ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ ALA)နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)တို့ အောက်တိုဘာ ၁၇ ရက်က နှစ်နိုင်ငံနယ်စပ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ALP ကပြောသည်။
အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံနယ်စပ် တြိဂံဒေသတွင် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) ဝင်များ လှုပ်ရှားမှုရှိကြောင်း သတင်းအရ လှည့်ကင်းဆင်းရာမှ BGB တပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ပြီး မှားယွင်းတိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ALP အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်အောင်ဇံဖြူက ဧရာဝတီကို ပြောသည်။
တိုက်ပွဲဖြစ်စဉ်အတွင်း တပ်နှစ်ဖက်စလုံး ထိခိုက်ကျဆုံးမှု ရှိခဲ့ပြီး BGB ဘက်မှ စာရင်းအတိအကျ မသိရကြောင်းနှင့် ALP ဘက်တွင် ဆေးမှူးတပ်သားတဦး ကျဆုံးခဲ့ပြီး တပ်သားတဦး ဒဏ်ရာရရှိခဲ့ပြီး ယနေ့အောက်တိုဘာ ၂၂ ရက်တွင် စစ်တွေဆေးရုံ၌ ခွဲစိတ်ကုသမှု ခံယူလျက်ရှိကြောင်း ALP အဖွဲ့ဝင် တဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာသည် ALP ဌာနချုပ်အနီး ကြက်ဥတောင်ဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားမှု မရှိတော့သော်လည်း စောင့်ကြည့်နေဆဲ အခြေအနေရှိနေကြောင်း ALP ထံမှ သိရသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)သည် အောက်တိုဘာ ၁၅ရက်က တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နှင့်အတူ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးစာချုပ် NCA ကို အစိုးရနှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည်။