ထိုင်းငါးဖမ်းလှေပေါ်တွင် လူကုန်ကူးသူများ၏ ရောင်းစားခံထားရသည့် မြန်မာ ရွှေ့ပြောင်း လုပ်သား ၁၂ ဦးကို ထိုင်းအထူးစုံစမ်း စစ်ဆေးရေးဌာန(DSI) နှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီ တို့က ပူးပေါင်း ကယ် တင် နိုင်လိုက်ကြောင်း သတင်းရရှိသည်။
ဘန်ကောက်မြို့မှ ကီလိုမီတာပေါင်း ၈၀၀ ကျော်ကွာဝေးသည့် ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ် တရန်ပြည်နယ် ကတန်မြို့ ငါးဖမ်းလှေဆိပ်တွင် ယခုလ ၂၀ ရက်နေ့က ဝင်ရောက် ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီ အတွင်းရေးမှူးဖြစ်သည့် ဦးကျော်သောင်း က ဧရာဝတီသို့ ပြောသည်။
“ကယ်ထုတ်ခဲ့တဲ့ လူတွေထဲမှာ ဆယ်စုနှစ်နဲ့ချီပြီး ပင်လယ်ထဲမှာ ရောင်းစား ခံထားရတဲ့ သူတွေပါတယ်။ ကျွန်အဖြစ်နဲ့ အသက် အန္တရာယ်တွေကြားမှာ အခိုင်းခံခဲ့ရတဲ့ သူတို့ လွတ်လာပေမယ့် မလွတ်သေးတဲ့သူတွေ ကျန်သေးတယ်။ လူကုန်ကူး ဂိုဏ်းကိုလည်း မမိ သေးပါဘူး”ဟုလည်း ဦးကျော်သောင်း က ပြောပြသည်။
ဦးကျော်သောင်းသည် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကြုံတွေ့နေရသည့် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် လူကုန်ကူးခံကြရသူများကို ကူညီကယ်ဆယ်ပေးနေသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) ၏ ဒါရိုက်တာ လည်း ဖြစ်သည်။
လူကုန်ကူး ခံရသူများကို ကယ်တင်နိုင်ရေးအတွက် DSI နှင့် MAT တို့အကြား ၅ လကျော်အကြာ ကြိုတင်ပြင်ဆင်ခဲ့ရကြောင်းနှင့် လူကုန်ကူးဂိုဏ်းအား ဆက်လက်ဖမ်းဆီး အရေးယူနိုင်ရေးအတွက် ယခုလွတ်မြောက်လာသူများ၏ ထွက်ဆိုချက်နှင့် မှတ်တမ်း ဓာတ်ပုံများကို DSI သို့ ပေးပို့ထားသည်ဟု သိရသည်။
ထိုင်းငါးဖမ်းလှေပေါ်တွင် ရောင်းစားခံထားရသည့် မြန်မာနိုင်ငံသားအများစု ကျန်ရှိနေသေးကြောင်း လှေပေါ်တွင် ၁၅ နှစ်ကျော် အကြာ ရောင်းစားခံခဲ့ရသည့် ပဲခူးတိုင်း ကဝမြို့နယ် သက္ကလ ကျေးရွာသား ကိုကျော်သူ (ခ) ကိုကုလား က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ လွတ်လာတာ ဝမ်းသာပေမယ့်။ လှေပေါ်မှာ ရောင်းစားခံမြန်မာတွေ အများကြီးကျန်သေးတယ်။ ကျနော်လိုက်တဲ့ လှေတစီးထဲမှာတင် အရောက် ၅၀ လောက်ရှိတယ်။ စုစုပေါင်း လှေ ၁၀ စီးကျော်ရှိတယ်”ဟုလည်း ကိုကျော်သူ က ပြောပြသည်။
ငါးဖမ်းလှေပေါ်တွင် ရောင်းစားခံထားရသူများသည် မြန်မာနိုင်ငံသား အများစုဖြစ်ပြီး ညှဉ်းပန်းနှိပ်စက်မှုများ၊ သတ်ဖြတ်ခံရမှုများ ရှိပြီး ၎င်းအလုပ်လုပ်နေသည့် ၁၅ နှစ် ကာလအတွင်း၌ပင် မြန်မာနိုင်ငံသား ၃၀ ခန့် သတ်ဖြတ်ခြင်း ခံခဲ့ရသည်ကို တွေ့မြင်ခဲ့ရကြောင်း ကိုကျော်သူက ဆက်ပြောသည်။
ကိုကျော်သူ က “ကျနော်ပင်လယ်ထဲမှာ နေမကောင်းဖြစ်တာတောင်မှ ညှဉ်းပန်းနှိပ်စက်ပြီး ခိုင်းတယ်။ ငါးလိပ်ကျောက် အမြီးတွေနဲ့ နှက်တာ၊ ခြေတွေလက်တွေနဲ့ ထိုးနှက်တာ အမျိုးမျိုးလုပ်တယ်။ ဓားနဲ့လည်း ၆ ချက်အထိုးခံရတယ်။ တချို့ အလုပ်မဆင်းတဲ့သူတွေဆို သံပိုက်တွေနဲ့ ရိုက်ပြီး ပင်လယ်ထဲပစ်ချတာ၊ သေနတ်နဲ့ ပစ်သတ်တာတွေရှိတယ်”ဟုလည်း ကိုကျော်သူ က ပြောပြသည်။
ကိုကျော်သူသည် အသက် ၂၁ အရွယ်က ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း ၎င်းအား လိမ္မော်ခြံတွင် အလုပ်လုပ်ရမည်ဆို၍ လိုက်လာခဲ့သော်လည်း လူပွဲစားများက ငါးဖမ်းလှေဆိပ်သို့ပို့ဆောင်ကာ ရောင်းစားခြင်းခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်း အလုပ်သမားအဖြစ် ရောက်ရှိလာကြသူများသည် မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှု၏ နောက် ဆက်တွဲ ပြဿနာများဖြစ်ကြောင်း လူပွဲစားများ၏ ရောင်းစားခြင်းခံနေရသည့် မြန်မာနိုင်ငံသား အများအပြား ရှိနေသော်လည်း ၎င်း တို့အနေဖြင့် အာဏာရှိသော အစိုးရအဖွဲ့အစည်း တရပ် မဟုတ်သဖြင့် မိမိတို့ တတ်နိုင်သရွေ့သာ ကူညီနေရခြင်းဖြစ်ကြောင်း ဦးကျော်သောင်းက ပြောသည်။
MTA အနေဖြင့် DSI အဖွဲ့နှင့် ပူးပေါင်း၍ ၂၀၁၁ ခုနှစ် လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၅၀၊ ၂၀၁၂ ခုနှစ်တွင် ၂၉၂ ဦး၊ ၂၀၁၃ ခုနှစ် တွင် ၂၆၄ ဦး၊ ၂၀၁၄ ခုနှစ်တွင် ၁၂၀ ၊ ၂၀၁၅ ခုနှစ်မှ ယခုအကြိမ်အထိ ၁၇၁ ဦး ကယ်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးသူ ၁၀ ဦးကို ဖမ်းဆီး နိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ထားသည်။