လန်ဒန်အခြေစိုက် Global Witness အဖွဲ့က စုံစမ်းစစ်ဆေးထားတဲ့ မြန်မာပြည်မြောက်ဖျားက ကျောက်စိမ်း စီးပွားရေးလုပ်ငန်း အစီရင်ခံစာ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီအစီရင်ခံစာရဲ့ နာမည်က Jade: Myanmar’s “Big State Secret” (ကျောက်စိမ်း သို့မဟုတ် မြန်မာပြည်က နိုင်ငံတော်လျှို့ဝှက်ချက်ကြီး) ဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ သမိုင်းဝင် ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ ဒီအစီရင်ခံစာကို Global Witness အဖွဲ့က ဖြန့်ချိမှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်က ဖားကန့် ကျောက်စိမ်းတွင်းတွေနဲ့ အဲ့ဒီကထွက်ရှိတဲ့ ကျောက်စိမ်းတွင်းလုပ်ငန်း၊ အကျိုးအမြတ်တွေကို ရရှိနေတာတွေက ဘယ်သူတွေလဲ။ ဘယ်သူတွေက ခေါင်းပုံဖြတ်နေတာလဲ အသေးစိတ် အစီရင်ခံထားပါတယ်။
ဒီအစီရင်ခံစာမှာ အရင် စစ်အစိုးရ ခေါင်းဆောင်ဟောင်း တချို့နဲ့ ခရိုနီတွေကို မီးမောင်းထိုးပြထား ပြီး အဓိကပစ်မှတ်ကတော့ အရင်စစ်အစိုးရ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့ မိသားစု လက်ဝါးကြီးအုပ် ပိုင်ဆိုင်ထားတယ်ဆိုပြီး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သူ့မိသားစုဟာ ဖားကန့်က ကျောက်စိမ်းတွင်းတွေကို Kyaing International နဲ့ Myanmar Naing Group ဆိုပြီး ထုတ်နေတဲ့အပြင် အဲဒီကုမ္ပဏီ ၂ ခုရဲ့ ဒါရိုက်တာဟာ ဦးသန်းရွှေရဲ့ သား ၂ ဦးပူးပေါင်းပြီး ကြွယ်ဝဆုံး (အင်္ဂလိပ်လို Richest Gems) ကုမ္ပဏီနာမည်နဲ့လည်း ကျောက်စိမ်းထုတ်နေကြောင်း ရေးသားဖော်ပြထားပါတယ်။
အစီရင်ခံစာရဲ့အဆိုအရ ကျောက်စိမ်းဈေးကွက်ကရတဲ့ တန်ဖိုးဟာ ခန့်မှန်းရခက်သော်လည်းပဲ သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်လုပ်ငန်းက ဝင်ငွေနဲ့ တရုတ်-မြန်မာနယ်စပ် တရုတ်အကောက်ခွန်ဌာနက စာရင်းကို အခြေခံပြီး ၂၀၁၄ မန်မာနိုင်ငံမှာ ကျောက်စိမ်း ထုတ်လုပ်မှုတန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ ရှိနိုင်တယ်လို့ သိရပြီး ဘီလီယံပေါင်း ၃၁ ဘီလီယံအထိ ရောက်ရှိနိုင်ပါတယ်လို့ Global Witness က တွက်ချက် ဖော်ပြထားပါတယ်။ ဒါဟာ မြန်မာပြည်ရဲ့ တရားဝင် GDP ၄၈ ရာခိုင်နှုန်းနဲ့ ညီမျှပြီး မြန်မာအစိုးရရဲ့ ကျန်းမာရေး အသုံးစရိတ်ရဲ့ ၄၆ ဆနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။
ဒီကျောက်စိမ်းလုပ်ငန်းကို အကြီးအကျယ် ခြစားမှုတွေ၊ လက်စားမှုတွေ၊ ခရိုနီသူဌေးတွေက လက်ဝါးကြီးအုပ်မှုတွေအပြင် တပ်မတော်ရဲ့ ဦးပိုင် ကုမ္ပဏီတွေက ကြီးစိုးခြယ်လှယ်ထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီကျောက်စိမ်းတွင်းရဲ့ လုပ်ငန်းတွေကို ခရိုနီ စီးပွားရေးသမားကြီးတွေအပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမိသားစု အပါအဝင် ကချင်ပြည်နယ်မှာ တိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ် အုန်းမြင့်၊ ကြံ့ခိုင်ရေး ပါတီမှာ အရင်က အထွေထွေအတွင်းရေးမှူး တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း မောင်မောင်သိန်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ဘုန်းဆွေ၊ ဒါ့အပြင် ကာကွယ်ရေး ဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဌာန ဒုဝန်ကြီး ဦးဝင်းသန်းဟာ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာကို ကျောက်မျက်ပြပွဲများမှ ရရှိခဲ့တယ်။
ဒါ့အပြင် မြန်မာ့တပ်မတော်ရဲ့ စီးပွားရေး ထိန်းချုပ်ထားတဲ့ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Myanmar Economic Holdings Limited and Myanmar Economic Corporation က ကချင်ပြည်နယ် ကျောက်စိမ်းဈေးကွက်ကို ထိန်းချုပ်ထားပြီး ကျောက်မျက်ပြပွဲက အမြတ်အစွန်းတွေကို ရရှိနေပြီး ဒီအမြတ်အစွန်းတွေဟာ တပ်မတော် ခေါင်းဆောင်ပိုင်းကို တိုက်ရိုက်သွားနေတယ်လို့ Global Witness က သူ့ရဲ့ အစီရင်ခံစာမှာ စွပ်စွဲရေးသားထားပါတယ်။ ကချင်ပြည်နယ်က ပြည်သူပြည်သား အများစုကတော့ ကျောက်စိမ်းဈေးကွက်ကရတဲ့ အမြတ်အစွန်း ပိုက်ဆံတွေနဲ့ စစ်တပ်ရဲ့ ကချင်ပြည်နယ်က KIA/KIO တိုက်ပွဲတွေမှာ ထောက်ပံ့ကူညီနေတယ်လို့ သံသယရှိတယ်လို့ မေးခွန်းထုတ်ထားပါတယ်။
၂၀၁၄ မှာ နိုင်ငံ့ဘဏ္ဍာထဲကို အမေရိကန်ဒေါ်လာ ၃၇၄ သန်းပဲ ရောက်လာခဲ့ပေမယ့် ကျန်တဲ့ ဘီလီယံနဲ့ချီတဲ့ပိုက်ဆံတွေဟာ သူတို့အိတ်ကပ်ထဲကို သွားခဲ့တယ်လို့ Globla Witness က အစီရင်ခံစာမှာ သုံးသပ်ခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမတိုင်ခင် လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်တာတွေ ညစ်လုံးတွေ လုပ်နေတာတွေဟာ ခေါင်းမာတဲ့ စစ်အုပ်စုတွေက ငွေကြေးပေး ထောက်ပံ့နေသလားဆိုတာကို မြန်မာပြည်သူတွေ သိသင့်တယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။