မြန်မာ့သမိုင်းတွင် မှတ်တိုင်တခုဖြစ်မည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်မီကာလနှင့် ရွေးကောက်ပွဲ အလွန်ကာလများတွင် ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်မှုပေးပြီး ထောက်ပံ့ညီညွှတ်သည့် ပတ်ဝန်းကျင် ဖြစ်လာစေရေး ဝိုင်းဝန်း ကူညီကြရန် ဗုဒ္ဓဘာသာ၊ ခရစ်ယန်၊ အစ္စလာမ်နှင့် ဟိန္ဒူ ဘာသာများကို ကိုယ်စားပြုသော ဘာသာရေး ခေါင်းဆောင်များက လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများအား သဘောထား ကြေညာချက်တရပ် ထုတ်ပြန်တိုက်တွန်းလိုက်သည်။
မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံတပုံဖြစ်သော ကလေးသူငယ်များ၏ အနာဂတ် လင်းလက် တောက်ပနိုင်ရေးအတွက် အထွေထွေ ရွေးကောက်ပွဲ၌ နိုင်ငံအတွင်းရှိ ကလေးသူငယ်များ အားလုံးအတွက် ပြောင်းလဲတိုးတက်မှုများ ဖြစ်ပေါ်လာအောင် ကတိကဝတ်အသစ်များ ချမှတ်ပြီး ကြိုးပမ်းလုပ်ဆောင်ကြပါရန် တိုက်တွန်းကြောင်း ကြေညာချက်တွင် ပါရှိသည်။
ထို့အပြင် ကလေးသူငယ်များအတွက် တာဝန်ရှိသော မိဘ၊ အုပ်ထိန်း စောင့်ရှောက်သူများနှင့် တခြား တာဝန်ရှိသူများ အားလုံးတို့ကို မည်သည့် ဘာသာဝင်ဖြစ်စေကာမူ မိမိပတ်ဝန်းကျင်တွင် ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်စေလိုပြီး တဦးနှင့်တဦး အပြန်အလှန် နားလည်မှုရှိကာ အမှီသဟဲပြု နေထိုင်ကြပြီး မည်သည့်ဘာသာ၊ လူမျိုး ဓလေ့မျိုးကိုမှ ခွဲခြားဆက်ဆံမှု မပြုလုပ်ကြရန် ဘာသာရေးခေါင်းဆောင်များက တောင်းဆိုထားသည်။
ဘာသာရေး ခေါင်းဆောင်များအနေဖြင့် မကြာမီ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကြီးကို ငြိမ်းချမ်းစွာနှင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကြီး ဖြစ်စေဖို့ အဘက်ဘက်မှ ဝိုင်းဝန်းကြိုးစားပေးကြပါရန်လည်း တိုက်တွန်းထားသည်ကို တွေ့ရသည်။
ယင်းကြေညာချက်ကို ကြိုဆိုကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ကလည်း ထုတ်ပြန်ထားသည်။