ကလေးမြို့နယ်ရှိ ရေမြုပ် ဧက ၂သောင်းကျော် ဆောင်းသီးနှံစိုက်ပျိုးရေး မျိုးစေ့ထောက်ပံ့ရန် လိုအပ်နေကြောင်း ကလေးလွင်ပြင် ပြန်လည် ထူထောင်ရေး ပရဟိတအဖွဲ့က ပြောသည်။
ကလေးလွင်ပြင် အဖွဲ့မှ ပြောခွင့်ရ ဦးသန့်ဇင်လင်းက“အစိုးရက လက်ရှိအချိန်ထိ ဧက ၅သောင်းကျော်မှာ ၂သောင်းခွဲကျော်ကိုပဲ ထောက်ပံ့နိုင်သေးတယ်။ ကျနော်တို့ အဖွဲ့ကို လှူဒါန်းထားတဲ့ အလှူငွေနဲ့ စိုက်ပျိုးမြေတွေကို ထောက်ပံ့နိုင်တာက အခုဆို ဧက ခြောက်ထောင်ကျော်လောက်ပဲ ရှိသေးတယ် ဧက နှစ်သောင်း လောက်ကို ထောက်ပံ့ဖို့ လိုအပ်နေသေးတယ်”ဟု ဆိုသည်။
ကလေးလွင်ပြင် ပြန်လည် ထူထောင်ရေး ပရဟိတ အဖွဲ့သည် လက်ရှိတွင် ကလေးမြို့ ပြန်လည်ထူထောင်ရေးလုပ်ဆောင် နေပြီး စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ၌အဓိက အကူအညီပေးနေသည့် အဖွဲ့တခု ဖြစ်ကြောင်း သိရသည်။
“ကျန်းမာရေးနဲ့ ပညာရေးမှာ အဖွဲ့တွေရော အစိုးရပါ ဆောင်ရွက်ပေးနေတာတွေရှိတော့ အတော်အသင့်လုံလောက်မှု ရှိတယ်လို့ ပြောနိုင်ပေမယ့် စိုက်ပျိုးရေးကို အဓိကထားလုပ်ဆောင်နေသူတွေကိုတော့ အဖွဲ့အစည်းတွေရော အစိုးရကပါ လုံလောက်အောင် ထောက်ပံပေးမှု နည်းတယ်၊ ရာသီမကုန်ခင် တောင်သူတွေလက်ထဲ မျိုးစေ့ရောက်ဖို့ အရေးကြီးနေပြီ” ဟု ဦးသန့်ဇင်လင်းက ပြောသည်။
ဆောင်းသီးနှံ နောက်ဆုံး စိုက်ပျိုးရမည့် ကာလမှာ ဒီဇင်ဘာလ တတိယအပတ် ဖြစ်ရာ ဒီဇင်ဘာလ ပထမအပတ်တွင် တောင်သူများလက်ထဲ ဆောင်းသီးနှံမျိုးစေ့ ရရှိနေရန် ထောက်ပံ့မှုများ လိုအပ်နေကြောင်း သိရသည်။
ကလေးမြို့နယ်၌ ဆောင်းသီးနှံ ပဲတီစိမ်း၊ ပဲနီ၊ မြေပဲ၊ နေကြာနှင့် အခြားပဲမျိုးစုံကို စိုက်ပျိုးကြပြီး ပဲတီစိမ်း၊ ပဲနီ မျိုးစေ့မှာ တဧက အတွက် ကျပ် ၁၅၀၀၀ ခန့်၊ နေကြာ (အိန္ဒိယ)မျိုးစေ့ တဧက ကျပ် ၁၇၀၀၀ ခန့်၊ မြေပဲ မျိုးစေ့ တဧက ကျပ် နှစ်သိန်းခန့် ကုန်ကျနိုင်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ကလေးခရိုင်ရှိ ကလေးမြို့နယ်၊ ကလေးဝမြို့နယ်နှင့် မင်းကင်းမြို့နယ်အတွင်း ရေနစ်မြုပ်မှု ဆိုးရွားစွာ ခံစားခဲ့ရပြီး ဘက်စုံ ပြန်လည် ထူထောင်ရေးအတွက် အစိုးရက ငွေကျပ် သိန်းပေါင်း ၉၇၀၀၀ ကျော် သုံးစွဲနိုင်ရန် ပေးအပ် ထားကြောင်း ကလေးလွင်ပြင် ပြန်လည် ထူထောင်ရေး ပရဟိတအဖွဲ့က ပြောသည်။
လက်ရှိ ကလေးခရိုင် စိုက်ပျိုးရေးဌာနအနေဖြင့် မိုးစပါး စိုက်ဧက ကလေး မြို့နယ် အနေနှင့် ၁၃၀၀၀ ကျော်၊ မင်းကင်းမြို့နယ်တွင် ရေမြုပ်ဧက ၂၈၀ ခန့်၊ ကလေး၀ မြို့နယ်တွင် ၁၂၃ ဧက ပြန်လည် စိုက်ပျိုးထားကြောင်း ကလေးခရိုင် စိုက်ပျိုးရေးဌာန မန်နေဂျာ ဦးအောင်ကြည်ဝင်းက ပြောသည်။
“တချို့နေရာတွေမှာ နုန်းထုအမြင့်က ခြောက်ပေနီးပါး ဖြစ်သွားတာတွေ ရှိတယ်။ ကျနော်တို့ဘက်က တပေ၊ တပေခွဲ နုန်းထုရှိတဲ့ နေရာတွေမှာတော့ စပါးပြန်စိုက်ထားတယ်ပေါ့။ ကျန်တဲ့နေရာတွေမှာတော့ ဆောင်းသီးနှံ စိုက်ပျိုးဖို့ လုပ်နေတာပေါ့။ ဒါပေမယ့် တချို့နေရာတွေမှာတော့ ဆောင်းသီးနှံမမီနိုင်ဘူး။ တချို့နုန်းတွေက တုံးကြီးတွေ ခုနေတော့ အဲဒါတွေကို စက်တွေနဲ့ ဖယ်ရှားနေ ရတယ်၊ ဆောင်းသီးနှံ မမီတောင် မိုးသီးနှံမီအောင် ကျနော်တို့ ကြိုးစားနေပါတယ်” ဆိုသည်။
ဦးအောင်ကြည်ဝင်း၏ ပြောကြားချက်အရ ကျန်နေသေးသည့် ဧက ၂၆၀၀၀ ကျော်ထဲမှ ဧက ၁၁၀၀၀ ခန့်တွင် နုန်းထုများ ဖုံးလွှမ်းပြီး လယ်ဧကများ မမြင်ရတော့သည့်အတွက် ဆောင်းသီးနှံ စိုက်ပျိုးရန် အခက်အခဲ ရှိနိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ အတွင်း ၂ ပတ်ခန့် အဆက်မပြတ် ရွာသွန်းသည့် မိုးကြောင့် နှစ်ပေါင်း ၁၀၀ အတွင်း အဆိုးရွားဆုံး ရေကြီး ရေလျှံမှု ဖြစ်ခဲ့ပြီး ထိုဖြစ်ရပ်ကြောင့် ဒေသခံ အများအပြား အိုးအိမ်ဆုံးရှုံးပြီး စီးပွားရေးနှင့် စားဝတ်နေရေးများစွာ ထိခိုက် ခဲ့ကြရ သည်ဟု သိရသည်။
လက်ရှိအချိန်တွင် ကလေးမြို့ ရေကြီးမှုကြောင့် ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ရေဘေးဒုက္ခသည်များ နေရပ်အသီးသီးသို့ ပြန်သွားကြပြီ ဖြစ်ပြီး စီးပွားရေးအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း ဒေသခံ လူမှု အဖွဲ့အစည်းများက ပြောသည်။