ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) အဖွဲ့၏ အရေးပါသော တောင်ကုန်းတခုကို အစိုးရတပ်မတော်က ယနေ့တွင် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း SSPP/SSA က ပြောဆိုသည်။
မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP/SSA ၏ စစ်ရေးအရ အရေးပါသည့် တောင်ကုန်းတခုဖြစ်သည့် ကုန်းလင်တောင်ကုန်အား ယနေ့နံနက် ၁၁ နာရီ အချိန်မှစတင်ပြီး ညနေ ၃ နာရီအထိ ထိုးစစ်ဆင် တိုက်ခိုက်နေကြာင်း SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ် ဒု ဗိုလ်မှူးကြီး စိုင်းလက ဧရာဝတီကို အတည်ပြု ပြောဆိုသည်။
“စစ်အင်အားတွေ တိုးချဲ့တယ်။ လက်ရှိကျနော်တို့ နေရာယူထားတဲ့ ကုန်းလင်တောင်ကုန်းကို ပြန်လာတိုက်နေပါတယ်။ ယခုထိတိုက်ပွဲက ဖြစ်နေတုန်းပါပဲ။ ကျနော်တို့ကို လက်နက်ကြီးတွေနဲ့ အဓိကထား ပစ်နေတယ်” ဟု ဒု ဗိုလ်မှူးကြီး စိုင်းလက ဆိုသည်။
အစိုးရ တပ်မတော်က ထိုးစစ်ဆင်သည့် နေရာသည် မိုင်းရှူးမြို့နယ် ရှမ်းစစ်ရှောင် ဒုက္ခသည်များ နေထိုင်သည့် ဟိုင်းပါကျေးရွာနှင့် တမိုင်ခန့်သာ ကွာဝေးကြောင်း၊ အစိုးရဘက်က တပ်အင်အားတိုးချဲ့ကာ မိုင်းနောင်ကျေးရွာတွင် အခြေချနေကြောင်း၊ SSPP/SSA က တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် မထိုးသည့်အတွက် ဖိအားပေးတိုက်နေသည့် သဘောရှိကြောင်း၊ နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် လိုအပ်သဖြင့် တိုက်ပွဲများ ရပ်ပေးရန် လိုသည်ဟု စိုင်းလက ဆက်ပြောသည်။
တိုက်ပွဲများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်း အကောင်အထည်ဖော်ရေးဌာန ညွန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက “ကျနော်တို့ သိတာကတော့ မြေယာကိစ္စတွေက ဟိုဘက်ဒီဘက် အငြင်းပွားတာ ရှိတယ်။ နောက်ဆုံး အခြေအနေကတော့ ကျနော် မသိဘူး။ ဟိုဘက်ဒီဘက် အလွတ်သဘော ပြောကြတာတော့ ရှိတယ်လို့ ကျနော်ကြားတယ်။ တရားဝင် ဆွေးနွေးပွဲကတော့ မလုပ်ရသေးတယ်။ အခုကျနော်တို့ အားလုံးကလည်း NCA ထိုးပြီးတဲ့အခါ JMC (စစ်ရေးအရ စောင့်ကြပ်ကြည့်ရှု) တွေ လုပ်နေကြတော့ အဲဒီဘက်ကို မလှည့်နိုင်သေးဘူး။ တိုက်ပွဲနဲ့ပတ်သက်ရင် တပ်မတော်ကို မေးကြည့်ပါ” ဟု ဧရာဝတီကို ပြောသည်။
မိုင်းရှုးမြို့နယ်အတွင်း စစ်ဘေးရှောင် ဒုက္ခသည် ၃၀၀၀ ကျော်ရှိလာပြီး ဝမ်ဆော့ကျေးရွာ ဘုန်းကြီးကျောင်းတွင် ၁၅၀၀ ဦး၊ ဟိုင်းပါ ဘုန်းကြီးကျောင်းတွင် ၁၂၀၀ ဦး၊ မိုင်းနောင်ကျေးရွာတွင် ၂၀၀ ကျော်နှင့် တခြားကျေးရွာများတွင်လည်း ထပ်မံတိုးလာကြောင်း၊ လက်ရှိအချိန် စစ်ဘေးရှောင် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာနှင့် အဝတ်အထည်များ အရေးပေါ် လိုအပ်နေကြောင်း ရှမ်းလူငယ်ကွန်ရက်က ပြောသည်။
အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့ ရက်ကွက် (၄) ရှမ်းသာရေး/ နာရေး အသင်းအနီးတွင် ယနေ့ ညနေ ၄ နာရီခန့်က မိုင်းတလုံး ပေါက်ကွဲကာ ကိုရင် ၂ ပါး ခေါင်း၊ ခြေထောက်နှင့် ဝမ်းဗိုက်တွင် အနည်းငယ် ထိခိုက်ခဲ့ကြောင်း၊ အမျိုးသမီး တဦးသည်လည်း လည်ပင်းနှင့် နဖူး ထိခိုက်ခဲ့ကြောင်းနှင့် အဘွားအိုတဦး ဗိုက်၊ ရင်ခေါင်းတွင် ထိခိုက်ဒဏ်ရာ ရခဲ့ပြီး စိုးရိမ်နေရကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မိုင်းရှူးမြို့ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ်လောင်း နန်းကောင်ခမ်းက ဧရာဝတီကို ပြောဆိုသည်။