ရှမ်းစာမူဟောင်းသည် ဗျည်း၊ သရ၊ အသံ သင်္ကေတတို့ မပြည့်စုံသဖြင့် ဖတ်ရှုနားလည်ရန် ခက်ခဲသည်။ စာတလုံးလျှင် အဓိပ္ပာယ် ၄-၅ မျိုး ဖြစ်နိုင်၍ အသံထွက်လည်း ၄-၅ မျိုး ဖြစ်နိုင်သည်ဟု ခေတ်ပညာတတ် ရှမ်းများက ဆိုကြပါသည်။ အမှန် ဆိုသော် ရှမ်းစာမူဟောင်းသည် ရေးတတ် ဖတ်တတ်ရန် မခက်ပါ။ လေ့လာမှု အနည်းအငယ်သာ လိုပါ၏။ ရှမ်းစကားသည် Tonal Language သံစဉ်နှင့် ပြောသော ဘာသာစကား ဖြစ်၍ အသံ အနည်းငယ် ပြောင်းသည်နှင့် အဓိပ္ပာယ်ပါ ပြောင်းသွားတော့၏။
ထိုကြောင့် ရှမ်း စာမူဟောင်းကို ဖတ်တတ်ရန် (၁) ရှမ်းတယောက် ဖြစ်ရပါမည်၊ မိခင်ဘာသာစကားကို ကျွမ်းကျင်စွာပြောဆိုနိုင်ရပါမည်၊ (၂) အထက်ပါ အရည်အချင်းနှင့် ပြည့်စုံက ရှမ်းစာ ကာရန်သဘောကို ရက်အနည်းငယ် လေ့ကျင့်သည်နှင့် ရေးတတ် ဖတ်တတ် ပါသည်။
ရှမ်း တယောက်ပင် ဖြစ်သော်လည်း မူဟောင်း ရှမ်းစာကို အထင်မကြီး၊ ဖတ်တတ်ရန်လည်း မကြိုးစားလိုသူများက ရှမ်းစာသည် တိကျမှု မရှိ၍ ခက်ခဲသည်ဟု စွပ်စွဲပြောဆိုရခြင်း ဖြစ်သည်။ စဉ်းစားစရာ ရှိသည်မှာ ဤသို့တိကျမှု မရှိ၊ ဖတ်ရှုနားလည်ရန် ခက်ခဲသော စာကို ပြုစုရေးသားခြင်းဖြင့် ထင်ရှားလာသော ပညာရှိကဝိများသည် မည်သို့သော သူများ ဖြစ်သွားပါမည်နည်း။ တိကျမှု မရှိသော စာဖြင့် အကြောင်းအရာ ဘာသာရပ်ပေါင်းစုံကို သိန်းသောင်းမကသော စာလိပ်ပုရပိုက်များဖြင့် ဘာ့ကြောင့် ရေးသားပြုစုခဲ့ပါသနည်း။
တဖန် အင်္ဂလိပ်တို့ကလည်း- The Shans are book-loving people. ဟု ဘာ့ကြောင့်မှတ်ချက် ပြုခဲ့ပါသနည်း။
ခေတ်အဆက်ဆက် ရှမ်းပြည်နယ်၏ ပညာရေးသည် ဘုန်းတော်ကြီးကျောင်း ပညာရေး ဖြစ်၍ အင်္ဂလိပ် အစိုးရ အုပ်စိုးသည့် ခေတ် (၁၈၈၉-၁၉၄၇) သို့ ရောက်သောအခါ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစသည်တို့ ပြောင်းလဲ လာသဖြင့် ပညာရေးပါ ပြုပြင်ရန် လိုအပ်လာသည်ဟု ရှမ်းဖက်ဒရယ် ကောင်စီဝင် စော်ဘွားများက ဆုံးဖြတ်ခဲ့ကြ သည်။
ရှမ်းစာ မူသစ်ကို တီထွင်ရန် ၁၉၄၀ ခုနှစ် ကပင် တောင်ကြီးမြို့ ရှမ်းစော်ဘွားများကျောင်း Shan Chief’s School မှ ဆရာကြီးများ ဖြစ်သော ခွန်ပန်းလှနှင့် စဝ်ဆိုင်မိုင်း တို့သည် ရှမ်းပြည်နယ်၏ ပညာရေးအရာရှိချုပ် E.G.N. Kinch ၏ အကူအညီဖြင့် ရှမ်းစာ မူသစ်ကို တည်ထွင်ခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ် ဘာသာဗေဒ နှင့် အက္ခရာဗေဒ ပါမောက္ခ F.W.W. Rhodes ၏ အကြံပေးချက်များကိုလည်း ရယူခဲ့သည်။ မူသစ် စာလုံးပုံစံ ခဲစာလုံးများကို ရန်ကုန်မြို့ နှစ်ခြင်း ခရာဇ်ယာန် သာသနာ ပုံနှိပ်တိုက်မှ တဆင့်မှာယူ၍ တောင်ကြီးမြို့ အစိုးရ ငွေတိုက်၌ သိမ်းဆည်းထားသည်။
ဒုတိယကမ္ဘာစစ် အတွင်း ပျက်စီးခဲ့၍ စစ်ကြီးပြီးနောက် ၁၉၄၉ ခုနှစ်တွင် ဗျည်း ၁၈ လုံးသာ ရှိသော မူဟောင်းအား ဗျည်း ၂ လုံး ထပ်မံဖြည့်ပြီး ဗျည်း ၂၀၊ သရ ၁၂ လုံးနှင့် သံစဉ်သင်္ကေတ ၅ ခု ပါရှိသည့် ရှမ်းစာ မူသစ် ကျားခေါင်းစာ ကို တီထွင်သည်။ မူဟောင်း ရှမ်းစာ၌ ဗျည်း ၁၈ လုံး၊ သရ ၆ လုံး၊ အသံသင်္ကေတ ၂ လုံးကိုသာ အသုံးပြု ရေးသား သဖြင့် စာတပိုဒ်တွင် အသံထွက် နှင့်အဓိပ္ပာယ် ပေါ်စေရန် ရှေ့နောက် စာလုံးများကို မှန်းဆ၍ ဖတ်ရသောကြောင့် အလေ့အကျင့် မရှိပါက ဖတ်ရန် ခက်ခဲသော်လည်း လေ့ကျင့်မှု ရှိပါက အလွယ်တကူ ဖတ်ရှုနားလည်နိုင်ပါသည်။
လွတ်လပ်ရေး ရပြီးနောက် ရှမ်းပြည်နယ် အစိုးရက ပြန်လည် ပြုပြင်ထားသော ရှမ်းစာ မူသစ်ဖြင့် ကျောင်းများတွင် သင်ကြားရန် ဆွေးနွေးတိုင်ပင် စီမံခဲ့သော်လည်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်သည့် ၁၉၆၂-ခုနှစ် အထိ သင်ကြားနိုင်ခြင်း မရှိပေ။ ခေတ်ပြောင်း တော်လှန်ရေးကာလတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဖြစ်လာသည့် ရှမ်းဦးစီး အဖွဲ့ (၁၉၆၂-၁၉၇၄) က ကျောင်းများ၌ ရှမ်းစာ သင်ကြားရေးကို ဆက်လက် ဆောင်ရွက်ခဲ့သည်။
သို့သော် အောင်မြင်မှု မရှိခဲ့ပေ။ ထို့ကြောင့် ယနေ့တိုင် ရှမ်းပြည်နယ် ကျောင်းများ၌ ရှမ်းစာသင်ကြားနိုင်ခြင်း မရှိသည့် အဓိက အကြောင်းဖြစ်ပြီး ရရှိလာသည့် အကျိုးအပြစ်တို့ကို ဝေဖန်ဆန်းစစ်ရန် လိုအပ်သည်ဟု ထင်ပါသည်။
ရှမ်းစာ မူသစ်နှင့် မူဟောင်း ပြဿနာသည် ရှမ်းဦးစီးလက်ထက် (၁၉၆၂-၁၉၇၄) ရှမ်းစာသင်ကြားရေး စတင်ရန် စီစဉ်သည်နှင့် ပြဿနာ ဖြစ်လာတော့သည်။ ဦးစီးအဖွဲ့က ပဒေသရာဇ်တို့ ပြုစုခဲ့သော ရှမ်းစာမူသစ်ကို ပယ်ဖျက်ပြီး မူဟောင်းဖြင့် သင်ကြားရန် အဆိုပြုသည်ကို တက္ကသိုလ် ပညာတတ် ကျောင်းသားများက လက်မခံနိုင်။ ခေတ် အဆက်ဆက် စာပေသမိုင်းများကို ပြန်ကြည့်ပါက မည်သည့် စာပေမဆို၊ ခေတ်အလိုက် ပြုပြင်ပြောင်းလဲ လာခဲ့ရ ပါသည်။
ရှမ်းစာ မူဟောင်း ဆိုသည်မှာလည်း မူလရှမ်းစာမှ စာလုံးသဏ္ဍာန်မှ အစ ရေးထုံးပါ များစွာ ပြောင်းလဲခဲ့ပြီး၊ ကုန်းဘောင်ခေတ် (၁၇၅၂-၁၈၈၅) ရှမ်းစာနှင့်၊ ရှမ်းပဒေသရာဇ် ကောင်စီခေတ်၊ (၁၉၂၂-၁၉၄၇) ရှမ်းစာ ရေးထုံးများ ကွာခြားလာ ပါသည်။ ထိုမှ ၁၉၆၀ ခုနှစ် အထိ ရှမ်းစာရေးထုံးသည် များစွာ ပြောင်းလဲလာခဲ့သည်။ ခေတ်အလိုက် စာပေ တိုးတက်ပြောင်းလဲ လာခြင်းကို လက်မခံ၍ မရပါ။ သို့သော် မြန်မာ့နိုင်ငံရေး၏ မူဝါဒကြောင့် ပဒေသရာဇ်တို့ တီထွင်ခဲ့သည့် ရှမ်းစာ မူသစ်ဖြင့် သင်ကြားရေးကို လက်မခံနိုင်၍ ရှမ်းစာမူဟောင်းဖြင့်သင်ကြားရန် အဆိုပြုသည်ကို တက္ကသိုလ် ကျောင်းသား ကိုယ်စားလှယ်များက လက်မခံခဲ့သည်မှာ ဝမ်းနည်းဖွယ်ရာ ဖြစ်ပါသည်။ လက်ရှိ အာဏာပိုင် အဖွဲ့ကို ဆန့်ကျင်၍ မရကြောင်း၊ အကျိုးထက် အပြစ်သာ ပိုများမည် ဖြစ်ကြောင်း ဂရုမပြုကြသည်မှာ နားလည်ရ ခက်ပါသည်။
ရှမ်းပြည်နယ် ကျောင်းများ၌ ရှမ်းစာ သင်ကြားရေးကိစ္စကို ဇန်နဝါရီ ၁၃-၁၅၊ ၁၉၆၉ နေ့တွင် တောင်ကြီးမြို့၌ ကျင်းပခဲ့သော ရှမ်းစာပေညီလာခံကြီးက အဆုံးအဖြတ် ပေးခဲ့ပါသည်။ ညီလာခံ အစည်းအဝေး အဖွင့်မိန့်ခွန်း၌ ရှမ်းဦးစီး အဖွဲ့ဝင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက မြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီအစိုးရ၏ မူဝါဒကို ချပြပြောဆိုရာ၌-
အပိုဒ်(၂)တွင် – တိုင်းရင်းသား လူမျိုးများသည် မိမိတို့၏ ဘာသာစာပေ ယဉ်ကျေးမှု ဓလေ့ထုံးစံကို ထိန်းသိမ်းရမည်။ ထိုသို့ ဆောင်ရွက်ရာ၌ တိုင်းရင်းသား အားလုံး၏ ချစ်ကြည်ရင်းနှီးမှုကို မထိခိုက်စေရ ဟုလည်းကောင်း၊
အပိုဒ်(၃)တွင် – တိုင်းရင်းသားများသည် မြန်မာစာ၊ မြန်မာစကားကိုသာ မက မိမိတို့၏ စာပေနှင့် စကားကိုပါ သင်ကြား ခွင့် ရရန် မြန်မာနိုင်ငံအစိုးရ၌ တာဝန်ရှိပါသည်။ အစိုးရကလည်း တိုင်းရင်းသား စာကို သက်ဆိုင်ရာ ဒေသများ၌ မူလတန်း အထိ သင်ကြားခွင့်ပြုပါသည် ဟုလည်းကောင်း ပြောခဲ့ရာ ရှမ်းပြည်နယ်၌ ရှမ်းစာသင်ကြားခြင်းကို ထိုစဉ်က ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင် စီအစိုးရက ခွင့်ပြုပါကြောင်းအတိအလင်းကြေငြာခဲ့ခြင်း ဖြစ်သည်။
ရှမ်းပြည်နယ် ဦးစီးအဖွဲ့ကလည်း ကျောင်းများတွင် ရှမ်းစာမူဟောင်းနှင့် သင်ရန် စီစဉ်သည်ကို တက္ကသိုလ် ကျောင်းသား ကိုယ်စားလှယ်များက လုံးဝ လက်မခံဘဲ အစည်းအဝေးမှ သပိတ်မှောက် ထွက်ခွာခဲ့ကြပါသည်။ ရှမ်းဦးစီး အဖွဲ့သည် တက္ကသိုလ်ကျောင်းသား ကိုယ်စားလှယ်များ ကန့်ကွက်သည်ကို အလေးအနက်ထား၍ ရှမ်းစာ မူဟောင်းဖြင့် သင်ကြားရေး အစီအစဉ်ကို ရပ်ဆိုင်းခဲ့ပြီး ရှမ်းစာမူသစ်ကိုလည်း လက်ခံခြင်း မပြုခဲ့။ အမှန်ဆိုသော် ဦးစီးအဖွဲ့သည် ပြည်နယ်၏ အာဏာပိုင် အစိုးရအဖွဲ့ဖြစ်ပြီး အဘယ့်ကြောင့် အစိုးရအဖွဲ့၏ စီမံကိန်း ရှမ်းစာမူဟောင်းဖြင့် သင်ကြားရေး ကို အကောင်အထည် မဖော်နိုင်သနည်း ဆိုသည်မှာ ယနေ့တိုင် အဖြေ မထွက်ပါ။
တဆင့် ပြန်ကြားရသည်မှာ စာပေညီလာခံ စသည့် ၁၉၆၉ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်နေ့တွင် ညီလာခံသို့ ရောက်လာသော ရှမ်းဦးစီး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းအေးအား ပရိသတ်များနှင့် သတင်းထောက်များက ကြိုဆို နေကြ၏။ ဦးထွန်းအေးက ညီလာခံ ခန်းမထဲသို့ မဝင်ခင် အပေါက်ဝ၌ စောင့်နေကြသော ရှမ်းပရိသတ်များအား-
“ကျုပ်က ကျောင်းတွေမှာ ရှမ်းစာသင်ကြားဖို့ အတွက် ဒီစာပေညီလာခံကြီးကိုခေါ်တာ၊ တကယ်လို့ ရှမ်းစာ မသင်ရရင်၊ ကျုပ်အပြစ်လို့ မပြောနဲ့” ဟု ပြောခဲ့ကြောင်း ကြားသိရပါသည်။ ထို့အပြင် တက္ကသိုလ်ကျောင်းသား ကိုယ်စားလှယ်များ အစည်းအဝေးကို သပိတ်မှောက် ထွက်သွားပြီးနောက် ဦးထွန်းအေးက စိတ်ပျက်စွာဖြင့် – “ပိုက်ဆံအကုန်ခံ၊ အချိန် အကုန်ခံပြီး ရှမ်းစာသင်ကြားရေး အတွက် ညီလာခံကြီးကို ကျင်းပလိုက်တာ အခုတော့ ဘာအကျိုးမှ မရှိဘူး” ဟု ညည်းညူ ပါကြောင်း၊ နှစ်ဖက် မညှိနှိုင်းနိုင်ကြသဖြင့် ပဒေသရာဇ် လက်ထက်က ပြုစုခဲ့သော ရှမ်းစာ မူသစ်ကို တရားဝင် သင်ကြားခွင့် မရှိ။ မူဟောင်း ရှမ်းစာကိုလည်း ပစ်ပယ်လိုက် သကဲ့သို့ ဖြစ်သွားရပါတော့သည်။
ပဒေသရာဇ် ရှမ်းကောင်စီခေတ် (၁၉၂၂-၁၉၄၇) က စော်ဘွားများ ကျားခေါင်းစာခေါ် ရှမ်းစာမူသစ်ကို ပြုစုရသည့် အကြောင်းရင်းကို ရှမ်းစာ အမျိုးပေါင်းစုံ တတ်ကျွမ်းသော ပင်လုံမြို့ ရှမ်းပိဋိကတ်တိုက်၊ တိုက်အုပ် ဆရာတော်ကြီး၊ ဥူးဉာဏသမ္ဘာရအား လွန်ခဲ့သော နှစ်ပေါင်း ၁၅ နှစ်ခန့်က ကျနော် ဖူးမျှော် တွေ့ဆုံ မေးမြန်း လျှောက်ထားခဲ့ပါသည်။ ထိုစဉ်က ဆရာတော်သည် သက်တော် ရှစ်ဆယ်ကျော် ရှိပြီး၊ ယခု ပျံလွန်တော်မူသွားပါပြီ။ ဆရာတော်က ကျနော့်အား ရှင်းပြရာ၌ –
စော်ဘွား တော်တော်များများ ရှမ်းစာ မတတ်ကြဘူး၊ တချို့ဆိုရင် ရှမ်းစကားတောင် ကောင်းကောင်း မပြောတတ်ဘူး ဟု ပြောပါသည်။ ဆရာတော်မိန့် ကြားသည်မှာ မှန်ပါသည်။ စော်ဘွားများသည် ငယ်စဉ်က ဘုန်းတော်ကြီးကျောင်း တွင် မနေ၊ အင်္ဂလိပ်စာ သင်ကျောင်းများတွင် သင်ကြားခဲ့သဖြင့် ရှမ်းစာမတတ်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ၎င်းတို့က ရှမ်းစာကို ပြုပြင်လိုခြင်း ဖြစ်ပေလိမ့်မည်။
ရှမ်းစာ မူဟောင်း၏ မူရင်းဇစ်မြစ်သည် မောရှမ်းတို့၏ ပဲပင်ပေါက်စာမှ ဆင်းသက်လာခြင်း ဖြစ်၍ ခန္တီးစာ၊ အိန္ဒိယနိုင်ငံ အဟုံရှမ်းစာ၊ မြောက်ပိုင်း ဗီယက်နမ်နိုင်ငံရှိ Tai Dam ခေါ် ရှမ်းနက်တို့၏ စာသည်လည်း မောရှမ်းစာမှ ဆင်းသက်လာ ခြင်း ဖြစ်သည်။ မူဟောင်း ရှမ်းစာကို ကျွမ်းကျင်စွာ ဖတ်နိုင်သူသည် ခန္တီးစာ၊ အဟုံရှမ်းစာ၊ ဗီယက်နမ် ရှမ်းစာကိုလည်း ဖတ်နိုင်သည်။
ဆရာတော် ဥူးဉာဏသမ္ဘာရသည် ရှမ်းစာပေါင်းစုံကို ကျွမ်းကျင်သူ ဖြစ်၍ အထက်ပါ စာအားလုံးကို ဖတ်နိုင်သည်။ နောက်တယောက်မှာ ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့မှ ရှမ်းစာရေးဆရာကြီး ဦးဆန်ဆာ ဖြစ်ပါသည်။ ၎င်းသည်လည်း မူဟောင်းရှမ်းစာကို ကျွမ်းကျင်သဖြင့် မောရှမ်းစာ၊ ခန္တီးစာတို့ကို ကောင်းစွာ ဖတ်နိုင်သည်။ မောရှမ်းစာမှ ဆင်းသက် လာသော ရှမ်းစာ မူဟောင်း၏ တန်ဖိုးဖြစ်ပါသည်။
ကျနော် ထိုင်းနိုင်ငံ ချူလာလောင်ကွန် တက္ကသိုလ် အာရှသုတေသနဌာန၌ အလုပ် လုပ်စဉ် ဗီယက်နမ်နိုင်ငံ ဟနွိုင် တိုင်းရင်းသား တက္ကသိုလ်မှ Tai Dam ခေါ် ရှမ်းနက်လူမျိုး ပါမောက္ခ ငုယင်ကမ်ကျောင်နှင့် ဆုံခဲ့ဖူးပါသည်။ တွေ့စ ပထမ တရက်၊ နှစ်ရက်တွင် စကားပြောဆိုရာ၌ အနည်းငယ် အခက်အခဲ ရှိသော်လည်း နောက်ပိုင်းတွင် ၎င်း၏ ရှမ်းနက် ဘာသာစကားကို မြန်မာပြည်သား ရှမ်းဖြစ်သော ကျနော် ကောင်းမွန်စွာ နားလည်၍ အဆင်ပြေစွာ ပြောဆို ဆက်ဆံနိုင်ခဲ့ပါသည်။
ပါမောက္ခ ငုယင်ကမ်ကျောင်က ပြောပြသည်မှာ ဗီယက်နမ်နိုင်ငံ ပြင်သစ်လက်အောက်၌ ရှိစဉ် တော်လှန်ရေး ခေါင်းဆောင် ဟိုချီမင်းသည် မြောက်ပိုင်း ဗီယက်နမ် ရှမ်းနက်တို့ နေထိုင်ရာ ဒေသသို့ ရောက်ရှိလာသည်။ မောရှမ်းမှ ဆင်းသက် လာသော ရှမ်းနက်တို့၏ စာကို တွေ့ရှိသဖြင့် ဟိုချီမင်းက ဤစာ ပေါ်ပေါက်လာသော အကြောင်းကို မေးပြီး၊ အလွန် တန်ဖိုးကြီးမား၍ မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ ညွှန်ကြားခဲ့သည်ဟု ဆို၏။
ယခုတိုင် မြောက်ပိုင်း ဗီယက်နမ်ရှိ ရှမ်းနက်တို့သည် ထိုစာကိုပင် အသုံးပြုဆဲ ဖြစ်ပါသည်။ ဗီယက်နမ်လူမျိုးတို့၏ မူရင်း စာသည် တရုတ်စာမှ ဆင်းသက်လာပြီး ပျောက်ကွယ်သွားသဖြင့် ရောမ အက္ခရာကို အသုံးပြု၍ အသစ်တီထွင်ထားရ ပါသည်။
ရှမ်းလူမျိုးတို့၏ သမိုင်းစဉ် အဆက်ဆက် ဘာသာ၊ သာသနာ၊ စာပေယဉ်ကျေးမှု ဓလေ့ထုံးစံများကို စာလိပ်နှင့် ပုရပိုက်များ ပေါ်တွင် ရေးသားသည့် အကြောင်းအရာများမှာ ကမ္မဋ္ဌာန်းတရား၊ အဘိဓမ္မာနှင့်သင်္ဂြိုဟ်များ၊ ဓမ္မပဒ၊ လောကဓံ ရှစ်ပါး၊ အနိစ္စလက္ခဏာကျမ်းများ၊ ပဋိကတ်သုံးပုံ၊ ဝါဝင် ဝါထွက် ကျင့်ကြံရသည့် ကျင့်စဉ်များ၊ စေတီဘုရား သမိုင်းများ၊ ဓမ္မသတ် ကျမ်းများ၊ ဇာတ်တော် (၅၅၀) ဝတ္ထုကြီးများ၊ ရာမလက္ခဏာ လင်္ကာ၊ ဆေးကျမ်း၊ ရှမ်းသက္ကရာဇ် စဉ်၊ ရှမ်းမင်းဆက် သမိုင်း၊ မြို့ရွာသမိုင်းများ၊ အင်း၊ ဂါထာ၊ စကားပုံဆိုရိုးစကားနှင့် သင်္ကြန်စာ၊ လူငယ်သဘာဝ မေတ္တာစာနှင့် ဝတ္ထုများ၊ ရသစာပေများ စသည်ဖြင့် အကြောင်းခြင်းရာ ပေါင်းစုံရေးသားခဲ့ပါသည်။
စာပေပြုစု ရေးသားခြင်း၊ ပြန်လည် ကူးယူခြင်း၊ အခါကြီးရက်ကြီးနေ့များ၊ အလှူမင်္ဂလာပွဲများ၊ နာရေး၊ အိမ်တက်မင်္ဂလာ စသည့် ကိစ္စရပ်များ၌ အခမ်းအနား ကျင်းပပြီး၊ ရှမ်းပြည် ရပ်ရွာတိုင်း၌ စာဖတ်ပွဲ ကျင်းပခဲ့သည်မှာလည်း ရှမ်းတို့၏ ယဉ်ကျေးမှုကြီး ဖြစ်၍ သားစဉ်မြေးဆက် ထိန်းသိမ်းထားခဲ့ကြပါသည်။ ထို့ကြောင့် ရှမ်းပြည်ရောက်စ အင်္ဂလိပ်တို့က ရှမ်းပြည်နယ် တဝှမ်းလုံး၌ ရှမ်းစာလိပ်၊ ပုရပိုက်များကို အံ့မခန်း မြောက်များစွာ မြင်တွေ့ခဲ့ကြသဖြင့် – The Shans are book-loving people. ဟု မှတ်ချက်ချခဲ့ ပါသည်။ ဤစာများကို ရှမ်းတို့၏မူလစာပေ ရှမ်းစာ မူဟောင်းဖြင့် ရေးသား ပြုစုခဲ့ခြင်း ဖြစ်သည်။
ပုရပိုက်နှင့် စာလိပ်များ ပေါ်တွင် သမိုင်းစဉ် အဆက်ဆက် ဘာသာ၊ သာသနာ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို မှတ်တမ်း တင်ထားသော ရှမ်းစာမူဟောင်းကို တက္ကသိုလ် ကျောင်းသား ကိုယ်စား လှယ်များ၏ ကန့်ကွက်မှုကြောင့် ကျောင်းများ၌ သင်ကြားခြင်း မပြုနိုင်ခဲ့။
သို့သော် ‘မ’ ၅ လုံး သင်တန်းများကြောင့် ရှမ်းစာ မူသစ်သည် ရှမ်းပြည်တလွှား၌ ပျံ့နှံ့လာခဲ့ပြီး ရှမ်းစာ မူဟောင်းမှာ တဖြေးဖြေး တိမ်မြုပ်သွားခဲ့ရသည်။ ရှမ်းပြည်မြို့နယ်များ၌ပင် သက်ကြီး ရွယ်အို မဟုတ်ပါက ရှမ်းစာ မူဟောင်းကို ဖတ်နိုင်သူ မရှိတော့ပါ။ စာပေညီလာခံ၌ ရဟန်းသံဃာတော် ကိုယ်စားလှယ်များက ဥပမာပေး၍ အဆိုပြုခဲ့သည်မှာ မြန်မာပြည်မ၌ မြန်မာ သင်ပုန်းကြီးစာကို ဘုန်းတော်ကြီး ကျောင်းများ၌ သင်ပြီး ခေတ်သစ်မြန်မာစာကို လောကီ ကျောင်းများ၌ သင်ကြားရာ မည်သည့် ပြဿနာမှ မရှိပါကြောင်း၊ ထို့ကြောင့် ရှမ်းစာမူသစ်နှင့် မူဟောင်း နှစ်မျိုးစလုံးကို လက်ခံရန် မိန့်ကြားခဲ့သည်ကို အလေး မထားခဲ့ကြ၍၊ ရှမ်းစာ မူဟောင်းသည် ရှမ်းသံဃာ စာသင်တိုက်များ၌ပင် အသုံး မပြုတော့ပါ။ မျိုးဆက်သစ် ရှမ်းများသည်လည်း ရှမ်းစာမူဟောင်းကို မတတ်ကြတော့ပါ။
ရှမ်းစာ မူဟောင်း တိမ်မြုပ် သွားပါက ခေတ်အဆက်ဆက်က ပြုစု ရေးသားခဲ့သော ရှမ်းတို့၏ ဘာသာ၊ သာသနာ ယုံကြည်ကိုးကွယ်မှု၊ လူမှုရေး၊ ဓလေ့ထုံးစံ စသည့် ဘိုးဘွား အမွေအနှစ်များသည်လည်း ဆုံးရှုံးရပေလိမ့်မည်။ အလွန် ကြီးမားသော သမိုင်း တန်ဖိုးကို ပေးဆပ်ရ ပါမည်။
ယနေ့တိုင် ကျောင်းများ၌ ရှမ်းစာကို တရားဝင်သင်ကြားခွင့် မရခြင်းသည် မည်သူ့တွင် တာဝန်ရှိပါ သနည်း၊ ရှမ်းစာပေ ပြန်လည်သင်ကြားရေး မည်သို့ လုပ်ဆောင်သင့်ပါသနည်း၊ ရှမ်းတို့၏ အစဉ်အလာကောင်းကို စောင့်ထိန်းဖို့ မည်သို့ လုပ်ဆောင် သင့်ပါသနည်း။
ယင်း မေးခွန်းများ၏ အဖြေကို ရှမ်းတိုင်ရင်းသားတို့ ကိုယ်တိုင် ဖြေဆိုရမည် ဖြစ်ပါ ကြောင်း။ ။
ရှမ်းစာပေ သင်ကြားရေး ပြဿနာများ ဆောင်းပါး ၁၊ ၂၊ ၃၊ ၄ အတွက် ကျမ်းကိုးစာရင်း
ရှမ်းစာ သင်ကြားရေးနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အစိုးရ၏ မှတ်တမ်းဖိုင်တွဲများ-
၁။ ဖိုင်တွဲအမှတ်၊ ရပနအစရ၊ အခရဌာန၊ အမှတ် ၃၈၅၊ ရပ(ခ) ၅၃
၂။ ဖိုင်တွဲအမှတ်၊ ရပနအစရ၊ အခရဌာန၊ အမှတ် ၉၇၊ ရပ(ခ) ၅၆
၃။ ဖိုင်တွဲအမှတ်၊ ရပနအစရ၊ အခရဌာန၊ အမှတ် ၂၉၁၊ ရပ(ခ) ၅၉
၄။ ဖိုင်တွဲအမှတ်၊ ရပနအစရ၊ အခရဌာန၊ အမှတ် ၂၇၆၊ ရပ(ခ) ၅၉
၅။ ဖိုင်တွဲအမှတ်၊ ရပနအစရ၊ အခရဌာန၊ အမှတ် ၂၇၆၊ ရပ(ခ) ၅၃(၆၂)
၆။ ဖိုင်တွဲအမှတ်၊ ရပနအစရ၊ အခရဌာန၊ အမှတ် ၃၅၉၊ ရှမ်းပြည်ပြည်သူ့ကောင်စီ၊ တောင်ကြီး
၇။ ဖိုင်တွဲအမှတ်၊ ရပနအစရ၊ အခရဌာန၊ အမှတ် ၉၊ ရပ(ခ) ၅၆
၈။ ဖိုင်တွဲအမှတ်၊ ရပနအစရ၊ အခရဌာန၊ အမှတ် ၁၂၄၊ ရပ(ခ) ၅၇
၉။ ဖိုင်တွဲအမှတ်၊ ရပနအစရ၊ အခရဌာန၊ အမှတ် ၃၈၅၊ ရပ(ခ) ၆၃
၁၀။ ဖိုင်တွဲအမှတ်၊ ရပနအစရ၊ အခရဌာန၊ အမှတ် ၂၅၊ ရပ(ခ) ၅၉
၁၁။ ဖိုင်တွဲအမှတ်၊ ရှမ်းပြည်ပြည်သူ့ကောင်စီ၊ အမှတ် ၆၊ ရပ(ခ) ၆၈
၁၂။ ဖိုင်တွဲအမှတ်၊ ရှမ်းပြည်ပြည်သူ့ကောင်စီ၊ အခရ၊ အမှတ် ၆၊ ရပ(ခ) ၆၈
၁၃။ ရှမ်းစာရေးထုံးညီလာခံမှတ်တမ်း-၁၉၆၉၊ ရှမ်းပြည်နယ်အစိုးရမော်ကွန်းဌာန၊
၁၄။ ရှမ်းစာရေးထုံးကော်မရှင်၏ ပြည်သူ့ကောင်စီသို့ တင်သွင်းသော အစီရင်ခံစာ၊ လက်နှိပ်စက်မူ ၁၉၇၇။
၁၅။ ရှမ်းစာရေးထုံးကော်မရှင်က တင်သွင်းသောအစီရင်ခံစာ၊ လက်နှိပ်စက်မူ ၁၉၇၁၊
၁၆။ ရှမ်းစာရေးထုံးမူ၊ လက်နှိပ်စက်မူ၊ ရှမ်းပြည်နယ်ပြည်သူ့ကောင်စီ၊ တောင်ကြီး၊ ၁၉၈၀။
၁၇။ သာမြတ်၊ မြန်မာအက္ခရာ၊ ထေရုပ္ပတ္တိ၊ စာပေဗိမာန်ပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၇၄။
၁၈။ သာမြတ်၊ မွန်မြန်မာအက္ခရာ၊ သမိုင်း၊ ရန်ကုန်၊ ၁၉၅၆။
၁၉။ ခင်မောင်လုံ၊ ရှမ်းစာပေရေးသားထုတ်ဝေခြင်း၊ လက်ရေးမူ၊ ရှမ်းပြည်နယ်ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်ကိုယ်ပိုင်မူ။
၂၀။ ကျော်လှိုင်၊ ရှမ်းစက္ကူ သို့မဟုတ် မိုင်းကိုင်စက္ကူ၊ ရှမ်းပြည်နယ်ယဉ်ကျေးမှုစာစောင်အတွဲ(၁)၊ အမှတ်(၁)၊ တောင်ကြီး၊ ၁၉၆၁။
၂၁။ ခွန်မဟာ၊ ရှမ်းစာဆိုတော်ကြီး (၆)ဦး၏ ထေရုပ္ပတ္တိ (ရှမ်းဘာသာဖြင့်)၊ ဘဝစာပေ၊ ရန်ကုန်၊ ၁၉၇၀။
အင်္ဂလိပ်စာအုပ်များ
1. Cochrane, W. W. “A Guide to the Study of Shan,” JBRS II, i June 1911.
2. Cochrane W. W., Taw Seinko. ‘The Origin of the Ahoms (1), Notes and Review, JBRS, vol. iv, pt. I, April 1914.
3. Cochrane, W. W. The Shans I Superintendent, Goverment Printing, Rangon, 1915.
4. Grierson, G. A. “The History of Tai and Their Languages,” The Tai Khamtis of North East India, second revised and enlarged edition, New Delhi, 1990.
5. Grierson, G.A. “The Tai Language; A General Discussion,” Linguistic Survey of India, vol. II, 1904.
6. Milne, Leslie; Shans at Home, London, John Murry, 1910
7. Scott, J.G. and Hardiman; Gazetter of Upper Burma and Shan States, Pt. I, Vol. i, Superintendent Government Printing, Rangoon, 1900.
8. Luce, G. H. “The Advent of Buddhism to Burma” ‘Buddhist Studies in Honour of I. B. Horner Dordrecht-Hollard, D. Reidal, 1974.
9. Sai Kam Mong “The History and Development of Shan Scripts”. Silkworm Books, Ching Mai. 2006