စစ်တပ်ကြီးစိုးတဲ့ အာဏာရှင်စနစ်ကျင့်သုံးမှု၊ အတိုက်အခံနဲ့ တက်ကြွလှုပ်ရှားသူများကို ဖိနှိပ်မှု၊ ထိပ်သီးလူတစုက တိုင်းပြည်သယံဇာတကို အလွဲသုံးစားမှု၊ တိုင်းပြည်ကို ချွတ်ချုံကျသွားအောင် စီမံခန့်ခွဲမှုတို့မှာ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယား၊ ဇင်ဘာဘွေတို့နဲ့ တတန်းတည်းထားပြီး မကြာခဏ နှိုင်းယှဉ်ဖော်ပြခံခဲ့ရပါတယ်။
အာဏာရှင်တပိုင်းနိုင်ငံများမှာ ကျင်းပတဲ့ ရွေးကောက်ပွဲဆိုင်ရာ လေ့လာသူတွေက အခု မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဇင်ဘာဘွေ ရွေးကောက်ပွဲကို လှမ်းကြည့် နှိုင်းယှဉ်နေကြပါတယ်။ ဇင်ဘာဘွေနဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ မတိုင်မီ၊ ရွေးကောက်ပွဲဆိုင်ရာ စီမံမှု အခင်းအကျင်းနဲ့ အားပြိုင်မှုတွေဟာ ကောင်းကောင်းကြီး နှိုင်းယှဉ်ကြည့်လို့ ရနိုင်တဲ့ အနေအထားပါ။
ဇင်ဘာဘွေ အထွေထွေရွေးကောက်ပွဲကို ၂၀၁၃ ဇူလိုင် ၁၃ မှာ ကျင်းပပါတယ်။ မြန်မာ စစ်အစိုးရက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတင်းအကျပ် အတည်ပြုခဲ့သလိုပဲ ဇင်ဘာဘွေမှာ ၂၀၁၃ မတ်လက လူထုဆန္ဒခံယူပွဲ ကျင်းပပြီး သမ္မတ ရောဘတ် မူဂါဘီကိုယ်တိုင် လက်မှတ်ရေးထိုးကာ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို မေလမှာ အတည်ပြုခဲ့ပါတယ်။ သမ္မတ သက်တမ်းက မြန်မာနိုင်ငံမှာလိုပဲ ၅ နှစ်ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ ရောဘတ် မူဂါဘီနဲ့ အပြိုင် ဝဲလ်ရှ်မန်း အန်ကူဘီ၊ မော်ဂန် ရှန်ဂီရိုင်း၊ ဒူမီဆို ဒါဘန်ဂွာ၊ ကီစီနိုတီ မူကွာဇီတို့ရဲ့ ပါတီတွေ ဝင်ပြိုင်ကြပါတယ်။ အဓိက အတိုက်အခံပါတီကတော့ Movement for Democratic Change (MDC) ပါတီဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ အာဏာရှင်ဟောင်း လက်ရှိ သမ္မတ ရောဘတ် မူဂါဘီပဲ ပြန်ရွေးကောက်ခံရပြီး သူ့ရဲ့ ဇင်ဘာဘွေ အာဖရိကန် အမျိုးသား ပါတီ – မျိုးချစ်တပ်ဦး (ZANU-PF) က လွှတ်တော်မှာ သုံးပုံနှစ်ပုံ နိုင်ပါတယ်။
ရောဘတ် မူဂါဘီဟာ ၁၉၈၇ ဒီဇင်ဘာကတည်းက ဇင်ဘာဘွေနိုင်ငံရဲ့ အာဏာကို ထိန်းချုပ်ထားတာပါ။ လူဖြူကြီးစိုးမှုကို တော်လှန်တဲ့ သူပုန်စစ်သားဘဝက တက်လာတဲ့ ရောဘတ် မူဂါဘီဟာ အာဏာကို နည်းမျိုးစုံနဲ့ လက်မလွှတ်ရအောင် ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတော် အကြီးအကဲ အဖြစ်ကနေ ပါတီထောင်၊ ရွေးကောက်ပွဲ ဥပဒေကို ဆွဲပြီး သမ္မတ ဖြစ်တဲ့အထိ အာဏာကို ဆွဲဆန့်ခဲ့ပါတယ်။
မဲဆန္ဒရှင် သုံးပုံ တပုံဟာ သေပြီးသူတွေ၊ သို့မဟုတ် အသက်ကို တွက်လိုက်ရင် ၁၂၀ လောက်ရှိသူတွေ ဖြစ်နေတာ၊ အသက်ငယ်ရွယ်တဲ့ မဲပေးသူ အမြောက်အမြားဟာလည်း မဲပေးဖို့ မှတ်ပုံတင်ထားခြင်း မရှိတာတွေ ဖြစ်နေတယ်ဆိုပြီး စွပ်စွဲမှုတွေ ပေါ်ပေါက်လာပါတယ်။
စောင့်ကြည့်လေ့လာသူ ၇ ထောင်လောက်ပါတဲ့ ဒေသခံစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ “ဇင်ဘာဘွေ ရွေးကောက်ပွဲ ထောက်ကူရေး ကွန်ရက်” (ZESN) က ဥပဒေချိုးဖောက်မှုတွေ၊ အစိုးရထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေရဲ့ ဘက်လိုက်မှုတွေ၊ အစွန်အဖျားဒေသတွေမှာ ခြိမ်းခြောက် အကျပ်ကိုင်မှုတွေ၊ ကသောင်းကနင်း ရွေးကောက်ပွဲ အစီအမံတွေကို စာရင်းပြုစုခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေကို ကြည့်ရင် ၂၀၁၀ မြန်မာရွေးကောက်ပွဲကို ပြန်သတိရကြလိမ့်မယ် ထင်ပါတယ်။
၂၀၁၃ ဇင်ဘာဘွေ ရွေးကောက်ပွဲမှာ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ မဲတွေ ၁ သန်းလောက်ရောက်နေတာ၊ အတိုက်အခံ Movement for Democratic Change (MDC) ပါတီ အားကောင်းတဲ့နေရာတွေမှာ မဲပေးခွင့်ရှိသူ ၁ သန်းလောက် စာရင်းပျောက်နေတာတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ရွေးကောက်ပွဲ ကျင်းပနေတဲ့ အချိန်မှာပဲ ဇင်ဘာဘွေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ထဲက တဦးဖြစ်တဲ့ အမ်ကူလူလီ ညာသီဆိုသူ နုတ်ထွက်သွားပါတယ်။ မဲဆန္ဒရှင် ၃ သိန်း ၅ ထောင်လောက် မဲပေးခွင့် မရကြောင်း၊ ၂ သိန်း ၇ ထောင်လောက်က သူတို့မဲပေးနေချိန်မှာ ဘေးပယောဂတွေ နှောက်ယှက်ခံရကြောင်း၊ ၁ သိန်းလောက်ကတော့ တစ္ဆေမဲတွေ (သေပြီးသူတွေ) ဖြစ်နေကြောင်း နောက်ပိုင်းမှာ ရွေးကောက်ပွဲ ကော်မရှင်က အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။
၂၀၁၃ ခုနှစ် သြဂုတ်မှာ အတိုက်အခံ MDC ပါတီက မဲရလဒ်ဟာ တရားမဝင် ပျက်ပြယ်ကြောင်း ကြေညာစေလိုခဲ့ပါတယ်။ ဒါပေမယ့် မူဂါဘီကပဲ သမ္မတပြန်လုပ်ပြီး ဇင်ဘာဘွေ တရားရုံးက ရွေးကောက်ပွဲဟာ လွတ်လပ်၊ မျှတပြီး ယုံကြည်ရတယ်လို့ ကြေညာပေးခဲ့ပါတယ်။
ရောဘတ် မူဂါဘီဟာ မဲ ၆၁ ရာခိုင်နှုန်း ရရှိပြီး သမ္မတသက်တမ်း ၇ ဆက်မြောက်ကို ဆက်လက် ယူလိုက်ပါတယ်။ သူ့ပါတီက ပါလီမန်မှာ အမတ်နေရာ ၁၆၀ ရယူပြီး လွှမ်းမိုးခဲ့ပါတယ်။ ရောဘတ် မူဂါဘီရဲ့ အဓိက အတိုက်အခံ နိုင်ငံရေးသမား မော်ဂန် ရှန်ဂီရိုင်းက ၃၄ ရာခိုင်နှုန်းပဲ ရပြီး အမတ်နေရာ ၄၉ ရာခိုင်နှုန်းပဲ ရခဲ့ပါတယ်။
မော်ဂန် ရှန်ဂီရိုင်းရဲ့ MDC ပါတီကို ထောက်ခံတဲ့ မြို့ပြဧရိယာက မဲဆန္ဒရှင် ၁ သန်းလောက်ဟာ မဲပေးခွင့် မရခဲ့ကြောင်း “ဇင်ဘာဘွေ ရွေးကောက်ပွဲ ထောက်ကူရေး ကွန်ရက်” (ZESN) က ဆိုပါတယ်။ တချို့ အစီရင်ခံစာတွေမှာတော့ အဲဒီ ဧရိယာက မဲဆန္ဒရှင်တွေဟာ မူဂါဘီကိုပဲ မဲပေးဖို့ အတင်းအကျပ် လုပ်ဆောင်ခြင်း ခံရတယ်လို့ ဆိုပါတယ်။ အနောက်နိုင်ငံက လေ့လာစောင့်ကြည့်တဲ့အဖွဲ့တွေကို လာရောက်ခွင့် မပြုခဲ့ပါဘူး။
ဇင်ဘာဘွေ ရွေးကောက်ပွဲ အဆက်ဆက်မှာ အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေ ရှိခဲ့ပါတယ်။ တကြိမ်မှာ ရောဘတ် မူဂါဘီဟာ မော်ဂန် ရှန်ဂီရိုင်းကို ရှုံးမလို ဖြစ်ခဲ့ပါတယ်။ ၂၀၀၈ ပထမအကျော့ မဲပေးမှုမှာ နိုင်ငံရေး ပဋိပက္ခဖြစ်ပွားပြီး ၈၅ ဦး သေခဲ့ပါတယ်။ ဒုတိယအကျော့မှာ အတိုက်အခံကို အားပေးသူ ၈၀ ရှိပြီး အများအပြား ပျောက်ဆုံးခဲ့ပါတယ်။ လူထောင်နဲ့ချီ ဒဏ်ရာရပြီး သောင်းနဲ့ချီ အိုးအိမ်စွန့်ခွာသွားအောင် နှင်ထုတ်ခံရပါတယ်။ ရွေးကောက်ပွဲ အရာရှိ အနည်းဆုံး အယောက် ၁၀၀ အဖမ်းခံရပါတယ်။ ပဋိပက္ခဆိုရာမှာ ရိုက်နှက်မှုတွေ၊ အဓမ္မကျင့်မှုတွေအထိ ပါပါတယ်။
စတီဗင် လီဗစ်စကီးနဲ့ လူကန်၊ အေ၊ ဝေး တို့ရဲ့ ယှဉ်ပြိုင်မှု ရှိသည့် အာဏာရှင်စနစ် ပေါ်ထွန်းခြင်း စာတမ်းထဲမှာ ဒီလို မေးခွန်းထုတ်ထားပါတယ်။ “လက်ရှိ အာဏာရထားသူတွေ အနေနဲ့ အတိုက်အခံတွေကို ဒီအတိုင်း လွှတ်ပေးလိုက်ပြန်ရင်လည်း သူတို့ ရှုံးသွားနိုင်ပြန်တယ်။ အဲဒီတော့ အချိန်တခုရောက်တိုင်း ဒီမိုကရေစီနည်းကျ ယှဉ်ပြိုင်အနိုင်ယူမှုတွေ ပေါ်ပေါက်လာခြင်းဟာ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ်ရဲ့ အရင်းမူလလို ဖြစ်နေတဲ့ လွန်ဆွဲရခြင်းကို ဖြစ်စေတယ်။ အာဏာရှင် အစိုးရအဖွဲ့တွေ အနေနဲ့ နိုင်ငံတကာရဲ့ ဝိုင်းကျဉ်မှုနဲ့ ပြည်တွင်း ပဋိပက္ခတွေ အဖြစ်ခံပြီး ဒီမိုကရေစီ စည်းမျဉ်းစည်းကမ်းတွေကို အကြီးအကျယ် ချိုးဖောက်မလား၊ ရွေးကောက်ပွဲမှာ ရှုံးနိမ့်နိုင်ခြေ ရှိတာကို ရင်ဆိုင်ပြီး အတိုက်အခံတွေဘက်က စိန်ခေါ်မှုကို ခွင့်ပြုမလား”။