တိုက်ပွဲ ဖြစ်ပွားနေသည့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) ဝမ်ဟိုင်း ဋ္ဌာနချုပ် အနီးရှိ မြို့နယ် ၃ မြို့နယ်ကို ရွေးကောက်ပွဲ ယာယီ ရပ်ဆိုင်းပေးရန် ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP) က ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြ ထားကြောင်း သိရသည်။
ရွေးကောက်ပွဲ ယာယီ ရပ်ဆိုင်ပေးရန် တောင်းဆိုထားသည့် မြို့နယ်သည် လွိုင်လင်ခရိုင် အတွင်းရှိ မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ် နှင့် လားရှိုး ခရိုင် တန့်ယန်းမြို့နယ်တို့ ဖြစ်ကြောင်း၊ စစ်ပွဲများ ပြင်းထန်းနေသဖြင့် ရွာများပျက်စီးပြီး ဒေသခံ ပြည်သူများထွက် ပြေး တိမ်းရှောင်နေရသောကြောင့် တောင်းဆိုရခြင်းဖြစ်ကြောင်းလည်း SNDP မှ ပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းမြင့်က ဧရာဝတီသို့ပြောသည်။
“ဒီလိုဖြစ်တဲ့အချိန် မြို့နယ်တွေမှာ ရွေးကောက်ပွဲလုပ်ဖို့ ခက်ခဲတဲ့နေရာတွေ ဖြစ်တယ်။ ရွေးကောက်ပွဲ ဖြစ်ရင်တောင် ဆန္ဒမဲပေးနိုင် မယ့် သူတွေ အရမ်းနည်းသွားမယ်။ ပြည်သူအများဆန္ဒ ပါဝင်နိုင်ဖို့ မရှိဘူး”ဟု ဦးစောသန်းမြင့် က ပြောပြသည်။
ရွေးကောက်ပွဲ ယာယီရပ်ဆိုင်းပြီး အခြေအနေ တည်ငြိမ်အေးချမ်းလာမှ သင့်လျော်သည့် အချိန်၌ ကြားဖြတ် ရွေးကောက်ပွဲ အဖြစ် ကျင်းပသင့်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြထားသည်ဟုလည်း ဆိုသည်။
လွိုင်လင်ခရိုင် ရွေးကောက်ပွဲ အရာရှိ ဦးထွန်းနိုင် က “ကျနော်တို့ နေပြည်တော်ကို တင်ပြထားပါတယ်။ နေပြည်တော် ရွေးကောက် ပွဲ ကော်မရှင်က ဘာမှ ပြန်မပြောသေးဘူး။ မဲရုံ အဖွဲ့ဝင်တွေကို သင်တန်းပေးဖို့ အဲ့ဒီနေရာတွေ သွားရမှာ ခက်ခဲနေတယ်။ မဲရုံ အဖွဲ့ဝင် တွေကလည်း တိုက်ပွဲဖြစ်လို့ ထွက်ပြေးနေရတယ်။ ဒါပေမယ့် ကော်မရှင် အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဆက်လုပ်သွားမှာပါ”ဟု ဧရာဝတီသို့ ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှုးမြို့နယ် အတွင်း ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) နှင့် အစိုးရတပ် အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားကာ စစ်ဘေးရှောင် ဒုက္ခသည်များ ၃ထောင်ခန့် ရှိလာကြောင်း သိရသည်။
အဆိုပါ မြို့နယ် ၃မြို့နယ် ရွေးကောက်ပွဲ ယာယီရပ်ဆိုင်းရေးနှင့်ပတ်သက်ပြီး ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က“ကျနော်တို့ဘက်ကတော့ တိုက်ပွဲဖြစ်တဲ့နေရာမှာ ရွေးကောက်ပွဲ ယာယီ ရပ်ဆိုင်းပေး ဖို့ တောင်းဆို ထားတာတွေ မရှိသေးပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာအစိုးရ နှင့် SSPP/SSA တို့အကြား အောက်တိုဘာ ၆ ရက်မှ စတင်ပြီး ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရ သည်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာထားသည်။