေအတွက် အဝတ်အထည် လုံလုံလောက်လောက် မရှိဘူး။ တခါတလေမှာ စားစရာတောင် မရှိဘူး။ ကျနော်တို့ ပထမဆုံးပြောင်းဖို့လိုတာက အဲဒါပဲ” ဟု ကျေးရွာလူကြီး ဦးတောညိုကပြောသည်။ သူက အခြားကယောလူမျိုးများ ကဲ့သို့ပင် နာမည်တခုသာ အသုံးပြုသည်။
အထီးကျန်နှစ်များ
မြူခိုးများဖုံးလွှမ်းထားသည့် တောင်ကုန်းများနောက်သို့ နေဝင်သွားသည့်အခါ ထေခိုကျေးရွာတွင် နေထိုင်သူ ၂၈၀ က တနေ့တာ အလုပ်များပြီးစီးသွားသည့်အနေဖြင့် ပတ်ဝန်းကျင်တောင်စောင်းများပေါ်တွင် မီးများထွန်းလိုက်ကြသည်။
ပြောင်းခင်းများ စိုက်ပျိုးခဲ့ရပြီးနောက် ပင်ပန်းနွမ်းနယ်စွာဖြင့် ခေါင်ရည်သောက်ထားကြသည့် သူတို့၏ စူးရှသော အသံများက မီးပွားများနှင့် ရောယှက်၍ အရေအတွက် ၈၀ ခန့်ရှိမည့် ခနော်နီခနော်နဲ့ တဲအိမ်များများ၏ အထက်နှင့် အနားက တောင်ထိပ်များပေါ်သို့ ပျံ့လွင့်သွားသည်။ လွန်ခဲ့သော ရာစုနှစ်က အီတလီ သာသနာပြုအဖွဲ့များ တည်ဆောက်သွားခဲ့သည့် အဝါရောင် ရိုမန်ကက်သလစ်ဘုရားကျောင်းက ကျေးရွာပေါ်ကို မျှော်စင်တခုလို မိုးထားသည်။
နှစ်ပေါင်းများစွာ အထီးကျန်နေခဲ့ရသော သူတို့ရွာတွင် လျှပ်စစ်မီးသို့ မဟုတ် မိုဘိုင်းဖုန်း မရှိပါ။ လူတဦးချင်း၏ ပျမ်းမျှ ဝင်ငွေက တနှစ်လျှင် ကျပ် ၅၀၀၀၀ ထက်နည်းပါသည်။ အနီးဆုံးမြို့နှင့် ၆၀ ကီလိုမီတာကွာဝေးပြီး ၃ ရက်လျှင် တကြိမ်လာသည့် ဘတ်စ်ကားနှင့် သွားမည်ဆိုလျှင် ၄ နာရီကြာသည်။
မကြာသေးမီက သူတို့ဒေသသို့ လာရောက်ခဲ့သော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းကြည် အပေါ် ဦးတောညိုက မျှော်လင့်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်က ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားလူနည်းစုများပါဝင်သည့် အစိုးရအဖွဲ့ တခုကို ကတိပေးခဲ့သဖြင့် သူ၏ ဟောပြောပွဲသို့ တက်ရောက်လာသူများ စိတ်လှုပ်ရှားခဲ့ရသည်။
လူဦးရေ ၃၀၀၀၀ ခန့်ရှိသည့် ကယောတိုင်းရင်းသားများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား ၁၃၅ မျိုးထဲတွင် လူဦးရေ အနည်းဆုံး လူမျိုးစုများထဲတွင် အပါအဝင်ဖြစ်သည်။
ထိုဒေသမှ လက်နက်ကိုင်အဖွဲ့များက သူတို့၏ သေနတ်များကို စွန့်လွှတ်ပြီး တောင်ကုန်းများတွင် စပါးနှင့် ပြောင်းများ စိုက်ပျိုးရန် ဖြစ်လာခဲ့သော်လည်း မီးရှို့စိုက်ပျိုးသည့် တောင်ယာစနစ်ကြောင့် စိုက်ပျိုးမြေအသစ် ရှာဖွေရန် အခက်အခဲနှင့် ရင် ဆိုင်ကြရသည်။
ကြေးကွင်းနဲ့ ငွေပြားများ
လယ်သမားတဦးဖြစ်သည့် အသက် ၂၇ နှစ်အရွယ် မသူရေဆန်သည် သူ့ကျောပေါ်သို့ တခြားသူ၏ အကူအညီမပါဘဲ မ တင်နိုင်သည့် ခြင်းတောင်းတခုကို သယ်ဆောင်၍ အနီးအနားမှ တောင်ကုန်းများဆီသို့ ၄ နာရီကြာ လမ်းလျှောက်ခဲ့ရသည်။
“ကျမတို့က စပါးနဲ့ပြောင်း ကိုရောပြီးစိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တောင်ကုန်းအမြင့်တွေမှာ အဲဒီလို စိုက်ပျိုးရတာက ပိုပြီး လွယ်ကူလို့ပါ” ဟု သူကပြောသည်။
လှုပ်ရှားလိုက်တိုင်း မသူရေဆန်၏ ငွေရောင်လက်ကောက်များနှင့် လည်ဆွဲများက သူ၏ လည်ပင်း၊ ဒူး နှင့် ခြေကျင်းဝတ်၊ လက်ကောက်ဝတ်များတဝိုက်တွင် တချွင်ချွင်လှုပ်ရှားနေကြသည်။
ကယောအမျိုးသမီးများသည် ရိုးရာအစဉ်အလာအတိုင်း ကွင်းများကို ဝတ်ဆင်ကြသည်။ သူတို့၏ နားများတွင် ငွေကွင်းများ ဆွဲကြပြီး ခရာပုံစံ ဆွဲကြိုးများဆွဲကြသည်။ ဆွဲကြိုးများတွင် ဗြိတိသျှခေတ်သုံး ဒင်္ဂါးပြားများဖြင့် တန်ဆာဆင်ထားသည်။
ထေခိုရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာ၂ ခုရှိ ကယောအမျိုးသမီးများထဲမှ ၁၀၀ ခန့်လောက်လာ ရိုးရာဝတ်စုံများကို ဆက် လက်ဝတ်ဆင်နေကြဆဲဖြစ်သည်။ တစုံလျှင် ငွေကျပ် ၁၀၀၀၀၀ ခန့် ကုန်ကျမည့် ဝတ်စုံသည် ကျေးရွာတွင် သြဇာရှိသည့် သင်္ကေတတခုဖြစ်သည်။
ယခုအခါတွင် မျိုးဆက်နှင့်ချီ၍ မပြောင်းလဲခဲ့သော ဝတ်စားဆင်ယင်မှု ထုံးစံက ညင်းခုန်စရာတခုဖြစ်လာသည်။
“ကျနော်တို့ ဒီဝတ်စုံကို စွန့်လွှတ်ရမယ်။ ဒါမှ ကျနော်တို့ အမျိုးသမီးတွေဟာ ပိုမိုတိုးတက်တဲ့ ပုံစံရှိလာပြီးတော့ ရုံးတွေမှာ အလုပ်လုပ်နိုင်လိမ့်မယ်။ အဲဒါက ကျနော်တို့နဲ့ ပြင်ပကမ္ဘာကို ခွဲခြားထားတာပဲ” ဟု ဒေသ နိုင်ငံရေး အဖွဲ့အစည်းတခုဖြစ် သည့် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ(ကယားပြည်နယ်)၏ ဒုတိယ ဥက္ကဌ ဦးဆော်လမွန်က ပြောသည်။
သို့သော်လည်း အမျိုးသမီးများနှင့် ကျေးရွာလူကြီး ဦးတောညိုတို့က ရိုးရာယဉ်ကျေးမှုကို ကာကွယ်ရန် ဆန္ဒရှိနေပြီး ကျေးရွာကို နိုင်ငံခြားခရီးသည်များကို ဆွဲဆောင်နိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်နေရာအဖြစ် ပြောင်းလိုကြသည်။
မဘော်လီနန် ဟုအမည်ရသည့် အမျိုးသမီးတယောက်၏ တဲအိမ်ထဲတွင် မိသားစုဝင်များက ရိုးရာတူရိယာများကို တီးခတ်၍ သီချင်းဆိုရန် မီးပုံဘေးတွင် စုရုံးနေကြသည်။
“ကျမတို့ရဲ့ ဝတ်စုံကို သူတို့ဘယ်လို တားမြစ်လို့ရမှာလဲ။ ကျမတို့သေသွားရင်တောင် ဒီကွင်းတွေနဲ့အတူ မြေမြှုပ်ရတယ်။ သူတို့က ကျမတို့နဲ့ အတူအမြဲတမ်းရှိတယ်” ဟု သူကပြောသည်။